မငြိမ်းချမ်းခဲ့သော ငြိမ်းချမ်းရေး ဗိသုကာကြီး၏ နောက်ဆုံးခရီး

by Hla Soewai - Jul 13 2026

ကျောင်းသားများကို အပုတ်ချ အပနာမ စကားများကို ရေဒီယိုမှ ဆက်တိုက် ထုတ်လွှင့် ပြောကြားနေသည်မှ အပ ထူးထူးခြားခြား ဖြစ်ပေါ်ခဲ့ခြင်း မရှိပဲ ၂ ရက်သာ ကျော်လွန်လာခဲ့သည်။ အခြေအနေများက အေးအေးချမ်းချမ်းပင်။ ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်သော ကျောင်းသားများက သူတို့အား လက်တုံ့ပြန်ရန် နေဝင်းတပ်များက ခိုးကြောင်ခိုးဝှက် ကြံစည်လာနေသည့် အဖြစ်ကို မရိပ်စားမိခဲ့ကြပေ။

 

သို့သော် ကြမ္မာဆိုးများက မကြာမီ ကျရောက်လာတော့မည်။ စစ်တပ်နှင့် စစ်ထောက်လှမ်းရေးမှ ကျောင်းသားများ မမြင်ကွယ်ရာတွင် ကျောင်းဝင်း အပြင်ဘက်မှ အရံတားများနှင့် စည်းများ ကာ၍ စတင် ကန့်သတ်လာနေပြီ ဖြစ်သည်။ မည်သူမျှ ဝင်ရောက်ခွင့် မပြုတော့ပဲ ထွက်လာသူများကိုလည်း စစ်ကြောမေးမြန်းမှုများ စတင်ပြုလုပ်လာခဲ့ကြသည်။

 

ကမ္ဘာပျက်မည့်နေ့ကား သိပ်မကြာလိုက်ပဲ စတင်ရောက်ရှိခဲ့ပေသည်။ ယင်းအချိန်ကား ဒီဇင်ဘာ ၁၁ ရက် မနက် ၂ နာရီတွင် ဖြစ်သည်။ မြေတူးစက်ကြီးများက ရန်ကုန်တက္ကသိုလ်၏ ပင်မ ဂိတ်တံခါးကြီးကို ထိုးဖျက်လိုက်သည်နှင့် တစ်ပြိုင်တည်း စစ်သားများနှင့် လုံထိန်းရဲများက မျက်ရည်ယို ဗုံးများ ပစ်သွင်းကာ လှံစွပ်တဖွေးဖွေးဖြင့် ကျူးကျော်ဝင်ရောက် လာခဲ့ကြသည်။

 

မြေတူးစက်ကြီးနှင့် တပ်ခွဲတခွဲက ငြိမ်းချမ်းရေး ဂူဗိမာန်ရှိရာသို့ ဦးတည်သွားခဲ့ကြပြီး ကျန်သည့် တပ်ဖွဲ့များက ကျောင်းဝင်းအတွင်း မဲမဲမြင်ရာ အကုန် ဖမ်းဆီးခဲ့ကြသည်။ ငြိမ်းချမ်းရေး ဗိမာန်ကြီးတွင်ကား ကျောင်းသားများ၏ ခုခံမှုကြောင့် ပို၍ ပြင်းထန်ကာ သွေးစွန်းခဲ့ရချေပြီ။

 

စစ်သားများက ငြိမ်းချမ်းရေး ဂူဗိမာန်ကြီးအနား ချဉ်းကပ်လာသည်နှင့်အမျှ လမ်းတလျှောက်တွင် တွေ့သမျှသော ကျောင်းသား ကျောင်းသူများကို လှံစွပ်များဖြင့် ထိုးသတ်ခဲ့ကြသည်။ ရဲဝံ့သော ကျောင်းသူများက အုတ်ဂူအား ဝမ်းလျားမှောက် ကာကွယ်ထားကြသဖြင့် သူတို့၏ ကိုယ်မှ စီးဆင်းလာနေသော သွေးများက အကြမ်းဖက်မှုကို အသွေးထဲ အသားထဲက စက်ဆုပ်ရွံရှာပြီး ကာကွယ်ဟန့်တားနိုင်ရေးကို ဦးဆောင်ဦးရွက်ပြုခဲ့သည့် ငြိမ်းချမ်းရေး တရားရှင်ကြီး လဲလျောင်းရာ တဝိုက်တွင် အိုင်ထွန်းနေပေပြီ။

 

စစ်ထရပ်ကားများ တစီးပြီးတစီး ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်လာကြပြီး သေဆုံးနေသော၊ မသေမရှင် ဖြစ်နေသော ကျောင်းသားနှင့် သံဃာတော်များအား ထရပ်ကားများပေါ်သို့ တဝုန်းဝုန်းနှင့် ပစ်တင်ခဲ့ကြသည်။ အထိအခိုက်မရှိသူများအား အမိုးမပါသောထရပ်ကားများပေါ် တက်စေပြီး ဒူးထောက်ပုံစံ ထိုင်ခိုင်းထားကာ စက်သေနတ်များဖြင့် ချိန်ရွယ်ထားကြသည်။

 

ယင်းကဲ့သို့ ကျောင်းတွင်းသို့ ဝင်ရောက်စီးနင်း သတ်ဖြတ်မှုသည် မနက် ၈ နာရီမှ ပြီးစီးသွားခဲ့လေသည်။ ဖမ်းဆီးထားသူများကို ထရပ်ကားများနှင့် အင်းစိန်ထောင်သို့ ခေါ်ဆောင်သွားခဲ့ကြသည်။

 

ရန်ကုန်တက္ကသိုလ်အား မြန်မာ့တပ်မတော်မှ သတ္တိ ပြောင်မြောက်စွာဖြင့် အကျအဆုံးတစုံတရာမရှိ အောင်မြင်စွာ စီးနင်းသိမ်းပိုက်နိုင်ခဲ့သော်လည်း ကျောင်းဝင်းအတွင်း လူသတ်ပွဲကြီးနှင့် ဂူဗိမာန်ကြီး အဖြိုခံလိုက်ရပြီဆိုသော သတင်းက ရန်ကုန်မြို့အတွင်း ပျံ့နှံ့သွားရာ ကြားရသူ လူထုကြီးမှ မခံမရပ်နိုင် ဖြစ်ကြရကာ ရန်ကုန်မြို့တွင်း မဲမဲမြင်ရာကို စတင်ဖျက်ဆီးကြတော့သည်။

 

အဓိက ဖျက်ဆီးခံရသည့် နေရာများမှာ မြို့နယ်အသီးသီးရှိ ပါတီယူနစ် ရုံးများ ဖြစ်ကြသည်။ ယင်းနောက် အစိုးရ အဆောက်အအုံများ၊ ရဲစခန်းများနှင့် ရုပ်ရှင်ရုံများပါ ဖျက်ဆီး မီးရှို့ခဲ့ကြသည်။

 

ရန်ကုန်မြို့ကြီးကား စစ်မြေပြင်တခုအသွင် တမဟုတ်ချင်း ပြောင်းလဲသွားခဲ့ပေတော့သည်။ သံချပ်ကာကားများ၊ တင့်ကားများက ရန်ကုန်လမ်းမကြီးများပေါ်တွင် မောင်းနှင်လျက်ရှိသည်။ အသင့်ခေါ်ယူထားသော တိုင်းရင်းသားများနှင့် ဖွဲ့စည်းထားသည့် တပ်များက ဂျီသရီး သေနတ်များဖြင့် လူထုကြီးအား စတင်ပစ်ခတ်ခဲ့ကြသည်။

 

နောက်မှလိုက်လာသော စစ်ထရပ်ကားများက သေဆုံး၊ ဒဏ်ရာရသူများကို ကားပေါ်ပစ်တင်ပြီး လူထောင်ပေါင်းများစွာကို ဖမ်းဆီးခဲ့ကြသည်။ ရန်ကုန်မြို့တော်အား မာရှယ်လော ပြဋ္ဌာန်းကာ ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့သည်။ဖမ်းဆီးခံရသူများကို ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှုဖြင့် အကျဉ်းရုံး စစ်ဆေးကာ ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ချမှတ်ခဲ့သည်။ ဤမျှနှင့် မပြီးသေးပေ။ နာမည်ဆိုးဖြင့် ကျော်ကြားလှသော စစ်ထောက်လှမ်းရေးက သံသယရှိသူ ကျောင်းသားနှင့် အရပ်သားများ၏ နေအိမ်များသို့ ဝင်ရောက်ကာ ဖမ်းဆီးကြရာတွင် အထက်တန်းကျောင်းသား လူငယ်လေးများပင် ချမ်းသာမပေးခဲ့ပေ။

 

အတော်များများက အိမ်များတွင် မနေရဲကြတော့ပဲ တိမ်းရှောင်ပုန်းအောင်းခဲ့ကြသည်။ အချို့က နယ်စပ်ဒေသများသို့ ရောက်ရှိသွားခဲ့ပြီး အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့များထံ ဝင်ရောက်ခဲ့ကြသည်။ အချို့က အိမ်နီးချင်းနိုင်ငံများထဲသို့ ဝင်ရောက်ခိုလှုံခဲ့ကြသည်။ စုစုပေါင်း လူ ၇၀၀၀ ကျော် အဖမ်းခံရပြီး မန္တလေးတွင် ၄၅၀ ဖမ်းခံရပြန်သည်။

 

၁၉၇၅ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျောင်းသား၊ အလုပ်သမားများနှင့် သံဃာထောင်ပေါင်းများစွာတို့က လမ်းမများပေါ် ထွက်ကာ ဖမ်းဆီးခံထားရသူများအား လွှတ်ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြပြန်သည်။ ယခင်ကကဲ့သို့ပင် သံချပ်ကာကားများ၊ တင့်ကားများ လမ်းပေါ် ရောက်ရှိခဲ့ကြပြီး လူအများ ထပ်မံ အသက်ဆုံးခဲ့ရသည့်အပြင် အများအပြား ဖမ်းဆီးခံခဲ့ရကြပြန်သည်။

 

ဆယ်ရက်မြောက်သောနေ့မှသာ နယ်များမှ ခေါ်ယူလာသော ကြီးမားသည့် စစ်တပ်ကြီးဖြင့် တက္ကသိုလ်ဝင်းကို သိမ်းကာ ဦးသန့် အခေါင်းကိုဖော်ကာ ရွှေတိဂုံ ခြေရင်းတွင် ဂူသွင်းကြသည်။

 

(ဦးသန့်အရေးအခင်းတွင် ဖမ်းဆီးခံရသူများအနက်မှ ချင်းအမျိုးသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို ကြိုးပေးကွပ်မျက်ခဲ့သည်။ ကြိုးစင်ပေါ်တက်ခါနီးထိ အစာငတ်ခံ တိုက်ပွဲဝင်သွားခဲ့ပြီး ကွပ်မျက်ခံရမည့်နေ့တွင် ကြိုးတိုက်မှ ကြိုးစင်ရှိရာအသွား ဘဝတူများကို နှုတ်ဆက်စကားပြောကြားသည်ကိုပင် တဖက်လူ မကြားရအောင် ထောင်ဝန်ထမ်းများက အသံမျိုးစုံပေး၍ ဟန့်တားခဲ့ကြသည်ဟု ဆိုသည်။ ဆလိုင်းတင်မောင်ဦးသည် ရာဇဝတ်မှုဆို၍ အပ်တိုတစ်ချောင်းပင် ခိုးယူခဲ့ဖူးခြင်း မရှိသော လူကောင်းတစ်ဦးကို ကြိုးစင်တင် သတ်ပစ်ရလောက်အောင် စစ်အာဏာရှင်များ အဘယ်မျှ ကြောက်ရွံ့ထိတ်လန့်ခဲ့ကြသည်ကို သိနိုင်ပေသည်။ ဆလိုင်းတင်မောင်ဦးက အာဇာနည်ပီပီ ရဲဝံ့စွာဖြင့် ကြိုးစင်ပေါ် တက်သွားခဲ့ပြီး မင်းတို့ကို ဒူးထောက်ရမယ့်အစား သေတာကမှ မြတ်သေးတယ်ဟု ရဲရဲတောက် ပြောကြားသွားခဲ့သည်။ — HSW)

 

(၁၉၈၈ မတိုင်မီ နောက်ဆုံး ကျောင်းသား လှုပ်ရှားမှုကြီးအဖြစ် ၁၉၇၆ မတ်လ ၂၃ ရက်နေ့တွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း မွေးဖွားခြင်း နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ဆရာကြီးအား မြှုပ်နှံထားသည့် ရွှေတိဂုံဘုရား ခြေတော်ရင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြရာ ကျောင်းသား တစ်ရာခန့် ဖမ်းဆီးခံခဲ့ရသည်။ — HSW) ဆောင်းပါးရှင် ဟင်နရီစိုးဝင်းက ဦးသန့်အရေးအခင်း ဖြစ်ပေါ်ခဲ့ရခြင်းသည် နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည်ဟူသော အထင်အမြင်လွဲမှားမှုများ ဖယ်ရှားပေးနိုင်၍ အချက် (၃) ချက်ဖြင့် အောက်ပါအတိုင်း ရှင်းလင်းတင်ပြခဲ့ပါသည်။

 

(၁) နိုင်ငံရေး ပယောဂများ အလျင်းမပါရှိခဲ့ပဲ ကျောင်းသားများက မျိုးချစ်စိတ်ဓာတ်အပြည့်ဖြင့် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုရမည်ဟူသော ခံယူချက်သက်သက်ဖြင့် စတင်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် အစိုးရမှ လူထု၏ ဆန္ဒသဘောထားကို ပြောင်ပြောင်တင်းတင်း သျှောင်ဖယ် ဥပေက္ခာပြုခဲ့ကြခြင်းကြောင့် ယခုကဲ့သို့ ဆိုးဝါးသည့် အကျိုးဆက်များ ဖြစ်ပေါ်ခဲ့ရခြင်းသည် လက်တလော အကြောင်းရင်းပင် ဖြစ်သည်။

 

(၂) ၁၀ နှစ်ကျော်မျှ တိုင်းပြည်ကို အလွဲလွဲအချော်ချော် စီမံခန့်ခွဲခဲ့ကြသဖြင့် တိုင်းပြည်စီးပွားရေး ဘုန်းဘုန်းလဲခဲ့ရပြီး လူအများတို့သည် တခါမျှ မကြုံဖူးသော အတိုင်းအတာဖြင့် ဆင်းရဲဒုက္ခ ရောက်လာခဲ့ရခြင်းသည် ပထမ အခြေခံ အကြောင်းတရား ဖြစ်သည်။ အခြေခံ စားကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ အဝတ်အထည်ကစ၍ ရှားပါးလာကာ မှောင်ခိုဈေးကွက်တွင် ဈေးကြီးပေးကာ ဝယ်ယူသုံးစွဲခဲ့ကြရသည်။ အလုပ်လက်မဲ့များက ဒင်းကြမ်း ဖြစ်လာပြီး ကံကောင်းသူများကမူ တစ်နေ့ ၃ ကျပ် ၈၅ ပြားသာရသော အလုပ်ကို အသက်ဆက်နိုင်ဖို့အရေး ဝင်ရောက်လုပ်ကိုင်ခဲ့ကြရပြီး မြို့တော်ရန်ကုန်ရှိ တိုက်တာအဆောက်အဦးများလည်း ထိန်းသိမ်းသူမရှိ မဲညစ်လာကာ လမ်းများသည်လည်း အမှိုက်များ စုပုံလာခဲ့ပေသည်။

 

(၃) တတိယ အခြေခံ အကြောင်းတခုကား လွတ်လပ်စွာ ပြောဆိုရေးသား ဝေဖန်ခွင့် ပိတ်ပင်ခံခဲ့ရခြင်းပင်။ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်များအား ဆင်ဆာဖြင့် တင်းကျပ်စွာ ချုပ်ကိုင်ထားခဲ့သဖြင့် သတင်းစာသည်လည်း နာရေးကြော်ငြာစက္ကူဘဝ ဆိုက်ရောက်ခဲ့ရပြီး တစ်နိုင်ငံလုံး အမှောင်လွှမ်းခဲ့ရပေသည်။

 

ဆန်စပါး၊ ရွှေငွေ ကျောက်သံပတ္တမြား အအလျှံပယ်ပေါများကြွယ်ဝပြီး ရေနံ၊ သဘာဝဓာတ်ငွေ့များ ကုံလုံကြွယ်ဝနေသည့်အပြင် လှပသော ရှုခင်းများ၊ သမိုင်းဝင် စေတီပုထိုးများဖြင့် ရှုမဆုံးအောင်ရှိနေသည့် တိုင်းပြည်ရှိ ပျော်ပျော်နေတတ်ကြသော မြန်မာတမျိုးသားလုံး၏ မျက်နှာတွင် အဘယ်ကြောင့် အပြုံးများ ယခုထိ ကွယ်ပျောက်ကုန်ကြရပေသနည်း။