အမေရိကန်မှ တရုတ်သို့ ရေနံ တိုးမြှင့်တင်ပို့လျှက် ရှိနေ

by Hla Soewai - Oct 08 2020

အမေရိကန်သည် တောင်တရုတ်ပင်လယ်အတွင်း စစ်မက်ခင်းကျင်း ပြသနေသော်ငြားလည်း တကယ်တမ်းတွင် တရုတ်သို့ ယခင်ကထက်ပင် ရေနံစိမ်း ပမာဏကို တိုးမြှင့် ရောင်းချနိုင်လျှက် ရှိနေကြောင်း ကမ္ဘာထိတ်တန်း စီးပွားရေး သတင်းစာကြီး ဖြစ်သော ဝေါ်စထရိ ဂျာနယ် မှ ဖေါ်ပြလာခဲ့သည်။

 

အမေရိကန်တို့ ဖက်မှ ထိုသို့ ရောင်းအား မြှင့်တင်လာခြင်းကြောင့် အစဉ်အလာအားဖြင့်တင်ပို့ ရောင်းချနေသော အရှေ့အလယ်ပိုင်း နိုင်ငံများ အဖို့ ဈေးကွက်သစ်များ အပူတပြင်း ရှာဖွေလာနေရခြင်း နှင့် ဈေးကွက်တွင် အလျှံပယ် ဖြစ်မသွားစေရေး အတွက် သိုလှောင်ရန် နေရာများကို ရှာဖွေနေကြရပြီ ဟု ဆိုသည်။

 

စက်တင်ဘာလ လယ်မှစ၍ တရုတ်မှ အမေရိကန်၏ ရေနံစိမ်းများကို စုစုပေါင်း တင်သွင်းမှု၏ ၇% အထိ တိုး မြှင့် ဝယ်ယူလာခဲ့သည်ဟု လန်ဒန်တွင် အခြေစိုက်သည့် ဈေးကွက် ထောက်လှမ်းရေး ကုမ္ပဏီကြီး ဖြစ်သော Vortexa Ltd မှ အချက်အလက်များ ထုတ်ပြန်လာခဲ့သည်။ ထို့အတွက် တရုတ်ပြည်သို့ ရေနံ အများအပြား တင်ပို့နေကျ ဖြစ်သည့်ဆော်ဒီအာရေဗီယားသည် ရောင်းအား ၁၉% မှ ၁၅% အထိ လျော့ကျသွားခဲ့ရသည်ဟု ဆိုသည်။

 

ရေနံတင် သင်္ဘောကြီးများ မှ ရရှိသော အချက်အလက်များအရ အောက်တိုဘာလကုန်ပိုင်းတွင် အမေရိကန်၏ ရေနံစည် တင်သွင်းမှု ပမာဏသည် တနေ့လျှင် ရေနံစည် စုစုပေါင်း ၇၀၀,၀၀၀ အထိ ရှိလာမည် ဖြစ်သည်ဟု သိရသည်။

 

ယခုနှစ် ဆန်းပိုင်းမှ စ၍ နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေသော ကုန်သွယ်ရေး တင်းမာမှုများကို လျော့ချနိုင်ရန် အမေရိကန် ရေနံစိမ်းများကို တိုးမြှင့်ဝယ်ယူပေးရန် တရုတ်ဖက်မှ သဘောတူခဲ့သည်။ ထရန့် အစိုးရမှလည်း တရုတ်မှ အမေရိကန် လယ်ယာထွက်ကုန်များ၊ စွမ်းအင် နှင့် စက်မှု ကုန်ချောများ ဝယ်ယူပေးသည့် အတွက် အပြန်အလှန် အနေဖြင့် တရုတ် ကုန်စည်အချို့အပေါ် စည်းကြပ်ခွန်များ လျော့ချပေးရန် သဘောတူခဲ့သည်။

 

သို့သော် တရုတ်၏ လက်ရှိ ဝယ်ယူနေသည့် အတိုင်းအတာသည် သဘောတူထားသည့် ပမာဏ ကို ပြည့်မှီရန် များစွာ လိုနေပေသေးသည်။ ဇန်နဝါရီလအတွင်း သဘောတူညီချက်များအရ ဘီဂျင်းသည် ၂၀၂၁ ခုနှစ်အကုန်ပိုင်းတွင် ဒေါ်လာ ၅၂.၄ ဘီလီယံ တန်ဖိုးရှိ ရေနံ နှင့် သဘာဝဓါတ်ငွေ့ ရည်များကို ဝယ်ယူပြီး ဖြစ်ရမည်ဟု ပါရှိခဲ့သည်။ သို့သော် ကိုဗစ်-၁၉ ဖြစ်ပွားလာခဲ့သဖြင့် ဝယ်ယူနေခြင်းကို ရပ်ဆိုင်းခဲ့သော်လည်း မကြာမီကမှ အရှိန်အဟုန် နှင့် ပြန်လည် စတင်လာခဲ့ခြင်း ဖြစ်ပေသည်။

 

ထို့အတွက် ကမ္ဘာတဝှမ်း ရေနံကုန်သွယ်ရေး လမ်းကြောင်းများကို ထိခိုက်လာနေပြီး ရေနံဈေးများ ထပ်မံကျဆင်းလာဖွယ် ရှိနေသည်။

 

အမေရိကန်မှ တရုတ်သို့ ရေနံများ ပိုမိုတင်ပို့လာမှုကြောင့် ဆော်ဒီအာရေးဗီယားမှ အာရှရှိ ရေနံစိမ်း ဝယ်ယူသည့် ဖေါက်သည်နိုင်ငံများကို ဈေးလျော့ ရောင်းလာခဲ့သည်။ ထို့အပြင် ရောင်း၍ မရသေးသော ရေနံစိမ်းများကိုလည်း အီဂျစ်၊ စင်္ကာပူ နှင့် တရုတ်တို့တွင် သိုလှောင်နိုင်ရန် ကြိုးပမ်းခဲ့ရသည်။ ဆော်ဒီတွင် စက်တင်ဘာလအတွင်း ရေနံစည် ပေါင်း ၈၁ သန်းအထိ လက်ဝယ်တွင် ရှိလာနေခဲ့သည်ဟု ပဲရစ် အခြေစိုက် ကုန်စည် သုတေသန ကုမ္ပဏီ Kayrros တွင် ဖေါ်ပြထားသည်။

 

ဆော်ဒီသာမက ပင်လယ်ကွေ့ရှိ အခြား ရေနံတင်ပို့သော နိုင်ငံများ ဖြစ်သည့် ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီ ဂျီစီစီ နိုင်ငံများလည်း ထိခိုက်နေရသည်။ အဆိုပါ နိုင်ငံများ၏ တနေ့လျှင် တရုတ် ပြည်သို့ တင်သွင်းသည့် ပမာဏသည် စည်ပေါင်း ၄၀၀,၀၀၀ အထိ ကျဆင်းသွားခဲ့သည်။

 

တရုတ်-အမေရိကန် သဘောတူညီချက်သည် နောက်နှစ် အကုန်တွင် ကုန်ဆုံးမည် ဖြစ်သည်။ သို့သော် လာမည့် ရွေးကောက်ပွဲတွင် သမ္မတ အပြောင်းအလဲ သော်၎င်း၊ လက်ရှိ သမ္မတသော်၎င်း ဆက်ရှိနေသည် ဖြစ်စေ ရေနံများ ဆက်လက် ဝယ်ယူရန် တရုတ်အား ခြိမ်းခြောက်လာမည်သာ ဖြစ်သည်။

 

သို့မှသာ အမေရိကန်ရှိ ရေနံရောင်းချသူများ အတွက် အသက်ရှူချောင်လာမည် ဖြစ်သည်။ ယခုအခါ တစည်လျှင် ဒေါ်လာ ၄၀ ဝန်းကျင်သာ ရှိတော့သည့် ရေနံဈေးကြောင့် အခြားသော၊ ရေနံထုတ်လုပ်ရောင်းချသော၊ နိုင်ငံများကဲ့သို့ မနည်းရုန်းကန်နေခဲ့ရသည့် အမေရိကန်ရှိ ယှေလကျောက် မှ ရေနံထုတ်လုပ်နေသူများအတွက် ယခုအခါ တရုတ် ဈေးကွက်တွင် ခြေကုပ်ရလာခဲ့ပြီ ဖြစ်သည်။

 

တရုတ်ရှိ ရေနံချက် စက်ရုံ အချို့သည် အမေရိကန် ရေနံစိမ်း ဂရိတ်ကို ချက်လုပ်နိုင်ရန် စက်ပစ္စည်းများကို ပြန်လည် မွမ်းမံ ပြင်ဆင်လာနေခဲ့ပြီ ဖြစ်သည်ဟု သိရသည်။

 

လက်ရှိ တရုတ်နှင့် အမေရိကန် အကြား စီးပွားရေး နှင့် ဘူမိနိုင်ငံရေးတို့တွင် ပွန်းရှမှုများ ရှိလာနေပြီး ထရန့်အစိုးရမှ တရုတ်နည်းပညာကုမ္ပဏီကြီးများ ဖြစ်သော ဟွာဝေး နှင့် တစ်တော့ခ် တို့အား ထိုးနှက်နေချိန်လည်း ဖြစ်သဖြင့် တရုတ်တို့ ဖက်မှ ရေနံများ တိုးမြင့် ဝယ်ယူလာနေခြင်းသည် ထူးခြားသော အသွင်လက္ခဏာများ ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်နေကြသည်။

 

အမေရိကန်သည် ဒေသတွင်း နိုင်ငံများအား ၎င်းတို့ထံ မှ လက်နက်များ ပိုမို ဝယ်ယူလာရေး နှင့် ပို၍ ကိုးစား ယုံကြည်မှု ရှိလာစေရေး အတွက် တောင်တရုတ် ပင်လယ်တွင် ဟန်ရေး ပြလျှက် ရှိနေသော်လည်း တဖက်တွင် တရုတ် နှင့်လည်း စီးပွားရေး အတွက် ရရှိလာမည့် အခွင့်အရေး ကို လက်လွှတ်မခံပဲ စစ်ဖြစ်လာပါက လွန်စွာ အဖိုးတန် မည့် ရေနံများကို ပင် တိုးမြှင့်တင်ပို့လျှက် ရှိနေသည်မှာလည်း အမေရိကန်၏ လုပ်နေကျ ကိုယ်ကျိုးကြည့် မူဝါဒ တခုဟု မိမိအနေဖြင့် ရှုမြင်မိပေသည်။

 

နောက်ထပ် ရရှိသော သတင်းတပုဒ်အရ ကမ္ဘာထိတ်တန်း နိုင်ငံကြီး ၁၄ နိုင်ငံတွင် Pew Research Center မှ သဘောထား စစ်တမ်း ကောက်ယူခဲ့ရာ ၇၃ % က တရုတ် အပေါ် မကြုံစဖူးအောင် အဆိုးမြင် လျှက် ရှိနေသည်ဟု သိရသည်။ အဆိုပါ ၁၄ နိုင်ငံတွင် ဩစတေးလျ သည် အမြင့်ဆုံးတွင် ရှိနေသည်။

 

(၂၀၂၀ အောက်တိုဘာ ၅ ရက်နေ့ထုတ် The Wall Street Journal သတင်းစာတွင် ပါရှိသော “U.S. Boosts Crude Sales to China, Forcing Saudis to Find Other Markets” ကို ကိုးကား တင်ပြသည်)