နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ(43)

by Hla Soewai - Jul 13 2026

ချီကာဂို ရှစ်ဦး၏ တရားခွင် (၃)

 

နေ့လယ် ၃ နာရီခန့်တွင် လူအုပ်စုထဲမှ အချို့သည် အလံတိုင်မှ အမေရိကန်အလံကို ဖြုတ်ချပြီး အနီရောင်အလံ တခုကို လွှင့်တင်ရန် ကြိုးပမ်းခဲ့ကြသည်။ ရဲတပ်ဖွဲ့ဝင်များက အမေရိကန်အလံကို ပြန်လည်သိမ်းဆည်းရန် ဝင်ရောက်လာခဲ့သည်။ ထိုအချိန်တွင် ဂျယ်ရီရူဘင် က “ရဲတွေကို သတ်ကြ! ရဲတွေကို သတ်ကြ!” ဟု အော်ဟစ်ခဲ့သည်။ အခြားဖြစ်စဉ်တခုတွင်မူ ရန်းနီဒေးဗစ် သည် နံပတ်တုတ်ဖြင့် အရိုက်ခံရပြီး သတိလစ်သွားကာ ဆေးရုံသို့ ပို့ဆောင်ခံခဲ့ရသည်။

 

ညနေပိုင်းတွင်မူ ဒီမိုကရက်များက ဟမ်ဖရေး ကို သမ္မတလောင်းအဖြစ် ရွေးချယ်တင်မြှောက်နေသော ဟိုတယ်ကြီး အနီးတွင် ရဲတပ်ဖွဲ့က လူ ၁,၅၀၀ ခန့်ပါဝင်သော ချီတက်ဆန္ဒပြသူများကို တားဆီးခဲ့သည်။ ၎င်းတို့သည် ထိုဧရိယာအတွင်းရှိ လမ်းဆုံလမ်းခွများစွာ၌ မျက်ရည်ယိုဗုံးများ၊ နံပတ်တုတ်များဖြင့် ဆန္ဒပြသူများကို တိုက်ခိုက်ခဲ့ကြသည်။

 

 အဆိုပါ ရိုက်နှက်မှု မြင်ကွင်းများကို တနိုင်ငံလုံးသို့ ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။ ဤသည်မှာ အမေရိကန်တို့ အမှတ်ရနေကြသည့် အဓိကရုဏ်းပင်ဖြစ်သည်။ ဤဖြစ်ရပ်ကို ဆန္ဒပြသူများ၏ အဓိကရုဏ်းဟု ခေါ်ဆိုမည်လော၊ သို့မဟုတ် ရဲတပ်ဖွဲ့၏ အဓိကရုဏ်းဟု ခေါ်ဆိုမည်လော ဆိုသည်မှာမူ အမြင်သဘောထားကွဲပြားစရာ ကိစ္စရပ်တခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။

 

ကြာသပတေးနေ့ အရောက်တွင်မူ တုတ်ဖြင့်ရိုက်နှက်မှုများနှင့် မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်မှုများ ငြိမ်သက်သွားခဲ့သည်။ သို့သော် ဆန္ဒပြမှုများမှာ ဆက်လက်ဖြစ်ပွားနေဆဲပင်။ ပန်းခြံအတွင်းရှိ ရဲတပ်ဖွဲ့၏ အသွင်ယူ ထောက်လှမ်းရေးတဦးသည် စစ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ နှစ်ဦးဖြစ်သည့် ဂျွန်ဖရိုနက်စ် နှင့် လီ ဝိုင်နာ တို့ကို ပစ်မှတ်ထားခဲ့သည်။ 

 

ထိုထောက်လှမ်းရေး၏ ပြောကြားချက်အရ ဖရိုနက်စ်က ဆန္ဒပြသူများကို ရဲတပ်ဖွဲ့အား တိုက်ခိုက်ရန် ခဲယမ်းများ ပိုမိုယူဆောင်လာဖို့ တိုက်တွန်းခဲ့သည်ဟု ဆိုသည်။ တဖက်တွင်လည်း ဝိုင်နာသည် ချီကာဂိုမြို့လယ်ခေါင် တွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေရန် မော်လိုတော့ဗ် ကော့တေး ခေါ် လက်လုပ်ဗုံး အသုံးပြုမည့် အစီအစဉ်အကြောင်းကို ၎င်းအား ပြောပြခဲ့သည်ဟု စွပ်စွဲခဲ့သည်။ 

 

ဝိုင်နာက ထိုလက်လုပ်ဗုံးများ ပြုလုပ်ရန် လိုအပ်သည့် ပုလင်းများ၊ သဲ၊ အဝတ်စများနှင့် ဓာတ်ဆီများကို စုဆောင်းပေးရန် ထိုထောက်လှမ်းရေးအား တောင်းဆိုခဲ့သည်။

 

ချီကာဂိုတွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များသည် အမှန်တကယ် ပင် တနိုင်ငံလုံးကို တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။ သို့သော် ၎င်းနှင့်ပတ်သက်၍ မည်သို့လုပ်ဆောင်သင့်သနည်း။ အချို့သူများက ဆန္ဒပြပွဲများအတွက် တာဝန်ရှိသည့် ခေါင်းဆောင်များကို တရားစွဲဆိုရန် တောင်းဆိုခဲ့ကြသည်။ အချို့သူများကမူ တရားစွဲဆိုရမည့်သူများမှာ ရဲအရာရှိများသာဖြစ်သည်ဟု အကြံပြုခဲ့ကြသည်။ 

 

၁၉၆၈ ခုနှစ်၊ အရပ်ဘက်ဆိုင်ရာ အခွင့်အရေးဥပဒေ (Civil Rights Act) မပြဋ္ဌာန်းမီအချိန်အထိ၊ ဆူပူအုံကြွမှုနှင့် ဆူပူရန်လှုံ့ဆော်မှုများသည် ဒေသတွင်း ရဲတပ်ဖွဲ့၏ တာဝန်သာ ဖြစ်ခဲ့သည်။ သို့သော် နိုင်ငံတဝန်းတွင် စစ်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပိုမိုများပြားလာသည့် အခါတွင်မူ ဤဆူပူအုံကြွမှု ဆန့်ကျင်ရေး ပြဋ္ဌာန်းချက်များကို အရပ်ဘက်ဆိုင်ရာ အခွင့်အရေးဥပဒေတွင် ထည့်သွင်းခဲ့သည်။ ထိုပြဋ္ဌာန်းချက်များအရ ပြည်နယ်နယ်နိမိတ်ကို ကျော်လွန်၍ ဆူပူအုံကြွမှုဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် သွားလာခြင်းကို ဖက်ဒရယ်ပြစ်မှုအဖြစ် သတ်မှတ်ခဲ့သည်။

 

သမ္မတဂျွန်ဆင်၏ တရားရေးဌာနသည် ချီကာဂိုမြို့တွင် ဖြစ်ပွားခဲ့သော အမှုအတွက် ပြဋ္ဌာန်းချက်အသစ်များကို အသုံးပြု၍ တရားစွဲဆိုရန် ဝန်လေးနေခဲ့သည်။ တရားရေးဝန်ကြီး ရမ်ဆေးကလာ့ခ် က ထိုဖြစ်စဉ်ကို ရဲတပ်ဖွဲ့၏ အဓိကရုဏ်းတခုအဖြစ်သာ ရှုမြင်ခဲ့သည်။ သူသည် ဆန္ဒပြသူများကို အဓိကရုဏ်းဖြစ်စေမှုဖြင့် တရားစွဲဆိုခြင်းထက် ရဲအရာရှိများကို ရက်စက်ကြမ်းကြုတ်မှုဖြင့် တရားစွဲဆိုရန် ပိုမိုစိတ်ဝင်စားနေခဲ့သည်။ 

 

ဆန္ဒပြခေါင်းဆောင်များကို တရားစွဲဆိုရန် တရားရေးဌာန၏ စိတ်ဝင်စားမှုမရှိခြင်းက မြို့တော်ဝန် ဒေလီ ကို အလွန်အမင်း ဒေါသထွက်စေခဲ့သည်။ ဒေလီသည် သူ၏ ရင်းနှီးသောမိတ်ဆွေဖြစ်သူ ဖက်ဒရယ်တရားသူကြီးတဦးအား တရားစွဲဆိုသင့်မသင့် ပဏာမ စီစစ် ဆုံးဖြတ်‌ပေးရသော Grand Jury ကို ဆင့်ခေါ်ရန် တိုက်တွန်းခဲ့ပြီး၊ အဓိကရုဏ်းဆန့်ကျင်ရေးဥပဒေကို ချိုးဖောက်မှုရှိမရှိ စစ်ဆေးစေခဲ့သည်။ ၁၉၆၉ ခုနှစ်၊ မတ်လတွင် Grand Jury အဖွဲ့က ဆန္ဒပြသူ (၈) ဦးကို တရားစွဲဆိုရန် စွဲချက်တင်ခဲ့ပြီး၊ ၎င်းနှင့် ထပ်တူညီစွာပင် ရဲအရာရှိ (၈) ဦးကိုလည်း တရားစွဲဆိုရန် စွဲချက်တင်ခဲ့သည်။

 

တရားစွဲဆိုခံရသူ ရှစ်ဦးမှာ အက်ဘီ ဟော့ဖ်မန်း၊ ဂျယ်ရီ ရူဘင် ၊ ဒေးဗစ် ဒယ်လင်ဂျာ ၊ တွမ် ဟေးဒင်၊ ရန်နီ ဒေးဗစ် ၊ ဂျွန် ဖရိုအင်နက်စ်၊ လီ ဝိုင်နာ နှင့် ဘော်ဘီ ဆီးလ် တို့ ဖြစ်ကြသည်။ ၎င်းတို့သည် စိတ်ဝင်စားဖွယ်ကောင်းသော တရားခံ အဖွဲ့တခု ဖြစ်လာသည်။ 

 

လူတိုင်းကို ပူးပေါင်းကြံစည်မှုဖြင့် စွဲချက်တင်ထားသော်လည်း အချို့သော တရားခံများမှာ တဦးနှင့်တဦးပင် တွေ့ပင် မတွေ့ဖူးကြပေ။ တရားခံများအား စစ်ဆန့်ကျင်ရေး လှုပ်ရှားမှု၏ ကဏ္ဍအသီးသီးကို ကိုယ်စားပြုသူများအဖြစ် ရွေးချယ် ထားပုံရသည်။ ဟော့ဖ်မန်းနှင့် ရူဘင်တို့မှာ ယဉ်ကျေးမှုဘက်ကို အဓိကထားသည့် "ယစ်ပီ" အဖွဲ့မှဖြစ်ပြီး၊ ဟေးဒင်၊ ဒေးဗစ်နှင့် ဒယ်လင်ဂျာတို့မှာ MOBE အဖွဲ့မှဖြစ်ကာ၊ ဘော်ဘီ ဆီးလ်မှာ လူမျိုးရေးတရားမျှတမှုကို ဦးတည်သည့် "ဘလက်ပန်သာ" (Black Panther Party) အဖွဲ့မှ ဖြစ်သည်။ 

 

ဂရန်းဂျူရီအဖွဲ့က စွဲချက်တင်သည့်အချိန်တွင် ရမ်ဆေး ကလာ့ခ် မှာ ကန့်ကွက်နိုင်စွမ်း မရှိတော့ပေ။ အိမ်ဖြူတော်တွင် ရစ်ချတ် နစ်ဆင် ရောက်ရှိနေပြီ ဖြစ်သည်။ နစ်ဆင်၏ ရှေ့နေချုပ်သစ် ဂျွန် မစ်ချယ် မှာမူ သူ၏အရင်လူကဲ့သို့ ဆန္ဒပြသူများကို အရေးယူရန် တုံ့ဆိုင်းနေခြင်း မရှိပေ။ သူသည် တရားစွဲဆိုရန် ချက်ခြင်း ဆိုသလို ခွင့်ပြုခဲ့သည်။

 

တရားခွင်ကို အမြဲလို စောင့်ကြည့်လေ့လာသူများသည် တရားခံများဘက်မှ စားပွဲနှင့် တရားလိုဘက်မှ စားပွဲတို့၏ မြင်ကွင်းကွာခြားပုံကို ထူးခြားစွာ သတိပြုမိကြသည်။ တရားခံများဘက်မှ စားပွဲတွင် တရားခံများသည် ဂျင်း ဘောင်းဘီ နှင့် ရှပ်အင်္ကျီလက်ရှည် များဖြင့် အေးအေးလူလူ ရှိနေကြသည်။ သူတို့သည် ခြေထောက်များကို ထိုင်ခုံများပေါ်တွင် သို့မဟုတ် စားပွဲပေါ်တွင်ပင် တင်ထားလေ့ရှိကြသည်။ ဟော့ဖ်မန်း နှင့် ရူဘင် တို့သည် ခေါင်းစည်းကြိုးများ၊ ကြယ်သီးများ၊ ပုတီးစေ့များနှင့် အရောင်အသွေးစုံလင်သော အင်္ကျီများကို ဝတ်ဆင်လေ့ရှိသည်။ 

 

တရားခံများသည် တရားခွင်အတွင်း ဂျယ်လီသကြားလုံးများ ဝါးစားခြင်း၊ ဟာသပြောခြင်း၊ ဝေဖန်ချက်များပေးခြင်း၊ မျက်နှာအမူအရာမျိုးစုံလုပ်ခြင်း၊ သတင်းစာဖတ်ခြင်းနှင့် အိပ်စက်ခြင်းတို့ဖြင့် ကုန်ဆုံးစေခဲ့သည်။ သူတို့သည် စားပွဲပတ်ဝန်းကျင်တွင် အဝတ်အစားများနှင့် သကြားလုံးထုပ်များကို ပြန့်ကျဲနေအောင် ထားခဲ့ကြသည်။ တရက်တွင်မူ ဆေးခြောက်ထုတ် တထုတ်ပင် တွေ့ရှိခဲ့ရသည်။ 

 

အခြားတစ်ဖက်တွင်မူ တရားလိုဘက်မှ စားပွဲမှာမူ အစိုးရ ၏ တရားဝင်မှု ၏ ပုံရိပ်ကို တွေ့နေရသည်။ ဆံပင်ဖြူနှင့် ခရိုင်ရှေ့နေချုပ် သောမတ်စ် ဖိုရန် နှင့် သူ၏လက်ထောက် လူငယ်လေး ရစ်ချတ် ရှုလ်ဇ် တို့သည် တောင့်တောင့်ကြီး ထိုင်နေကြသည်။ သူတို့သည် ဝတ်စုံပြည့်ဝတ်ဆင်ထားပြီး သပ်ရပ်မှုနှင့် ထိရောက်မှုရှိသည့် ပုံစံမျိုး ဖြစ်သည်။ တရားလိုဘက်မှ စားပွဲတွင်မူ စနစ်တကျ စီစဉ်ထားသော မှတ်စုများ၊ အညွှန်းကတ်တွဲများနှင့် ခဲတံတချောင်း၊ နှစ်ချောင်းမှလွဲ၍ ကျန်သည့်အရာများ မရှိသလောက် သန့်ရှင်းနေခဲ့သည်။