နေ့လယ်စာစားပြီးနောက်၊ ကျွန်တော့်၏ ဖိလစ်ပိုင်ခရီးစဉ်အကြောင်း ဗိုလ်ချုပ်ကြီးနှင့် ဇနီး ဖြစ်သူကို အကျဉ်းချုပ်တင်ပြလိုက်သည်။ ကျွန်တော် ပြောသည့် အကြောင်းများက သူတို့၏ စိတ်ဓာတ်ကျဆင်းမှုကို ပေါ့ပါးသွားစေသလို၊ တဖက်တွင်လည်း မကျေနပ်မှုမျိုးကို တိုးပွားလာစေသည်။ စိတ်ပျက်အားငယ်မှု၊ ဝမ်းနည်းမှု၊ စိတ်ညစ်ညူးမှု စသည်တို့အတွက် မကျေနပ်မှုဆိုသည်မှာ ဆေးတခွက်သဖွယ်ပင် ဖြစ်သည်။
နာကျင်မှုတမျိုးကို မေ့ပျောက်ရန် နည်းလမ်းမှာ အခြားနာကျင်မှုတမျိုးဖြင့် အစားထိုး ခံစားလိုက်ခြင်းပင် ဖြစ်သည်။ စစ်တပ်တွင် မဖြစ်မနေ စစ်မှုထမ်းရမည့်သူများကို ဆရာဝန်က စစ်ဆေးသည့်အခါ (ချမ်းသာသူမဟုတ်ပါက မအောင်မြင်နိုင်သည့် စစ်ဆေးမှုမျိုးဖြစ်သည်) တဖက်ပါးကို ရိုက်ပြီး ကျန် ပါးတဖက်ကို ထိုးအပ်လိုက်သကဲ့သို့ပင်။
အိမ်နီးချင်း တရုတ်စားသောက်ဆိုင်ပြတင်းပေါက်တွင် စအိုမှ နေ တွဲ လောင်း ချိတ်ဆွဲထားသော ဘဲကင် များကဲ့သို့ ကျွန်တော် အဖြစ်ဆိုးမျိုး ကြုံရလုနီးပါး ဖြစ်ခဲ့ရသည့်အကြောင်းအပြင်၊ ကျွန်တော့် အသတ်ခံရလုနီးပါးဖြစ်ခဲ့သည့်အတွက် လျော်ကြေးပေးခဲ့သည့်အကြောင်းကိုတော့ ဗိုလ်ချုပ်ကြီးနဲ့ သူ့ဇနီးကို ကျွန်တော် လုံးဝ မပြောပြခဲ့ပေ။
နောက်လိုက်နောက်ပါများ လက်ဆောင်ပစ္စည်းများ နှင့် အတူ နောက်တနေ့နံနက်တွင် ကျွန်တော့်ဆီသို့ ဧည့်သည်နှစ်ဦး ရောက်လာခဲ့သည်။ တဦးမှာ ဗိုင်အိုလက် ဖြစ်ပြီး နောက်တဦးမှာ အပြာနုရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည်၊ ပိန်ပါးပါး လူဖြူတစ်ဦး ဖြစ်သည်။ သူ ဝတ်ထားသော Paisley' အဆင်သည် ပုံမှန်အားဖြင့် ပါးလွှာသော လည်စည်းများ ဆိုက လှပသော်လည်း၊ ဤနေရာတွင် လည်စည်းသည် အလွန်တုတ်နေသည်။ အောက်ခံ ရှပ်အင်္ကျီမှာမူ စပါရာဂတ် စားပြီးချိန်တွင် ထွက်သည့် ဆီးအရောင်ကဲ့သို့ အဝါရောင်တောက်တောက်ကြီး ဖြစ်နေသည်။
'ဘယ်လိုနေသေးလဲ' ဟု သူမက မေးသည်။ 'အားလုံး အဆင်ပြေပါတယ်' ဟု ကျွန်တော် တိုးတိုးလေး ပြောလိုက်မိသည် (တကယ်တော့ ကျွန်တော် စကားကို ကောင်းကောင်း ပြောနိုင်ပါသည်)။ သူမက ကျွန်တော့်ကို သံသယဖြင့် ကြည့်ကာ 'ရှင်တို့အတွက် ကျွန်မတို့အားလုံး စိုးရိမ်နေကြတာပါ' ဟု ပြောသည်။ 'သူကိုယ်တိုင် လာချင်ပေမဲ့ ဒီနေ့ သမ္မတ မားကို့စ် က ရိုက်ကွင်းကို လာမှာမို့လို့ လိုက်မလာ နိုင်တာကို ရှင်သိထားစေချင်တယ်' ဟု သူမက ဆက်ပြောသည်။
နာမည်ထုတ်ပြောစရာမလိုသည့် သူ ဆိုသည်က 'ဒါရိုက်တာ' ပဲဆိုတာ သိသာထင်ရှားနေသည်။ ကျွန်တော်ကတော့ ပညာရှိသလိုလို၊ ဝမ်းနည်းသလိုလိုဖြင့် ခေါင်းညိတ်လိုက်ပြီး 'နားလည်ပါတယ်' ဟု ပြောလိုက်မိသော်လည်း သူ့အကြောင်းကို ကြားလိုက်ရုံမျှဖြင့်ပင် ကျွန်တော့်တွင် ဒေါသထွက်လွန်း၍ ရူးမတတ်ဖြစ်နေသည်။
'ဒါက မနီလာမှာ အကောင်းဆုံးဆေးရုံပါ' ဟု ဝတ်စုံဝတ်ထားသော ထိုလူက မျက်နှာကို မီးမောင်းထိုးပြသလိုမျိုး ပြုံးပြရင်း ပြောသည်။ 'ကျွန်တော်တို့အားလုံးက ခင်ဗျားကို အကောင်းဆုံး ကုသမှုရစေချင်တာပါ။ ခင်ဗျား ဘယ်လိုခံစားရသလဲ။' ကျွန်တော်လည်း အမှန်အတိုင်း ပြောရလျှင်ဟု ဆိုကာ မုသားစကားကို စတင်၍ 'ကျွန်တော် အရမ်း အခံရဆိုးတယ်' ဟု ပြောလိုက်သည်။ 'စိတ်မကောင်းလိုက်တာ' ဟု သူက ဆိုသည်။ 'ကျွန်တော့်ကို မိတ်ဆက်ခွင့်ပြုပါ။' သူသည် စက္ကူပင် ပြတ်ရှသွားမတတ် အစွန်းများ ထက်မြက်နေသည့် သန့်ရှင်း ပြောင်လက် နေသော လုပ်ငန်းသုံးကတ်ပြားတစ်ခုကို ထုတ်ပြလိုက်သည်။ '
ကျွန်တော်က ရုပ်ရှင်စတူဒီယိုရဲ့ ကိုယ်စားလှယ်ပါ။ ခင်ဗျားရဲ့ ဆေးရုံစရိတ်အားလုံးကို ကျွန်တော်တို့ပဲ ကျခံပေးသွားမှာဆိုတာ သိစေချင်ပါတယ်။' 'ဘာဖြစ်ခဲ့တာလဲ။ မမှတ်မိဘူးလား။' ဟု ဗိုင်အိုလက်က မေးသည်။ 'ပေါက်ကွဲမှု ဖြစ်တာလေ။ တခါတည်း မဟုတ်ဘူး၊ ဆက်တိုက်လို ပေါက်ကွဲကုန်တာ"
"ဒါဟာ မတော်တဆမှုတခုပါ။ ကျွန်တော့်ဆီမှာ အစီရင်ခံစာ ရှိပါတယ်" ဟု ကိုယ်စားလှယ်က ပြောပြီး၊ ရွှေရောင်ချိတ်များ တောက်ပနေသည့် အသည်းရောင် အိတ်တစ်လုံးကို ကျွန်တော် မြင်နိုင်လောက်သည့်အထိ မြှောက်ပြလိုက်သည်။ ဘယ်လောက်တောင် ထိရောက်လိုက်သလဲ! ကျွန်တော် အစီရင်ခံစာကို အပေါ်ယံ ကြည့်လိုက်မိသည်။
အစီရင်ခံစာထဲရှိ အသေးစိတ်အချက်အလက်များထက်၊ ဤကဲ့သို့ လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ခြင်းက ကျွန်တော်တို့ရဲ့ နိုင်ငံဟောင်းမှာလိုပင် "လက်ဖက်ရည်ဖိုး" ပေးလိုက်မှသာ ဖြစ်မြောက်နိုင်မည်ဆိုသည့် အချက်ကို ပို၍ သက်သေပြနေသည်။
"ကျွန်တော် အသက်ရှင်နေရတာ ကံကောင်းလို့လား"
"အလွန်ကို ကံကောင်းတာပေါ့" ဟု သူက ပြန်ဖြေသည်။
"ခင်ဗျားမှာ အသက် မသေဘူး၊ ကျန်းမာရေးလည်း ကောင်းတယ်၊ ပြီးတော့ ကျွန်တော့်အိတ်ထဲမှာ ဒေါ်လာ ငါးထောင်တန်ဖိုးရှိတဲ့ စာချုပ်တခုလည်း ပါလာတယ်။ ကျွန်တော် မြင်ခဲ့ရတဲ့ ဆေးဘက်ဆိုင်ရာ အစီရင်ခံစာတွေအရ ခင်ဗျားက မီးခိုးငွေ့တွေ ရှူမိခဲ့တယ်၊ အနည်းငယ် ပွန်းပဲ့ဒဏ်ရာတွေ ရခဲ့တယ်၊ မီးလောင်ဒဏ်ရာတွေလည်း နဲနဲ ရသွားတယ်၊ ခေါင်းမှာ ဖုထစ်သွားတာနဲ့ ဦးနှောက်အနည်းငယ် ထိခိုက်မှုတွေ ရှိခဲ့တယ်။ အရိုးကျိုးတာ၊ အင်္ဂါအစိတ်အပိုင်း ပျက်စီးတာမျိုးတွေ မရှိသလို၊ အမြဲတမ်း ထိခိုက်သွားမယ့် ဒဏ်ရာမျိုးလည်း မရှိပါဘူး။ ဒါပေမဲ့ စတူဒီယိုဘက်ကတော့ ခင်ဗျားရဲ့ လိုအပ်ချက်တွေကို အပြည့်အဝ ဖြည့်ဆည်းပေးချင်ပါတယ်။"
ကိုယ်စားလှယ်သည် အိတ်ကို ဖွင့်လိုက်ပြီး အဖြူရောင် စာရွက်များဖြင့် ချုပ်ထားသော စာရွက်တရွက်နှင့် အစိမ်းရောင် စာရွက်ရှည် ချက်လက်မှတ် ကို ထုတ်ပေးလိုက်သည်။ "ဟုတ်ကဲ့၊ ခင်ဗျားအနေနဲ့ ချက်လက်မှတ် လက်ခံရရှိကြောင်းနဲ့ အနာဂတ်မှာ စတူဒီယိုဘက်က တာဝန်ယူပေးစရာ မလိုတော့ဘူးဆိုတဲ့ ဒီစာချုပ်ကိုလည်း လက်မှတ်ထိုးပေးရပါလိမ့်မယ်။"
ငါ့ရဲ့ စိတ်ပျက်စရာ ကောင်းလှတဲ့ ဘဝအတွက် ဒေါ်လာ ငါးထောင်ပဲတန်ဖိုးရှိတာပါလား ဟု တွေးလိုက်မိသည်။
ဝန်ခံရရင်တော့ ယင်းသည် အတော်လေး များပြားသည့် ပမာဏ ဖြစ်သည်။ တခါမှ ဒီလောက်အများကြီး မမြင်ဖူးခဲ့သည့် ပမာဏမျိုး ဖြစ်နေသည်။ သူတို့ဖက်ကလည်း ဒီလိုပဲ မျှော်လင့် တွက်ဆထားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ကျွန်တော်၏ အသိစိတ်တွေ ဝေဝါးနေသည့် ကြားကပဲ ပထမဆုံးပေးလာသည့် ကမ်းလှမ်းချက်ကို လက်ခံဖို့ မသင့်တော်ဘူးဆိုတာ သိလိုက်သည်။
"ဒီလို စေတနာထားပြီး ကမ်းလှမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စတူဒီယိုက ကျွန်တော့်အတွက် စိုးရိမ်ပူပန်ပေးတာ၊ ဂရုစိုက်ပေးတာဟာ အင်မတန် လေးစားစရာကောင်းပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ—သို့မဟုတ် မသိ သေးတာလည်း ဖြစ်နိုင်ပါတယ်—ကျွန်တော်ဟာ ကျွန်တော့်ရဲ့ တဆွေလုံး တမျိုးလုံးကို ထောက်ပံ့နေရတဲ့ အဓိကပုဂ္ဂိုလ် ဖြစ် နေတယ် ဆိုတာကိုပါ။ ဒေါ်လာငါးထောင် ဆိုတာ ကျွန်တော့်အကြောင်းပဲ တွေးမယ်ဆိုရင်တော့ အံ့ဩစရာကောင်းတဲ့ ပမာဏပါ။ ဒါပေမဲ့ အာရှသားတစ်ယောက်အနေနဲ့..."
ကျွန်တော်သည် ပြောလက်စ စကားကို ခဏရပ်လိုက်ပြီး အဝေးကို ငေးကြည့်လိုက်သည်။ ကျွန်တော့် အပေါ်မှာ လွှမ်းမိုးထားသည့်၊ ကျွန်တော့် ခေါင်းပေါ်မှာ အမြစ်တွယ်နေသည့် မျိုးရိုးစဉ်ဆက် ကြီးမားသည့် မိသားစု အသိုက်အဝန်းကြီးကို သူတို့ စိတ်ကူးကြည့်နိုင်အောင် အချိန်ပေးလိုက်တာပါ။
"...အာရှသားတယောက်ဟာ ကိုယ့်အကြောင်းပဲ တွေးလို့ မရပါဘူး။"
"ကျွန်တော် ကြားဖူးပါတယ်။ မိသားစုဆိုတာ အရာအားလုံး တွေထဲမှာ အရေးကြီးဆုံးပါ။ ကျွန်တော်တို့ အီတလီလူမျိုးတွေလိုမျိုးပေါ့။"
"ဟုတ်ပါတယ်၊ ခင်ဗျား တို့ အီတလီလူမျိုးတွေလိုပေါ့! အာရှသားတယောက်ဆိုတာ သူ့အမေ၊ သူ့အဖေအကြောင်း တွေးရမယ်။ သူ့မောင်နှမတွေ၊ သူ့အဘိုးအဘွားတွေ၊ သူ့ဝမ်းကွဲတွေ၊ သူ့ရွာသားတွေအကြောင်း တွေးရမယ်။ ကျွန်တော် ကံကောင်းကြောင်း သတင်းသာ ပေါက်ကြားသွားရင်... အဆုံးအစမရှိတဲ့ အကူအညီတောင်းမှုတွေပဲ ဖြစ်လာတော့မှာပါ။ ဒီမှာ ငါးဆယ်၊ ဟိုမှာ တစ်ရာ။ ဘက်ပေါင်းစုံကနေ ကျွန်ဝောာ် ကို ဝိုင်းဆွဲ နေကြမှာ။ ကျွန်တော် ငြင်းလို့လည်း မရဘူး။ ဒါကြောင့် ကျွန်တော် ဘယ်လိုအခြေအနေမျိုးမှာ ရှိနေလဲဆိုတာ ခင်ဗျား မြင်နိုင်မှာပါ။
ဒီငွေတွေကို လုံးဝမယူလိုက်တာပဲ ပိုကောင်းမလားလို့ စဉ်းစားမိတယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာ ပင်ပန်းဆင်းရဲမှုမျိုးကို ရှောင်ရှားနိုင်တာပေါ့။ ဒါမှမဟုတ် နောက်တနည်းကတော့... အဲဒီလူတွေအားလုံးရဲ့ လိုအပ်ချက်တွေကိုရော၊ ကိုယ့်အတွက်ပါ ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်တဲ့ ပမာဏလောက် ရှိဖို့ပဲ။"
ကိုယ်စားလှယ်က ကျွန်တော် ဆက်အပြောကို စောင့်နေသလို၊ ကျွန်တော်ကလည်း သူ ဘာပြန် ပြောလာမလဲ ဆိုတာစောင့်နေမိသည်။ နောက်ဆုံးမှာတော့ သူ အရှုံးပေးလိုက်ပြီး "အာရှမိသားစုတွေရဲ့ ရှုပ်ထွေးတဲ့ အခြေအနေတွေကို ကျွန်တော် မသိခဲ့မိပါဘူး။ ခင်ဗျား တို့ရဲ့ ယဉ်ကျေးမှုမှာ မိသားစုပိုင်း တာဝန်ကျေဖို့ ဘယ်လောက် ပမာဏ လိုအပ်မလဲဆိုတာကိုလည်း ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ကျွန်တော် ဒါကို အင်မတန် လေးစားပါတယ်" ဟု ပြောလာသည်။
သူ ဆက်ပြောဖို့ ကျွန်တော် ထပ်စောင့်လိုက် သေးသော်လည်း သူက ကျွန် တော့်ကို ပြန်စောင့်နေပြန်သည်။
"ကျွန်တော် အတိအကျတော့ မပြောနိုင်ဘူး။ ဒါပေမဲ့ အတိအကျ မဟုတ်ရင်တောင်မှ အမေရိကန်ဒေါ်လာ နှစ်သောင်းလောက်ဆိုရင် လုံလောက်မယ်လို့ ထင်ပါတယ်။ ကျွန်တော့်ဆွေမျိုးတွေရဲ့ လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးနိုင်ဖို့ပါ။ ကြိုတင်မှန်းဆထားတဲ့ လိုအပ်ချက်တွေရော၊ မျှော်လင့် မထားတဲ့ လိုအပ်ချက်တွေပါ အားလုံးအတွက်ပေါ့။"