သစ်သီးခူး

by Hla Soewai - Jul 19 2026

"Fruit Gathering" (သစ်သီးခူး) ဟု အမည် ပေးထားသောရုပ်ရှင်သည် မြန်မာ ဒါရိုက်တာ အောင်ဖြိုး ရိုက်ကူးထားသည့် လက်ရာဖြစ်ပြီး၊ ဇာတ်လမ်းမှာ ပြည်တွင်းဖြစ်ပွားနေသော ပဋိပက္ခများ၊ အိုးအိမ်စွန့်ခွာထွက်ပြေးရခြင်းနှင့် ယင်းအခြေအနေများအကြားမှ လူသားတို့၏ ခံစားချက်၊ ဘဝရှင်သန်ရပ်တည်မှုတို့ကို ပုံဖော်ထားခြင်း ဖြစ်သည်။

 

ထိုရုပ်ရှင်သည် ၂၀၂၆ ခုနှစ်တွင် ကျင်းပသည့် ကာလိုဗီ ဗာရီ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် တွင် အဓိကဆုဖြစ်သည့် Crystal Globe ဆုကို ရရှိခဲ့သည်။ ဤပွဲတော်သည် ဥရောပရှိ ဂုဏ်သိက္ခာအကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံး ရုပ်ရှင်ပွဲတော်များထဲမှ တခုဖြစ်သောကြောင့် မြန်မာ့ရုပ်ရှင်လောကအတွက် ထူးခြားသော အောင်မြင်မှုတခုဟု ဆိုနိုင်ပါသည်။

 

ဒါရိုက်တာ အောင်ဖြိုးသည် ဇာတ်လမ်းကို ပုံမှန်ဇာတ်ကြောင်းပြောပြသည့် ပုံစံမျိုးထက် ပတ်ဝန်းကျင်၏ အခြေအနေ၊ ပုံရိပ်၊ အငွေ့အသက် နှင့် ခံစားချက်တို့ကို ဦးစားပေး၍ ရိုက်ကူးထားသည်။

 

ဇာတ်လမ်း စစ်ဘေးဒဏ်ကြောင့် အိုးအိမ်မဲ့ဖြစ်လာသူများ၏ ဝေဒနာ၊ မျှော်လင့်ချက်နှင့် အတိတ်ကို လွမ်းဆွတ်ခြင်းတို့ကို အနုပညာဆန်စွာ ထင်ဟပ်ပြသထားသည်။

 

ယခုလို ဆု ဆွတ်ခူး သွားခြင်းသည် နိုင်ငံတကာ ရုပ်ရှင်ပရိသတ်များအား မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် လူတို့၏ ခံစားချက်များကို ပိုမိုနားလည်သဘောပေါက်စေရန် တံခါးဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။

 

ဤရုပ်ရှင်သည် ခက်ခဲကြမ်းတမ်းသော ဝန်းကျင်အခြေအနေများအကြားမှ လူသားတို့၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် အနုပညာ၏ စွမ်းအားကို မီးမောင်းထိုးပြထားသည့် လက်ရာတခုအဖြစ် ဝေဖန်ရေးသမားများက ချီးကျူးထားကြသည်။

 

ချက်သမ္မတ နိုင်ငံ ရေပူစမ်း ရှိရာ မြိုကလေးတွင် ပြုလုပ်သော ရုပ်ရှင်ပွဲတော်တွင် မြန်မာ ရုပ်ရှင် အား ပထမ ဆုံး အကြိမ် ပြသခဲ့ခြင်းလည်း ဖြစ်သည်။

 

Fruit Gathering" ရုပ်ရှင်တွင် နန္ဒာမြတ်အောင်၊ နန္ဒာမြင့်လွင်၊ သီတာစိုးခန့်၊ တင်တင်အေးနှင့် မင်းညိုတို့က ပါဝင်သရုပ်ဆောင်ထားကြသည်။ ရုပ်ရှင်၏ ရုပ်ရှင်ရိုက်ကူးမှု (Cinematography) ကို သိုက်ဒီက တာဝန်ယူခဲ့ပြီး၊ အယ်ဒီတာအဖြစ် အမ်မလီဆွေက ဆောင်ရွက်ခဲ့သည်။

 

ထိုအထဲတွင် Hollywood Reporter သတင်း စာစောင်မှအဆိုပါ ရုပ်ရှင်သည် နိုင်ငံရေး ပဋိပက္ခများကြားမှ လူသားတို့၏ ခံနိုင်ရည်ရှိမှုကို အနုပညာဆန်စွာ တင်ပြထားခြင်းဖြစ်ပြီး၊ အေးဆေးတည်ငြိမ်သော်လည်း လေးနက်သည့် ရိုက်ကူးမှုပုံစံကြောင့် ကမ္ဘာ့ရုပ်ရှင်လောကတွင် ထင်ရှားသော လက်ရာတခု ဖြစ်လာနိုင်ကြောင်း ရေးသားထားသည်။

 

Variety မဂ္ဂဇင်းကြီးကလည်း စစ်ပွဲတခု၏ အသံများ၊ ပျက်စီးခြင်းများထက် စစ်ဘေးကြောင့် ရပ်ရွာတခုလုံးတွင် ကျန်ရစ်ခဲ့သည့် "တိတ်ဆိတ်ခြင်းနှင့် လွမ်းဆွတ်ဖွယ်ရာ ခံစားမှု" ကို ဒါရိုက်တာ အောင်ဖြိုးက မည်မျှထိထိမိမိ ဖော်ပြနိုင်ခဲ့သည်ကို Variety က အထူးအလေးပေး ရေးသားထားသည်။ ထို့ပြင် "ခေတ်ပြိုင် မြန်မာ့ရုပ်ရှင်လောက၏ အရေးပါသော အလှည့်အပြောင်းတခု" အဖြစ် ရှုမြင်ပြီး၊ လူသားဆန်မှုနှင့် အနုပညာကို ပေါင်းစပ်ထားနိုင်သည့် အရည်အသွေးမြင့် လက်ရာတခု ဖြစ်သည်ဟု ဆိုသည်။

 

သိုက်ဒီ၏ ရုပ်ရှင်ရိုက်ကူးမှု သည် ပတ်ဝန်းကျင်၏ အလှတရားနှင့် အထီးကျန်ခြင်းကို ပေါင်းစပ်ထားနိုင်ပြီး၊ အမ်မလီဆွေ၏ တည်းဖြတ်မှုမှာလည်း ရုပ်ရှင်တစ်ခုလုံး၏ နှေးကွေးတည်ငြိမ်သော စီးဆင်းမှု ကို အကောင်းဆုံး ပံ့ပိုးပေးထားနိုင်ကြောင်း ဖော်ပြထားသည်။

 

AFP သတင်းတွင် မြန်မာ၊ ချက်သမ္မတနိုင်ငံနှင့် ပြင်သစ်တို့ ပူးပေါင်းထုတ်လုပ်ထားသည့် ဤရုပ်ရှင်သည် ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတခုတွင် အလုပ်လုပ်ကိုင်နေကြသော အမျိုးသမီးငယ်နှစ်ဦးကြားက အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားခြင်း ဖြစ်သည်ဟု ဆိုသည်။

 

နူးညံ့သိမ်မွေ့မှုနှင့် ကြမ်းတမ်းခက်ထန်မှုတို့အကြား အလှည့်အပြောင်းရှိသည့် စွဲမက်ဖွယ်ကောင်းသော စည်းချက်ဖြင့်၊ ဤရုပ်ရှင်သည် အမျိုးသမီးများအချင်းချင်းကြားက အချစ်နှင့် ရင်းနှီးမှုတို့ကို လူမှုရေးအရ လက်ခံခြင်းမရှိသေးသည့် နိုင်ငံတခုတွင် အမျိုးသမီးတို့၏ ဆန္ဒများ မည်သို့ရှင်သန်ရပ်တည်နေသနည်းဆိုသည်ကို စူးစမ်းဖော်ပြထားသည်" ဟု ဖော်ပြထားပါသည်။

 

"Kramer vs. Kramer" နှင့် "Rain Man" ရုပ်ရှင်များဖြင့် အော်စကာဆု နှစ်ကြိမ်ဆွတ်ခူးခဲ့သည့် အသက် ၈၈ နှစ်အရွယ် အမေရိကန်သရုပ်ဆောင် Dustin Hoffman သည် "ကမ္ဘာ့ရုပ်ရှင်လောကအတွက် ထူးခြားသော အနုပညာပံ့ပိုးမှု" အတွက် Crystal Globe ဆုကို ရရှိခဲ့သည်။

 

"The English Patient" နှင့် "Chocolat" ရုပ်ရှင်များဖြင့် လူသိများသည့် အော်စကာဆုရှင် ပြင်သစ်မင်းသမီး Juliette Binoche သည်လည်း ဤရုပ်ရှင်ပွဲတော်၏ (၆၀) ကြိမ်မြောက် အခမ်းအနားတွင် အဆိုပါဆုကိုပင် ရရှိခဲ့သည်။

 

 နည်းပညာပိုင်းထက် ပရိသတ်၏ အကြိုက် အငို၊ အရီ၊ အဓိပ္ပါယ်မဲ့ ဟာသ များ ဖြင့် ငွေရလွယ် ဆူလွယ်နပ်လွယ် မျိုး ရိုက်ကူး ထုတ်လုပ် နိုင်ရေး ကိုသာ ဦးစားပေးနေသည့် လက်ရှိ ပြည်တွင်း မြန်မာ ရုပ်ရှင် လောက နှင့် ဆီ နှင့် ရေလို ကွာခြားနေပေသည်။

 

Fruit Gathering သည် မြန်မာ့ရုပ်ရှင်လောက၏ "ဖျော်ဖြေရေးသက်သက်" ဟူသော နယ်နိမိတ်ကို ကျော်လွန်သွားသည့် "အနုပညာ ရုပ်ရှင်" မှတ်တိုင် တခု စိုက်ထူ ပြလိုက် နိုင်ခြင်းလည်း ဖြစ်သည်။ ၎င်းသည် ရုပ်ရှင်ကို စီးပွားရေးလုပ်ငန်းတခုအဖြစ်သာမကဘဲ၊ လူမှုရေး ပြောင်းလဲမှုများ၊ ခံစားချက်များကို ကမ္ဘာ့အလယ်တွင် မြင့်မားသော အဆင့်အတန်းဖြင့် တင်ပြနိုင်သည့် "စကားပြောသည့် လက်နက်" တစ်ခုအဖြစ် အသုံးပြုသွားခြင်းဖြစ်သည်။

 

ဤကွာခြားချက်များသည် မြန်မာရုပ်ရှင်လောကအတွက် အလွန်အရေးကြီးသော ခြေလှမ်းသစ်တခု ဖြစ်သည်ဟု ဝေဖန်ရေးသမားများက သုံးသပ်ကြပါသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!