ပါဗဲလ်သည် ခေါင်းမော့လိုက်ပြီး မျက်လုံးအဝိုင်းသားဖြင့် သူ့ကို မော့ကြည့်လိုက်သည်။ မိခင်ဖြစ်သူမှာလည်း တစုံတခု ကြီးကြီးမားမား ထွက်ပေါ် လာတော့မည်လား ဟူသော ခံစားချက်ဖြင့် ထိုင်နေရာမှကိုယ်ကိုအနည်းငယ် မတ်လိုက်သည်။
"အန်ဒရေး၊ မင်း ဘာဖြစ် နေတာလဲ" ဟု ပါဗဲလ်က တိုးတိုးလေး မေးလိုက်သည်။
ရုရှား လေး သည် ခေါင်းကိုခါလိုက်ပြီး တယောကြိုးတချောင်းကဲ့သို့ ကိုယ်ကိုဆန့်လိုက်ကာ အမေကို ကြည့်ရင်းက "အိုင် ဆေး ကို ရိုက်လိုက်တာ ကျွန်တော်ပဲ" ဟု ပြောသည်။
အမေသည် ထိုင်နေရာမှ ထရပ်လိုက်ပြီး တုန်ရီနေသောလက်များဖြင့် ရုရှား လေး ဆီသို့ အမြန်လျှောက်သွားကာ သူ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ သူက လက်ကို ပြန်ရုန်းရန် ကြိုးစားသော်လည်း မိခင်က တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး တုန်ရီသောအသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။
"သား၊ ငါ့ရဲ့ သားရယ်၊ မင်း တိတ်တိတ်နေပါ။ ဘာမှမဖြစ်ပါဘူး၊ ဘာမှမဖြစ်ဘူး၊ ဘာမှမဖြစ်ဘူး ပါရှာရယ်။ အန်ဒရူရှန်ကာ... အို... ဘယ်လောက်တောင် ဆိုးရွားလိုက်တဲ့ အဖြစ်လဲ။ ငါ့လည်း နာကျင်ခံစားနေရပြီ၊ ငါ့ရဲ့ အသည်းနှလုံးလေးရယ်။"
"ခဏ နေပါဦး၊ အမေ" ဟု ရုရှား လေးက တိုးတိုးပြောသည်။ "ဘယ်လိုဖြစ်ခဲ့တာလဲဆိုတာ ကျွန်တော် ပြောပြပါ့မယ်။"
"မပြောနဲ့တော့" ဟု မိခင်က မျက်ရည်များ ဝဲလျက် တိုးတိုးလေး တားလိုက်သည်။ "အန်ဒရူရှာ... မပြောနဲ့တော့ကွယ်။ ဒါက ငါတို့ကိစ္စ မဟုတ်ဘူး။ ဘုရားသခင်ရဲ့ ကိစ္စသာ ပါ" ဟု ပြောလေသည်။
ပါဗဲလ်သည် မျက်ရည်များ ဝဲလာရင်း က သူ့ဆီသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။ ဖြူဖျော့နေ သော သူ့နှုတ်ခမ်းများမှာ တုန်ယင်နေသည်။ ထူးဆန်းစွာ ပြုံးလိုက်ရင်းက တိုးညှင်း သော လေသံဖြင့် "လာပါ၊ မင်းလက်ကို ငါ့ကိုပေးပါ၊ အန်ဒရေး။ ငါ မင်းလက်ကို ဆုပ်ကိုင်ချင်တယ်။ မင်းအတွက် ဘယ်လောက်ခက်ခဲသလဲဆိုတာ ငါ တကယ်ပဲ နားလည်ပါတယ်။"
"နေဦး!" ဟု ရုရှားလေး က ဘယ်သူ့ ကိုမှ မကြည့်ဘဲ ခေါင်းခါရင်း ပါဗဇဲလ် ဆုပ်ကိုင်ထားရာမှ ရုန်းထွက်လိုက်သည်။ သူသည် မိခင်ဖြစ်သူ၏ လက်ထဲမှ သူ့လက်ျာလက်ကို ရုန်းထွက်နိုင်လိုက်သည့်အခါ ပါဗဲလ်က ထိုလက်ကို ဖမ်းဆုပ်လိုက်ပြန်ပြီး ရုန်းမထွက် နိုင်အောင် ညှစ်ထားလိုက်သည်။
"ဒါဆိုရင် အဲဒီလူကို မင်းသတ်လိုက်တာပေါ့၊ ဟုတ်လား" ဟု အမေက မေးလိုက်သည်။ "မဟုတ်ဘူး၊ မင်း မလုပ်ခဲ့ဘူး! ငါ့မျက်စိနဲ့ ကိုယ်တိုင်မြင်ရရင်တောင် ငါ မယုံဘူး။"
"ရပ်လိုက်ပါ၊ အန်ဒရေး! အမေပြောတာ မှန်တယ်။ ဒီကိစ္စက ငါတို့ရဲ့ ဆုံးဖြတ်နိုင်စွမ်းထက် ကျော်လွန်နေတယ်။"
အန်ဒရေ ပြောရင်း ကတုန်ကရီ ဖြစ်နေမှုကို ရပ်သွားစေလို၍ ပါဗဲလ်သည် တဖက်လက်ဖြင့် အန်ဒရေ၏လက်ကို ဆုပ်ကိုင်ထားရင်း ကျန်တဖက်ကို သူ၏ပခုံးပေါ်သို့ တင်လိုက်သည်။ ရုရှားလေးသည် ခေါင်းကိုငုံ့ကာ ပါဗဲလ်ဘက်သို့ လှည့်လိုက်ပြီး ကြေကွဲဝမ်းနည်းပြီး ၊ တုန်ရီနေသော အသံဖြင့် ပြောပြန်သည်။
"ပါဗဲလ်ရာ၊ ငါ ဒါကို မလုပ်ချင်ခဲ့ပါဘူးကွာ။ မင်း ရှေ့ကနေ လျှောက်သွားပြီး ငါက အီဗန်ဂူဆေ့ဖ်နဲ့ နောက်မှာ ကျန်ခဲ့တဲ့အချိန်မှာ အဲ့လို ဖြစ်သွားတာ။ အိုင်ဆေး က ထောင့်ချိုးတနေရာကနေ ထွက်လာပြီး ငါတို့ကို ရပ်ကြည့်နေတယ်။ ပြီးတော့ ပြုံးပြတယ်။ အီဗန်က သူ့အိမ်ဘက်ကို လျှောက်သွားလိုက်တယ်၊ ငါလည်း စက်ရုံဘက်ကို ဆက်လျှောက်လာခဲ့တယ်—အိုင်ဆေးက ငါ့ဘေးနားပါလာတာပဲ!"
အန်ဒရေသည် စကားကိုရပ်ကာ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ပြီး ဆက်ပြောသည်။
"အဲဒီခွေး လောက် ငါ့ကို ဘယ်သူကမှ ဒီလောက်အထိ ရုပ်ဆိုးအကျည်းတန်အောင် စော်ကားမော်ကား မလုပ်ခဲ့ဖူးဘူး!"
အမေ သည် ရုရှား လေးကို လက်မှဆွဲ၍ စားပွဲဆီသို့ ခေါ်သွားပြီးနောက် ထိုင်ခုံပေါ် တွန်းတွန်းထိုးထိုး နှင့် ထိုင်ခိုင်းလိုက် သည်။ ထို့ နောက် သူ့ ဘေးတွင် ဝင် ထိုင်လိုက်သည်။
ပါဗယ် က သူတို့ နှစ် ယောက် ရှေ့တွင် မတ်တတ်ရပ်လျက် အန်ဒရေး ၏လက်ကို ဆုပ်လိုက်ရင်း "မင်းအတွက် ဘယ်လောက်ခက်ခဲမလဲဆိုတာ ငါနားလည်ပါတယ်။" ဟု ပြောလိုက်သည်။
"သူက ငါတို့ အကြောင်းကို အကုန်သိနေတယ်လို့ ပြောတယ်၊ ငါတို့အားလုံးဟာ ရဲတွေရဲ့ မှတ်တမ်းထဲမှာ ရောက်နေကြပြီတဲ့၊ မေလ (၁) ရက်နေ့မတိုင်ခင်မှာ ငါတို့ကို လာဖမ်းတော့မှာတဲ့။ ငါဘာမှပြန်မပြောခဲ့ဘူး၊ ရယ်ပဲရယ်လိုက်တယ်၊ ဒါပေမဲ့ ငါ့သွေးတွေ ဆူပွက်နေမိတယ်။ သူက ငါ့ကို လူတော်လူကောင်းတယောက်ပါလို့ စပြီးပြောတယ်၊ ငါသွားနေတဲ့လမ်းကြောင်းအတိုင်း ဆက်မသွားသင့်ဘဲ၊ အဲဒီအစား..." ဟု ပြောလိုက်သည်။
ရုရှား လေး သည် ရှေ့ဆက်မပြောတော့ဘဲ ညာလက်ဖြင့် မျက်နှာကို သုတ်လိုက်သည်။ ထို့နောက် ခေါင်းကို ခါယမ်းလိုက်ရာ သူ၏မျက်လုံးထဲတွင် ပြတ်သားသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်ကို တွေ့ နေရသည်။
"ငါနားလည်တယ်!" ဟု ပါဗယ်က ပြောလိုက်သည်။
" အဲ့ဒီ အစား ငါက တရားဥပဒေရဲ့ ဘောင်ထဲ ရောက်တာ ပိုကောင်းပါလိမ့်မယ်" တဲ့၊ ရုရှားလေး က လက်သီးကို တင်းတင်းဆုပ်ကာ ဝှေ့ယမ်းလိုက်သည်။
"တရားဥပဒေတဲ့လား!—အဲ့ ဒီ ရဲ့ ဝိညာဉ်ကိုပဲ ငါ ကျိန်ဆဲပစ်လိုက်မယ်" ဟု သူက သွားကြားမှ ထွက်လာသော လေသံ မျိုး နှင့် တိုးတိုးလေး ဆဲဆိုလိုက်ပြန်သည်။
"သူသာ ငါ့မျက်နှာကို လက်သီးနဲ့ ထိုးလိုက်မယ်ဆိုရင် ပိုကောင်းဦးမယ်။ အဲဒါက ငါ့အတွက် ပိုပြီး သက်သာသလို သူ့အတွက်လည်း ပိုကောင်းနိုင်ပါတယ်။ အဲ့လို မဟုတ်ဘဲ သူက အဲဒီလို ညစ်ပတ်တဲ့ အတွေးမျိုးနဲ့ ငါ့နှလုံးသားထဲကို တံတွေး လာထွေးတဲ့အခါမှာတော့ ငါ လုံးဝ မခံနိုင်တော့ဘူး။"
အန်ဒရေသည် သူ့လက်ကို ပါဗယ်၏ ဆုပ်ထားသော လက် မှ တုန်ယင်စွာဖြင့် ရုန်းထွက် လိုက်ပြီး မျက်နှာတွင် စက်ဆုပ်ရွံရှာသော အရိပ်အယောင်များဖြင့် ခပ်ယဲ့ယဲ့ ပြောလိုက်သည်။
"ဒါနဲ့ ငါ လည်း။သူ့ကို အဲဒီလိုပဲ လက်နောက်ပြန်နဲ့ အောက်ဘက်ကို ထိအောင် ခပ် စောင်းစောင်း ရိုက်လိုက်တယ်၊ ပြီးတော့ ထွက်လာခဲ့လိုက်တယ်။ သူ့ကိုတောင် ပြန် လှည့်မကြည့်ခဲ့ဘူး။ သူလဲကျသွားတဲ့အသံကိုတော့ ကြားလိုက်ရတယ်။ သူလဲကျသွားပြီး တိတ်ဆိတ်သွားတာပဲ။ ငါ ဘာမှဆိုးဆိုးရွားရွားဖြစ်လိမ့်မယ်လို့ မတွေးခဲ့မိဘူး။ ဖားတစ်ကောင်ကို ခြေနဲ့ကန်လိုက်သလောက်ပဲလို့ ထင်ပြီး စိတ်အေးလက်အေးနဲ့ပဲ ဆက်လျှောက်လာခဲ့တယ်။ ပြီးတော့... ဒါတွေက ဘာတွေလဲ။ ငါ အလုပ်စလုပ်တော့ 'အိုင်ဆေး သေသွားပြီ' ဆိုတဲ့ အော်သံတွေ ကြားလိုက်ရတယ်။ ငါ မယုံနိုင်ခဲ့ဘူး၊ ဒါပေမဲ့ ငါ့လက်က ထုံကျဉ်လာတယ်... ပြီးတော့ ငါအလုပ်လုပ်ရတာ အဆင်မပြေဖြစ်လာတယ်။ လက်က မနာပါဘူး၊ ဒါပေမဲ့ လက်က တိုသွားသလိုပဲ ခံစားနေရတယ်။"
လက်ကို စောင်းငဲ့ကြည့်လိုက်ရင်းက "ကျွန်တော့်ဘဝတလျှောက်လုံး ဒီလက်မှာ ကပ်နေတဲ့ ညစ်ပတ်တဲ့အစွန်းအထင်းကို ဘယ်တော့မှ ဆေးကြောလို့ရတော့မှာ မဟုတ်ဘူးလို့ ထင်တယ်" ဟု ပြောလိုက်သည်။
"အရေးကြီးတာက မင်းရဲ့စိတ်နှလုံးသား သန့်ရှင်းဖို့ပဲ၊ ငါ့သားရယ်" ဟု မိခင်ဖြစ်သူက မျက်ရည်များ လိမ့်ဆင်းလျက် တိုးညင်းစွာ ပြောရှာသည်။
"ကျွန်တော့်ကိုယ်ကျွန်တော် အပြစ်ရှိတယ်လို့ မထင်ပါဘူး၊ မထင်ပါဘူးဗျာ!" ဟု ရုရှား လေး က ခပ်တင်းတင်းပင် ပြောပြန်သည်။ "ဒါပေမဲ့ ဒါဟာ ရွံစရာကောင်းတယ်။ ကျွန်တော့်အထဲမှာ ဒီလိုအညစ်အကြေးမျိုးကို သယ်ထားရတာကိုက ရွံဖို့ကောင်းတယ်။ လိုအပ်လို့လည်း မဟုတ်ဘူး။ ဖြစ်သင့်တာမျိုးလည်း မဟုတ်ခဲ့ဘူး"
"မင်း ဘာလုပ်ဖို့ စဉ်းစားထားလဲ" ဟု ပါဗယ် က သံသယအကြည့်ဖြင့် မေးလိုက်သည်။
"ငါ ဘာလုပ်ရမလဲ" ဟု ရုရှားလေးက ခေါင်းကို ငုံ့လျက် စဉ်းစားဟန်ဖြင့် ပြန်ပြောသည်။ ထို့နောက် ခေါင်းကို ပြန်မော့လိုက်ပြီး ပြုံးလျက်က - "သူ့ကို ငါ ရိုက်လိုက်တယ်လို့ ပြောရမှာကိုတော့ ငါ မကြောက်ပါဘူး။ ဒါပေမဲ့ ဒါကို ပြောရမှာ ရှက်တယ်။ ဒီလို... အဓိပ္ပာယ်မဲ့တဲ့အရာတခုအတွက်နဲ့ ထောင်ကျရမှာ၊ အလုပ်ကြမ်း စခန်းတွေဆီ ရောက်သွားရမှာကို ငါ ရှက်တယ်။ တခြားတယောက်ယောက်ကို အပြစ် ပုံချ ခံနေရပြီဆိုရင်တော့ ငါ သွားပြီး ဝန်ခံမှာပါ။ အဲ့လို မဟုတ်ဘဲနဲ့တော့... ကိုယ့်သဘောနဲ့ကိုယ် သွားဝန်ခံဖို့ဆိုတာ ငါ မလုပ်နိုင်ဘူး!"
သူသည် လက်ကို ဝှေ့ယမ်းကာ ထရပ်လိုက်ပြီး "မလုပ်နိုင်ဘူးဗျာ ! ကျွန်တော် ရှက်တယ်!" ဟု ထပ် ပြော လိုက်ပြန်သည်။