ယခုလို နွေရာသီတွင် နိုင်ငံ တောင်ဘက်သို့သွားမည့် မော်စကို ရထားဘူတာရုံများသည် အားလပ်ရက် ခရီးသွားများဖြင့် များသောအားဖြင့် စည်ကားနေတတ်သည်။ ယခုအခါတွင်မူ ဘူတာရုံများသည် လုံးဝကွဲပြားခြားနားနေသည်။ ခရိုင်းမီးယားသို့ ဦးတည်သွားသော ရထားများသည် လူသူကင်းမဲ့၍ တစ္ဆေခြောက်ခံရမတတ် ဖြစ်နေပြီး၊ စစ်ဝတ်စုံဝတ်ဆင်ထားသူများ ပိုမိုများပြားလာကာ အားလုံး၏ မျက်နှာ များ တွင်လည်း စိုးရိမ်ပူပန်မှုများက လွှမ်းမိုးနေသည်။ အချင်းချင်းလည်း ရုရှားနိုင်ငံ၏ နေရာတိုင်းတွင် ဖြစ်ပျက်နေသည့် လောင်စာဆီပြတ်လပ်မှု၊ ဒရုန်းဖြင့် တိုက်ခိုက်မှုများ၊ အင်တာနက်ပြတ်တောက်မှုများနှင့် စစ်မှုထမ်းဟောင်းများကို ပြန်လည်ခေါ်ယူမည့် ခြိမ်းခြောက် နေ မှုများအကြောင်းသာ ပြောဆိုနေကြသည်။
၂၀၂၂ ခုနှစ်တွင် ယူကရိန်းစစ်ပွဲအတွက် အရံတပ်ဖွဲ့ဝင်များကို ပထမဆုံးအကြိမ် စစ်မှုထမ်းခေါ်ယူခဲ့စဉ်က ရုရှားနိုင်ငံသားများသည် ယခုလို စိုးရိမ်ပူပန်မှုမျိုး မခံစားခဲ့ရဖူးပေ။ ကရင်မလင် နန်းတော်နှင့် နီးစပ်သည့် လူထုသဘောထားစစ်တမ်းကောက်ယူရေးအဖွဲ့ (FOM) ၏ ဇူလိုင်လ ၂ ရက်နေ့ အစီရင်ခံစာအရ ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များနှင့် ဆွေမျိုးများမှ စိုးရိမ်ပူပန်နေကြသည်ဟု ဖြေဆိုသူ ၅၅ ရာခိုင်နှုန်းရှိလာခဲ့ပြီး၊ ယခင်နှစ်က ၄၀ ရာခိုင်နှုန်းသာရှိခဲ့ရာမှ မြင့်တက်လာခြင်းဖြစ်သည်။
နိုင်ငံသားများက နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုမပြုသရွေ့ အာဏာပိုင်များကလည်း ၎င်းတို့ကို မနှောက်ယှက်ဟူ သော ဖွင့်မ ပြောဘဲ နားလည်မှု ယူထားသည့် သဘောတူညီချက်မှာ ပြိုကွဲသွားခဲ့ပြီဖြစ်သည်။ စစ်ပွဲသည် နိုင်ငံအတွင်းသို့ ရောက်ရှိလာခဲ့ပြီး လူတိုင်း၏ ပြဿနာဖြစ်လာခဲ့သည်။ တချိန်က ကာ့စ် နှင့် ဘဲလ်ဂရော့ နယ်စပ်မြို့များတွင်သာ ဖြစ်ပွားခဲ့သည့် ဒရုန်းတိုက်ခိုက်မှုများသည် ယခုအခါ နိုင်ငံ၏ အနှံ အပြားကို ခြိမ်းခြောက်လာနေသည်။ ဇူလိုင်လ ၆ ရက်နေ့တွင် ယူကရိန်းဒရုန်းများသည် ရှေ့တန်းစစ်မျက်နှာနှင့် ကီလိုမီတာ ၂,၅၀၀ ခန့် ဝေးကွာသော အုမ်းစ်မြို့ရှိ ရုရှားနိုင်ငံ၏ အကြီးဆုံးရေနံချက်စက်ရုံကို တိုက်ခိုက်ခဲ့သည်။
နိုင်ငံတဝန်းတွင် လောင်စာဆီများကို ခွဲတမ်းဖြင့် ရောင်းချနေရသည်။ ယာဉ်မောင်းများမှာ တရက်လျှင် အများဆုံး ဝယ်ယူခွင့်ရှိသည့် လီတာ ၂၀ သို့မဟုတ် ၃၀ ပြည့်မီစေရန် နှစ်နာရီ သို့မဟုတ် သုံးနာရီကြာ စောင့်ဆိုင်းနေကြရသည်။ အချို့သော ဆီဆိုင်များမှာ ဆီပြတ်လပ်သွားခဲ့ပြီဖြစ်သည်။
ခရိုင်းမီးယားနှင့် ပင်လယ်နက်ကမ်းခြေရှိ နိုဗိုရော့စီမြို့တို့တွင် အာဏာပိုင်များက လက်လီလောင်စာဆီရောင်းချမှုကို ပိတ်ပင်ထားလိုက်ပြီး အစိုးရအရာရှိများ၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများနှင့် လောင်စာဆီလုပ်ငန်းရှင်များနှင့် ဆက်စပ်သူများသာ ဆီဖြည့်ခွင့်ရှိတော့သည်။ နိုဗိုရော့စီအနီးရှိ ရေနံစက်ရုံနှစ်ရုံမှာလည်း ဖျက်ဆီးခံထားရသည်။လောင်စာဆီပြတ်လပ်မှုကြောင့် အစားအသောက်ပို့ဆောင်ရေးနှင့် အခြားသော ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ ထိခိုက်လာတော့ မည် ဖြစ်သည်။ အစားအသောက်ဈေးနှုန်းများမှာလည်း မြင့်တက် နေပြီး၊ ဇွန်လအတွင်းက အာလူးဈေးနှုန်းသည် ယခင်တလကထက် ၄.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အချို့သော တောင်သူလယ်သမားများကမူ လောင်စာဆီပြတ်လပ်မှုများ ဆက်လက်ဖြစ်ပေါ်နေပါက ၎င်းတို့၏ သီးနှံများကို ရိတ်သိမ်းနိုင်တော့မည်မဟုတ်ကြောင်း ပြောဆို ညည်းညူ နေကြသည်။
ရုရှားနိုင်ငံ တောင်ပိုင်း၊ ရော့စတော့ ဒေသတွင် ဒေသထွက်ကုန်ပစ္စည်းများကို ရောင်းချသည့် ဆိုင် ပိုင်ရှင်အမျိုးသမီးက သူ့အဖို့ ကိုယ်ပိုင်လောင်စာဆီတင်ကားတစီးရှိဖို့သာ အိပ်မက်မက်မိကြောင်း ပြောကြားသည်။
"သူတို့ရဲ့ စိတ်ကူးယဉ် အစီအစဉ်တွေ၊ ရည်မှန်းချက်ကြီးကြီးတွေနဲ့ သူတို့အားလုံး ငရဲကိုပဲ သွားကြပါတော့" ဟု သူမက ဆိုသည်။ "သူတို့" ဟူသည့်အထဲတွင် ဗလာဒီမာပူတင်၊ ဒေါ်နယ်ထရမ့်၊ ဗိုလိုဒီမာ ဇာလန်စကီး၊ အီမန်နျူရယ် မက်ခရွန်နှင့် ဒေသန္တရအုပ်ချုပ်ရေးမှူးများအားလုံး ပါဝင်သည်။
"အရင်တုန်းကဆိုရင် ကျမတို့ အေးအေးဆေးဆေးပဲ နေခဲ့ကြရတာ။ အခုတော့ တခုပြီးတခု ပြဿနာတွေနဲ့ပဲ အသက်လုပြီး နပမ်းလုံး နေရတဲ့ ဘဝမျိုး ဖြစ်နေပြီ" ဟု သူမက ပြောသည်။
လူထု ၏ စိတ်သဘောထားမှာ စိတ်ပျက်အားငယ်ခြင်းမှသည် အာဏာပိုင်များအပေါ် ပြင်းထန်သောမုန်းတီးမှုအဖြစ်သို့ ပြောင်းလဲလာနေသည်။ လူအများ ဒေါသထွက်နေရခြင်းမှာ လောင်စာဆီပြတ်လပ်မှုနှင့် အင်တာနက်ပြတ်တောက်မှုများကြောင့်သာမက ကရင်မလင် နန်းတော်၏ ဝါဒဖြန့်စကားများနှင့် လက်ရှိ ဖြစ်ပျက်နေမှု များအကြား ကွာဟချက် ကြီးမားလာခြင်းကြောင့်လည်း ဖြစ်သည်။
"ဒီအခြေအနေကနေ လွတ်မြောက်ဖို့ တခုတည်းသောနည်းလမ်းကတော့ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ပဲ၊ ရုရှားတပ်ဖွဲ့တွေ စစ်မျက်နှာ အားလုံးမှာ ယုံကြည်မှု အပြည့်နဲ့ ရှေ့ကို တိုးပြီး ချီတက်နေတယ်ဆိုတဲ့ ပျော်ရွှင်စရာသတင်းတွေကို လေးနှစ်လုံးလုံး ကြားလာခဲ့ရတာ။ ဒါပေမဲ့ မြေပုံတွေကို ကြည့်လိုက်ရင်တော့ အားလုံးက ရွှံ့နွံထဲမှာနစ်ပြီး လိပ်ခဲတည်းလည်း ဖြစ်နေကြတာပါပဲ" ဟု ပြောလာကြသည်။
ပူတင်ကမူ စစ်ပွဲသည် အစီအစဉ်အတိုင်း တိုးတက်နေဆဲဖြစ်ကြောင်း ဆက်လက်ပြောဆိုနေဆဲဖြစ်သည်။ မကြာသေးမီက ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် သူသည် စာသားကြည့် ဖတ်လို့ရသည့် စက် မှ အဖြေများကို ဖတ်ကြားရင်း "အရာအားလုံးသည် တည်ငြိမ်စွာ လည်ပတ်နေပြီး ခံနိုင်ရည်ရှိမှု အတိုင်းအတာတခုအထိ ရှိနေပါသည်" ဟု ပြောကြားခဲ့သည်။ အခြေအနေပြောင်းလဲ လာမှုများကို ဝန်ခံ မှု မရှိသ လောက် ဖြစ်နေသဖြင့် သူသည် နောက်ထပ်ဘာဆက်လုပ်ရမည်ကို ဆုံးဖြတ်ဆဲဖြစ်နိုင်ကြောင်း အရိပ်အယောင်ပြနေသည်။ ရုရှားနိုင်ငံသားအများစုကမူ သူသည် ဆုံးရှုံးမှုများကို လျှော့ချနိုင်ဖို့ စစ်ပွဲကို အဆုံးသတ်မည့်အစား ပဋိပက္ခကို ပိုမိုပြင်းထန်လာစေရန် အရှိန်မြှင့် လာမည်ကို စိုးရိမ်နေကြသည်။
လူငယ်များသည် စစ်မှုထမ်းခေါ်ယူသူများ ရှာဖွေရခက်ခဲမည့် ကျေးလက်ဒေသသို့ ပြောင်းရွှေ့ရန် စဉ်းစားနေပြီး တဦးက ဆိုလျှင် "ရုံးကိုသွားတာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ တူလာလိမ့်မယ်" ဟု ပြောကြသည်။ ၎င်း၏ လုပ်ဖော်ကိုင်ဖက် အများအပြားသည်လည်း နိုင်ငံမှ ထွက်ခွာသွားရန် စဉ်းစားနေကြသည်။ ပြည်ပသို့ ထွက်ခွာရေးနှင့်ပတ်သက်သည့် ဆွေးနွေးမှုများမှာ ၂၀၂၂ ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိနေသည်။
ဇွန်လလယ်ပိုင်းကတည်းက ဒေသခံများက လူမြင်ကွင်းတွင်ဖြစ်စေ၊ အိမ်တိုင်ရာရောက် ဝင်ရောက်ရှာဖွေကာ အမျိုးသားများကို ဖမ်းဆီးခေါ်ဆောင်သွားပြီး စုရပ်များသို့ ပို့ဆောင်ကာ စစ်တပ်နှင့် စာချုပ်ချုပ်ဆိုရန် အတင်းအကျပ်စေခိုင်းနေကြောင်း ပြောဆိုသံများ ထွက်ပေါ်လာခဲ့သည်။
ယခုအခါ လမ်းမများပေါ်တွင် အမျိုးသားများကို မြင်တွေ့ရမှု သိသိသာသာ နည်းပါးသွားသည်။ ဒေသခံတဦးဖြစ်သူ အယ်လီနာက "ကျွန်မ ခင်ပွန်းကို အိမ်ပြင်မထွက်ဖို့ တားမြစ်ထားတယ်။ ကျွန်မ အပြင်ထွက်တဲ့အခါ သူ့ကို အပြင်ကနေ သော့ခတ်ထားခဲ့ရတယ်။ ကျွန်မတို့ တနေကုန် ကုလားကာတွေ ပိတ်ထားကြတယ်" ဟု ပြောသည်။ ပန်ဇာ မြို့၏ စစ်ဘက်ဆိုင်ရာ ကော်မရှင်နာ အန်ဒရီ ဆူရ်ကော့ဗ် ကမူ ထိုသို့ စီးနင်းရှာဖွေမှုများသည် စစ်မှုထမ်းရန် ရှောင်တိမ်းနေသူများနှင့် တပ်ပြေးများကို ရှာဖွေခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆန့်ကျင်ကန့်ကွက်မှုများမှာ ပို၍ ပြင်းထန်လာသည်။ ဇွန်လ ၂၅ ရက်နေ့တွင် စစ်မှုထမ်းဟောင်းတဦးက အင်စတာဂရမ် တွင် ပူတင်ထံသို့ အသနားခံစာတခု တင်ခဲ့ပြီး၊ စစ်သားများသည် ၎င်းတို့၏ ရရှိထားသောငွေကြေးများကို တပ်မှူးများထံ ပေးအပ်ရန် ငြင်းဆန်ခြင်း သို့မဟုတ် အသက်စွန့်ရမည့် တာဝန်များကို ထမ်းဆောင်ရန် ငြင်းဆန်ခြင်းကြောင့် ညှဉ်းပန်းနှိပ်စက်ခံနေရကာ အများအပြားမှာ "သုတ်သင်ခံ နေရကြောင်း ဖော်ပြထားသည်။ "ဗလာဒီမာ ဗလာဒီမီရိုဗစ်ခ်ျ ၊ ဒီကိစ္စကို သတိပြုပါ။ ကျွန်တော့်ကို လာရောက်တွေ့ဆုံဖို့ ဖိတ်ခေါ်ပါ။ မဟုတ်ရင် စစ်တပ်က သူတို့ရဲ့လက်နက်တွေကို ကရင်မလင်နန်းတော်ဘက် ပြန်လှည့်လာပါလိမ့်မယ်" ဟု ရေးသားခဲ့သည်။
ထိုပုဂ္ဂိုလ် မှာ ခန့်မှန်းထားသည့်အတိုင်း ဖမ်းဆီးခံခဲ့ရသော်လည်း (နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်)၊ သို့သော် ၎င်း၏ ဗီဒီယိုကို သန်း ၂၀ ခန့် ကြည့်ရှု ခဲ့ပြီးဖြစ်သည်။ စစ်သားများမှသည် လမ်းဘေးဈေးသည်များအထိ မကျေနပ်မှုများမှာ မြင့်တက်လာနေသည်။ နီဇနီ နော့ဂိုရော့ဒ်မြို့မှ ဆာဂေး ပြောသကဲ့သို့ပင် "ပူတင်ရဲ့ အတ္တကို ဖြည့်ဆည်းပေး နေရ တာကလွဲရင် ဒီအရာအားလုံးဟာ ဘာအတွက်လဲဆိုတာ ဘယ်သူမှ နားမလည်ကြဘူး။ လူတွေက ဆန္ဒပြရင် ထောင်ကျသွားတယ်။ အခု ကျွန်တော်တို့ မျှော်လင့်နိုင်တာတခုကတော့ သူ သေသွားဖို့ပဲ" ဟု ဆိုသည်။
(၂၀၂၆ ဇူလိုင် ၈ ရက် အီကောနော်မစ် မဂ္ဂဇင်း၏ Russians are growing anxious and angry ဆောင်းပါးကို ပြန်လည် တင်ပြသည်။)