လက်ပံတောင်း ကြေးနီ စီမံကိန်း မှတ်တမ်း ရုပ်ရှင်အား ပြသခွင့် ပိတ်ပင်ရန် တရုတ်၏ တောင်းဆိုမှု ထိုင်း ပယ်ချ

by Hla Soewai - Jul 19 2026

ထိုင်းအစိုးရအနေဖြင့် မြန်မာရှိ တရုတ်ကျောထောက်နောက်ခံပြု ကြေးနီမိုင်းလုပ်ငန်း၏ လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ဖော်ပြထားသည့် မှတ်တမ်းရုပ်ရှင်ကို ပြသခြင်းအား ပိတ်ပင်ပေးရန် တရုတ်သံရုံး၏ ပြောင်ပြောင်တင်းတင်း တောင်းဆိုလာမှုကို ပယ်ချလိုက်ကြောင်း သတင်းများအရ သိရသည်။

 

အဆိုပါမှတ်တမ်းရုပ်ရှင်မှာ "Blood Copper" ဖြစ်ပြီး၊ ထိုင်းနိုင်ငံခြားသတင်းထောက်များအသင်း (FCCT) တွင် စတင် ပြသခဲ့ရာမှ နှစ်နိုင်ငံ အကြား သံတမန်‌ ရေး အရ ထိတ်တိုက် တွေ့လာခဲ့ရခြင်း ဖြစ်သည်။ ဤရုပ်ရှင်သည် စစ်ကိုင်းတိုင်းရှိ လက်ပံတောင်းကြေးနီစီမံကိန်းနှင့် ပတ်သက်၍ မြန်မာစစ်တပ်နှင့် တရုတ်နိုင်ငံပိုင် ကုမ္ပဏီများအကြား ပူးပေါင်းဆောင်ရွက်မှု၊ ဒေသခံများ၏ မြေယာဆုံးရှုံးမှုနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာ ကိစ္စရပ်များကို ဖော်ထုတ်ထားခြင်းဖြစ်သည်။

 

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံမြောက်ပိုင်း၌ မြန်မာနိုင်ငံဘက်မှ တရုတ်ကျောထောက်နောက်ခံပြု သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် ဖြစ်ပေါ်လာသည့် ရေထုညစ်ညမ်းမှုပြဿနာများနှင့် ပတ်သက်၍ ထိုင်းပြည်သူများနှင့် အရပ်ဘက်အဖွဲ့အစည်းများက တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ရုံးရှေ့တွင် ဆန္ဒပြမှုများ ပိုမိုမြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

 

အဆိုပါ ၂၅ မိနစ်ကြာ မှတ်တမ်းရုပ်ရှင်ကို ဒီဗီဘီ နှင့် Myanmar Witness တို့ ပူးပေါင်းထုတ်လုပ်ထားခြင်းဖြစ်ပြီး၊ စစ်ကိုင်းတိုင်းအတွင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တိုးချဲ့နိုင်ရန်အတွက် မြန်မာစစ်တပ်က ကျေးရွာများကို အကြမ်းဖက် နယ်မြေရှင်းလင်းခဲ့ပုံကို Open-source intelligence (OSINT) နည်းပညာသုံး၍ အသေးစိတ် ဖော်ပြထားသည်။

 

သတင်းရင်းမြစ်များ၏အဆိုအရ၊ တရုတ်သံရုံးက အဆိုပါပွဲကို ဖျက်သိမ်းပေးရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနထံ တိုက်ရိုက်ဖိအားပေးခဲ့သည်။ သို့သော် ထိုင်းအစိုးရက ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ ခွင့်ပြုခဲ့သည့်အတွက် မှတ်တမ်းရုပ်ရှင်ပြသခြင်းနှင့် ဆွေးနွေးပွဲကို ပုံမှန်အတိုင်း ဆက်လက်ကျင်းပနိုင်ခဲ့သည်။

 

ထိုင်းနိုင်ငံ၏ ထင်ရှားသောသတင်းထောက်တဦးဖြစ်သည့် Khaosod English ၏ အကြီးတန်းသတင်းထောက် Pravit Rojanaphruk က ဤဖြစ်ရပ်ကို အတည်ပြုခဲ့ပြီး၊ ထိုင်းအရာရှိများ၏ "နောက်ကွယ်မှ လုပ်ဆောင်ခဲ့သော" ရဲရင့်သည့်လုပ်ရပ်အဖြစ် မှတ်ချက်ပြုခဲ့သည်။

 

တရုတ် အစိုးရ၏ လုပ်ရပ်သည် ထိုင်း နိုင်ငံ၏ သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပေါ် ဆက်လက်ခြိမ်းခြောက်နေခြင်း ဖြစ်ပြီး၊ ၎င်းတို့ ပုံစံအတိုင်း အတင်းအကျပ် သွတ်သွင်းဖို့ ကြိုးပမ်းလာနေသည်ကို ပြတ်ပြတ်သားသား သတိပေးလိုက်သည့် သင်ခန်းစာတခု ဖြစ်သည်ဟု ဆိုသည်။

 

Asia Human Rights and Labor Advocates (AHRLA) ၏ ဒါရိုက်တာနှင့် ထိုင်းနိုင်ငံခြားသတင်းထောက်များအသင်း (FCCT) ၏ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ Phil Robertson က တရုတ်သံရုံး၏ လုပ်ရပ်ကို "ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို လုံးဝဂရုမစိုက်ဘဲ နိုင်ငံ ဖြတ်ကျော် ဆင်ဆာဖြတ်တောက်မှုနဲ့ ဖိနှိပ်မှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတဲ့ လှုပ်ရှားမှု အဖြစ်" ဝေဖန်ပြောကြားခဲ့သည်။

 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (UMEHL) နှင့် တရုတ်နိုင်ငံပိုင် ကာကွယ်ရေးကော်ပိုရေးရှင်း Norinco ၏ လုပ်ငန်းခွဲဖြစ်သော ဝမ်ပေါင် ကုမ္ပဏီတို့၏ ဖက်စပ်လုပ်ငန်းဖြစ်သည်။

 

ဒေသခံများသည် မြေယာသိမ်းဆည်းမှုနှင့် ပြင်းထန်သော ပတ်ဝန်းကျင်ညစ်ညမ်းမှုများအတွက် နှစ်ပေါင်းများစွာကြာအောင် အကြီးအကျယ် ဆန္ဒပြခဲ့ကြသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယင်းဒေသသည် ပြင်းထန်သော ပဋိပက္ခဇုန်တစ်ခု ဖြစ်လာခဲ့သည်။

 

"Blood Copper" (သွေးစွန်းသောကြေးနီ) မှတ်တမ်းရုပ်ရှင်သည် ဂြိုဟ်တုဓာတ်ပုံများ၊ တည်နေရာအတည်ပြုချက်များနှင့် မြေပြင်ရှိ ပြည်သူများက အသက်အန္တရာယ်ကြားမှ စုဆောင်းရရှိထားသည့် ဒစ်ဂျစ်တယ်အထောက်အထားများကို အသုံးပြုထားသည်။ အဆိုပါရုပ်ရှင်၏ OSINT (Open-source intelligence) ခွဲခြမ်းစိတ်ဖြာချက်အရ မိုင်းတွင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုင်းတွင်းဧရိယာကို တိုးချဲ့နိုင်ရန်အတွက် ပတ်ဝန်းကျင်ရှိ ကျေးရွာများကို စနစ်တကျ တိုက်ခိုက်နေကြောင်း သက်သေပြထားသည်။

 

ယင်းမိုင်းတွင်းသည် တလလျှင် ဒေါ်လာသန်းပေါင်းများစွာ ဝင်ငွေရရှိနေပြီး၊ ထိုအမြတ်ငွေများသည် တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်နေသည့် စစ်တပ်၏ စစ်စရိတ် ဖြစ်လာ နေကြောင်း လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြပြောဆိုကြသည်

 

Blood Copper" မှတ်တမ်းရုပ်ရှင်၏ ဒါရိုက်တာ Jude Foster က ဘီဂျင်း အစိုးရအနေဖြင့် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများတွင် တရုတ်နိုင်ငံပိုင် လုပ်ငန်းများ ပါဝင်ပတ်သက်နေမှုအား ယဉ်ကျေးသော လူ့အသိုက် အဝန်း ရှေ့ ချပြမည်ကို လွန်စွာ မှ မခံမရပ်နိုင် ဖြစ်နေသည်ကို ဖော်ပြလိုက်ခြင်းသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

 

ထိုစီမံကိန်းဧရိယာ အတွင်းရှိ ကျေးရွာပေါင်းများစွာမှ ဒေသခံများ၏ ဘိုးဘွားပိုင်လယ်ယာမြေများကို အတင်းအဓမ္မ သိမ်းဆည်းခံခဲ့ရသည်။ တောင်သူ များမှာ မိရိုးဖလာ အသက်မွေးဝမ်းကျောင်းဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ခွင့်မရှိတော့ဘဲ စားဝတ်နေရေးအတွက် အကြီးအကျယ် အခက်အခဲ ကြုံတွေ့ခဲ့ကြရသည်။

 

မြေယာများအတွက် ပေးအပ်သော လျော်ကြေးငွေမှာ လုံလောက်မှုမရှိသည့်အပြင် တရားမျှတမှုလည်း မရှိကြောင်း ဒေသခံများက အစဉ်တစိုက် ဝေဖန်ခဲ့ကြသည်။

 

 မိုင်းတူးဖော်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကြောင့် အနီးနားရှိ ချောင်းရေများ၊ စိုက်ပျိုးရေများ အဆိပ်သင့်ခြင်းနှင့် မြေဆီလွှာများ လည်း ပျက်စီးကုန်သည်။

 

စီမံကိန်းမှ ထွက်ရှိလာသည့် ဖုန်မှုန့်များ၊ အဆိပ်သင့်ဓာတုပစ္စည်းများကြောင့် ဒေသခံများတွင် အရေပြားရောဂါများ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် ကလေးငယ်များ၏ ကျန်းမာရေး ထိခိုက်မှုများ ပိုမိုများပြားလာသည်။

 

ဓာတုအငွေ့များနှင့် ဖုန်မှုန့်များကြောင့် ဒေသခံများ၏ သီးနှံပင်များ ပျက်စီးပြီး အထွက်နှုန်း ကျဆင်းမှုများ ကြုံတွေ့နေရသည်။

 

စီမံကိန်းကို ကန့်ကွက်ဆန္ဒပြသည့် ဒေသခံများနှင့် သံဃာတော်များကို ၂၀၁၂ ခုနှစ်က ဗိုလ်သိန်းစိန် အစိုးရမှ မီးလောင်ဗုံးဖြင့် အကြမ်းဖက် ဖြိုခွင်းမှုသည် လူ့အခွင့်အရေးချိုးဖောက်မှု၏ အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

 

စီမံကိန်းကို ဆန့်ကျင်ပြောဆိုသူများမှာ ဒေသခံအာဏာပိုင်များ၊ ကုမ္ပဏီလုံခြုံရေးများ၏ ခြိမ်းခြောက်မှုနှင့် စောင့်ကြည့်ခံရမှုများကို ရင်ဆိုင်နေရသည်။

 

၂၀၂၁ အာဏာသိမ်းပြီး နောက်တွင် စီမံကိန်းဧရိယာသည် စစ်အုပ်စုတပ်ဖွဲ့များ တပ်စွဲရာနေရာ ဖြစ်လာခဲ့သည်။ ယင်းကြောင့် စီမံကိန်းအနီးဝန်းကျင်ရှိ ကျေးရွာများမှာ စစ်ရေးပစ်မှတ် ဖြစ်လာပြီး၊ စစ်အုပ်စု၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရခြင်း၊ နေအိမ်များ မီးရှို့ခံရခြင်းနှင့် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေများတွင် နေထိုင်နေကြရသည်။

 

အချုပ်အားဖြင့်ဆိုရသော် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ဒေသခံများအတွက် စီးပွားရေးအရသာမက လူမှုရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးအရပါ ပြန်လည်ကုစား၍မရနိုင်သော ဆုံးရှုံးမှုများကို နှစ်ပေါင်းများစွာ ပေးဆပ်နေရသည့် စီမံကိန်းတစ်ခု ဖြစ်နေခြင်းဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!