မင်းအောင်လှိုင်ခန့် နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေသည် တနင်္ဂနွေနေ့က ဘန်ကောက်မြို့၌ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အလွတ်သဘော တွေ့ဆုံခွင့် ရခဲ့ခြင်းဖြင့် အာဆီယံဘက်မှ သံတမန်ရေးရာ အားပေးထောက်ခံမှု ရရှိခဲ့သည်။ ဤတွေ့ဆုံမှုသည် ၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဆီယံအဖွဲ့နှင့် မြန်မာတို့ မျက်နှာခြင်းဆိုင်တွေ့ဆုံဆွေးနွေးမှု လည်း ဖြစ်သည်။
သို့သော်လည်း အာဆီယံအဖွဲ့သည် ၎င်းတို့၏ 'အချက် ၅ ချက်ပါ သဘောတူညီချက်' အား အလျော့မပေးဘဲ ဆက်လက် ကိုင်စွဲထားခြင်းဖြင့် နေပြည်တော်ရှိ စစ်ဗိုလ်ချုပ် များ အပေါ် ဖိအားပေးထားဆဲဖြစ်သည်။
အာဆီယံ၏ လက်ရှိဥက္ကဋ္ဌဖြစ်သော ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် နှစ်ပတ်လည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး (AMM) မတိုင်မီ တပတ်အလိုတွင် အလွတ် သဘော တွေ့ဆုံ ခဲ့ခြင်း ဖြစ် သော်လည်း တင်မောင်ဆွေသည် ထိုအဆင့်မြင့် အစည်းအဝေးသို့ တက်ရောက်ခွင့်ရမည်မဟုတ်ပေ။
ဤအလွတ်သဘောတွေ့ဆုံမှုသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ၏ ကတိကဝတ်များကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ စုပေါင်းကြားနာခွင့်ရသည့်အတွက် 'အာဆီယံအတွင်း အပြောင်းအလဲတစ်ခု' ဖြစ်ကြောင်း ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပခဲ့သည့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရို က ပြောကြားခဲ့သည်။
အာဆီယံအနေဖြင့် 'အထူးသဖြင့် အရပ်သားများနှင့် အရပ်သားအခြေခံအဆောက်အအုံများအပေါ် ဦးတည်သည့် ရန်လိုတိုက်ခိုက်မှုများကို ရပ်တန့်ရန်' တောင်းဆိုထားကြောင်း၊ ထို့အပြင် အပြုသဘောဆောင်ပြီး အားလုံးပါဝင်နိုင်သည့် အမျိုးသားနိုင်ငံရေး ဆွေးနွေးမှု၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ အပြုသဘောဆောင်သည့် တိုးတက်မှုများ ပေါ်ပေါက်လာစေရန်လည်း တိုက်တွန်းထားကြောင်း သူမက ပြောကြားခဲ့သည်။
အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံအနက် မလေးရှား နှင့် ကမ္ဘောဒီယား မှ လွဲ၍ ကျန် ၉ နိုင်ငံသည် နိုင်ငံခြားရေးဝန်ကြီးများဖြတက်ရောက်ခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံမှာမူ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် ယမန်နှစ်က နယ်စပ်အရေးအခင်းများကြောင့် ဖြစ်ပေါ်လာသည့် တင်းမာသောဆက်ဆံရေးများကြောင့် အစည်းအဝေးသို့ တက်ရောက်ခြင်း မရှိခဲ့ပေ။
ထိုအစည်းအဝေးကို ကမန်းကတမ်း စီစဉ်ခဲ့သူ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်ကတ်ကီယို က ၎င်းကို 'အလွန်ပွင့်လင်းပြီး ရိုးသားသည့် ဆွေးနွေးမှု' တခုပြုလုပ်နိုင်သည့် အခွင့်အရေးတခုအဖြစ် ဖော်ပြခဲ့သည်။ ၎င်းက ဆက်လက်၍ အာဆီယံအဖွဲ့အနေဖြင့် ဘုံသဘောတူညီချက် အစီအစဉ်ကို စွန့်လွှတ်လိုက်ခြင်းမဟုတ်ဘဲ 'ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် အလေးအနက် တိုက်တွန်းလိုကြောင်း' ပြောကြားခဲ့သည်။"
ဆီဟာဆက်သည် စစ်အုပ်စု နှင့် 'ချိန်ဆတွက်ချက်ထားသည့် ဆက်ဆံရေး' မျိုး ထားရှိရန် တိုက်တွန်းခဲ့သည်။ 'ဒါဟာ နှစ်ဦးနှစ်ဖက် အပြန်အလှန်လုပ်ဆောင်ရမယ့် ကိစ္စဖြစ်တယ်၊ ကျွန်တော်တို့ဘက်က ကမ်းလှမ်းသလို မြန်မာဘက်ကလည်း တုံ့ပြန်မှုရှိဖို့ လိုအပ်ပါတယ်' ဟု သူက ဆိုသည်။
၎င်းတို့ ဖမ်းဆီးချုပ် နှောင်ထားသော နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ဩဇာအာဏာသည် ၎င်းတို့ အပေါ် မည်မျှအထိ လွမ်းမိုးနေသည်ကို ထိုအစည်းအဝေး တွင် သိသာထင်ရှားလာ၍ စစ်ခေါင်းဆောင်များ အကျပ်ရိုက် လာခဲ့သည်။
သူမကို ဂရုစိုက် စောင့်ရှောက်ထားကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို အာမဘန္တေ ခံခဲ့ရသည်ဟု ဆီဟာဆက်က ပြောကြားခဲ့သည်။ တင်မောင်ဆွေက အကျဉ်းသားများ လွှတ်ပေးခဲ့မှု နှင့် ဒေါ်အောင်ဆန်းစုကြည် အား သီးသန့် အိမ်တအိမ်သို့ ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်ကြောင်း တင်ပြခဲ့သည်။
တင်မောင်ဆွေက (၈၁) နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအဖွဲ့ကို အာမခံပြောကြားခဲ့ပြီး 'သူက ကျွန်တော်တို့ရဲ့ ဆွေမျိုး၊ အမတဦးလို ဖြစ်တာကြောင့် ကျွန်တော်တို့ စောင့်ရှောက်သွားမှာပါ' ဟု ပြောဆိုခဲ့သည်။ လာဇာရိုကမူ ရာထူးမှ ဖယ်ရှားခံထားရသည့် ခေါင်းဆောင်နှင့် လူချင်းကိုယ်တိုင် တွေ့ဆုံခွင့်ရရှိရန် ဆက်၍ တောင်းဆိုနေဆဲပင် ဖြစ်သည်။
အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရပါက ပို၍ပင်ကောင်းမွန်မည်ဖြစ်ကြောင်း မိမိတို့ ဘက်က ပြောခဲ့သည်ဟု ထိုင်း နိုင်ငံခြား ရေး ဝန်ကြီး က ဆိုသည်။ သို့မှသာ ကျန်းမာရေး ကောင်းသည် ဆိုသည်ကို အတည်ပြုနိုင်မည်ဟုလည်း တင်မောင်ဆွေကို ပြောခဲ့ ကြောင်း သိရသည်။
တချိန်တည်းမှာပင် စစ်အုပ်စု အပေါ် ပြင်းထန်သော သဘောထား ရပ်တည်ချက်ကို ထိန်းသိမ်းထားသည့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန် သည် အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။ စင်ကာပူနိုင်ငံအနေဖြင့် 'အချက် ၅ ချက်ပါ သဘောတူညီချက်' ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှု အကန့်အသတ်သာရှိသည့်အတွက် စိတ်ပျက်မိကြောင်း ဖော်ပြခဲ့သည်။ ထို့ပြင် 'မြန်မာနိုင်ငံရှိ အဓိကသက်ဆိုင်သူအားလုံးအကြား အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ' သည်သာ အကျပ်အတည်းကို ငြိမ်းချမ်းပြီး ရေရှည်တည်တံ့သောနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်အတွက် မရှိမဖြစ်လိုအပ်နေဆဲဖြစ်ကြောင်း ဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့သည်။"
၂၀၂၇ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ တာဝန်ကို ရယူမည့် စင်ကာပူနိုင်ငံမှ ဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန်သည် တင်မောင်ဆွေနှင့် အခြားသော အဓိက ပါဝင်ပတ်သက်သူများနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
"ကျွန်တော်တို့အားလုံးအနေနဲ့ အခုလို တွေ့ခွင့် ပေးပြီးတဲ့ နောက် ထင်သာမြင်သာရှိတဲ့ တိုးတက်မှုတွေကို မြင်တွေ့လိုပါတယ်၊ ဒါဟာ နောက်တချက်ပါပဲ" ဟု ဒေါက်တာဘာလာခရစ်ရှနန်က ဖြည့်စွက်ပြောကြားခဲ့သည်။
မည်သည့်တိုးတက်မှုမျှ မရရှိမီမှာပင် ၎င်းတို့ကို ဖိတ်ကြားခြင်းသည် အန္တရာယ်ရှိသော စံနမူနာတခု ဖြစ်လာနိုင်မလားဟု မေးမြန်းသည့်အခါ ဒေါက်တာဘာလာခရစ်ရှနန်က ရှင်းပြရာတွင် ဆက်ဆံရေးများသည် နေပြည်တော်ရှိ စစ်ဘက်ဆိုင်ရာ အာဏာပိုင်များနှင့်သာ သီးသန့်မဟုတ်ကြောင်း ။
'ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အပါအဝင် အဖွဲ့အစည်းမျိုးစုံနှင့်လည်း ထိတွေ့ဆက်ဆံလျက်ရှိပါတယ်' ဟု ဖြေဆိုသွားခဲ့သည်။
တနင်္ဂနွေနေ့ အစည်းအဝေးမတိုင်မီ တရက်အလိုတွင် တင်မောင် ဆွေ က လွှတ်တော်အမတ်များအား 'မဝေးတော့သော အနာဂတ်တွင် မြန်မာနိုင်ငံသည် အာဆီယံအတွင်း ၎င်း၏ မူလအခန်းကဏ္ဍနှင့် အခွင့်အရေးများကို ပြန်လည်ရရှိလိမ့်မည်' ဟု ပြောကြားခဲ့ကြောင်း မီဒီယာသတင်းများအရ သိရသည်။ သို့သော်လည်း ထို နေ့တွင်ပင် အာဆီယံ၏ 'အချက် ၅ ချက်ပါ သဘောတူညီချက်' ကို လွှတ်တော်က ပယ်ချခဲ့သည်။
သို့သော် မင်းအောင်လှိုင်၏ လွှတ်ဝောာ်က ဟန်ချက်ညီညီ လှုပ်ရှားခဲ့ကြောင်း တင်မောင်ဆွေ၏ အပြောက သက်သေခံနေပေသည်။
၎င်းက မိမိတို့၏ လွှတ်တော်က ကြာသပတေးနေ့၌ အရေးပေါ်အဆိုတရပ်ကို အတည်ပြုခဲ့ပြီး လက်ရှိသဘောတူညီချက်၏ မူဘောင်သည် မြေပြင်အခြေအနေတွင် ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုများကို ထည့်သွင်းစဉ်းစားထားခြင်းမရှိသဖြင့် ပြန်လည်သုံးသပ်ရန် တိုက်တွန်းထားကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါသဘောတူညီချက်သည် 'အာဆီယံ၏ အခြေခံမူများနှင့် မကိုက်ညီသလို မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အမှန်တရားကိုလည်း ထင်ဟပ်ဖော်ပြနိုင်ခြင်းမရှိကြောင်း' လွှတ်တော်အမတ်များက တင်ပြခဲ့သည်ဟု ၎င်းက အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများကို လျှောက်လှဲခဲ့သည်။
မင်းအောင်လှိုင်သည် တိုင်းပြည်ကို အုပ်ချုပ်ကိုင်တွယ် ရာတွင်သာ သုံးစားမရသော်လည်း ၎င်း၏ အာဏာတည်မြဲအောင် လုပ်ဆောင်ရာတွင် အင်မတန်မှ ဉာဏ်ပြေးသူ ဖြစ်၍ လျော့မတွက်ဖို့ လို ပေသည်။ ယခုလည်း ဆွေးနွေးပွဲကို အကြောင်းပြု၍ တင်မောင် ဆွေသည် ၎င်း၏ ဆရာသမား ထိုင်းသို့ ဩဂုတ်လ အတွင်း တရားဝင်ခရီးစဉ် သွားနိုင်ဖို့ ဆီဟာဆက် နှင့် ကြိတ်ဝိုင်းဖွဲ့ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာသည်။
မြန်မာ နှင့် ပတ်သက်၍ အတွေ့အကြုံရင့် ကျွမ်းကျင်သူများက အာဆီယံခေါင်းဆောင်များအနေဖြင့် ၎င်းတို့၏ စည်းကမ်းမလိုက်နာသော အဖွဲ့ဝင်နိုင်ငံအား အမြန်ဆုံး ပြန်လည်လက်ခံရန် အလျင်စလို မလုပ်ဆောင်ကြရန် သတိပေးထားသည်။ 'နိုင်ငံရေးအကျဉ်းသားများကိစ္စ၊ အရပ်သားများအပေါ် အကြမ်းဖက်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိရေးတို့နှင့် ပတ်သက်၍ ခိုင်မာသည့် အလျှော့ပေးလိုက်လျောမှုများ မပြုလုပ်ဘဲ နေပြည်တော်ကို အဖွဲ့ဝင်အဖြစ် ပြန်လည်လက်ခံခြင်းသည် အာဆီယံအတွက် မှားယွင်းသော ဆုံးဖြတ်ချက်တခု ဖြစ်လိမ့်မည်' ဟု ဘရပ်ဆဲလ်အခြေစိုက် အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းများ လေ့လာရေးအဖွဲ့ မှ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချတ် ဟော်စီ က ပြောကြားခဲ့သည်။
တနင်္ဂနွေနေ့ အစည်းအဝေးမတိုင်မီ အချိန်တွင်လည်း အာဆီယံခေါင်းဆောင်များအား ဒေသတွင်း လွှတ်တော်အမတ်များက ၂၀၂၁ ခုနှစ်မှစတင်လာသည့် နိုင်ငံရေးဖိနှိပ်မှုများ အဆုံးသတ်ခြင်းမရှိပါက အလျှော့ပေးလိုက်လျောမှုများ မပြုလုပ်ရန် သတိပေးခဲ့သည်။
'အာဆီယံအနေနဲ့ စစ်ကောင်စီရဲ့ ထောင်ချောက်ထဲကို မကျရောက်မိဖို့ လိုတယ်' ဟု အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) ၏ ဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှားလွှတ်တော်အမတ် မာစီ ခရစ္စတီ ဘာရန်း က ပြောကြားခဲ့သည်။ 'အာဆီယံဟာ မြန်မာပြည်သူတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်အုပ်စုကို တာဝန်ယူခိုင်းမယ့်အစား သူတို့ရဲ့ စည်းကမ်းမလိုက်နာမှုတွေကိုပဲ ထပ်ခါတလဲလဲ ဆုလာဘ်ပေးနေသလို ဖြစ်နေတယ်' ဟု သူမက ဝေဖန်သွားခဲ့သည်။
အာဆီယံက ဂီယာချိန်းပြီး လက်ကမ်းဖို့ ကြိုးစားခဲ့သော်လည်း ဘာတခုမျှ လိုက်လျောမှု မရှိခဲ့၍ အချိန်ကုန် လူပမ်း ဖြစ်သွားခဲ့ရသည့် ပွဲ ဟု ပင် ဆိုရမည် ဖြစ်သည်။
ထို အချက်ကို ပိုမို ထင်ရှား စေသည်က တွေ့ဆုံနေစဉ်မှာပင် မြဝတီ မြို့တဝိုက် ပေါင် ၅၀၀ ဗုံးများ ကြဲချ တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်များ မှ ပစ်ခတ်မှုများ ထိုင်းဖက်သို့ ကျရောက်လာခဲ့သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!