သို့သော် လူသတ်သမား၏ အရိပ်အယောင်မျှပင် မတွေ့ရဘဲ နေ့ရက်များ ကုန်လွန်သွားခဲ့သည်။ နောက်ဆုံးတွင် အိုက်ခ်မန်း ပေါ်လာခဲ့သည်။ "မတ်လ ၁၉ ရက်၊ ဒီနေ့မှာပဲ သူ့ကို ပထမဆုံးအကြိမ် ကျွန်တော် မြင်လိုက်ရတယ်" ဟု အာဟာရိုနီက ပြောပြခဲ့သည်၊ သူ့အဖို့ ထိုမြင်ကွင်းကို ကြာမြင့်စွာ မှတ်မိနေလိမ့်မည်သာ ဖြစ်သည်။
ရုပ်ပိုင်းဆိုင်ရာအရ ဘီလူးတကောင် အလား တွေ့ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့ သော်လည်း သန်းနှင့်ချီသောသူများကို သတ်ဖြတ်ခဲ့သည့် SS ဗျူရိုကရက်တယောက်သည် လုံးဝကို သူလို ကိုယ်လို သာမန်လူတယောက် ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ သူ အံ့အားသင့်သွားခဲ့ရသည် - "အသက် ၅၀ ဝန်းကျင်၊ အရပ်အမောင်းနှင့် ခန္ဓာကိုယ်အနေအထားမှာ သာမန်သာရှိပြီး နဖူးကျယ်ကာ ဆံပင်အနည်းငယ် ကျွတ်နေသူ တစ်ယောက်ဖြစ်သည်။" ဟု အာဟာရိုနီသည် တယ်လ်အဗစ်ရှိ ၎င်း၏ အထက်အရာရှိများထံ အရေးပေါ် အစီရင်ခံစာတစ်စောင် ပေးပို့ရာတွင် ထည့်သွင်း ဖေါ်ပြခဲ့သည်။
- "ကျွန်တော်တို့အနေနဲ့ စစ်ဆင်ရေးရဲ့ နောက်တဆင့်ကို အခုချက်ချင်း စတင်သင့်ပြီလို့ ယူဆပါတယ်။ ကျွန်တော် မြင်လိုက်ရတဲ့သူဟာ အိုက်ခ်မန်း ဟုတ်မဟုတ်ဆိုတာမှာ ဘာသံသယမှ မရှိတော့ပါဘူး။" သို့သော် သေချာစေရန်အတွက် အာဟာရိုနီသည် အိုက်ခ်မန်း၏ အိမ်သို့ ပြန်သွားပြီး ဂါရီဘော်ဒီလမ်း၊ အမှတ် ၁၄ တွင် နေထိုင်သူကို လျှို့ဝှက်စွာ ဓာတ်ပုံရိုက်ယူခဲ့သည်။
၁၉၆၀ ပြည့်နှစ်၊ ဧပြီလ ၉ ရက်နေ့တွင် ဇဗီ အာဟာရိုနီ သည် တယ်လ်အဗစ်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ နှစ်ပတ်တိတိ ကြာပြီး နောက်တွင် သူသည် ဗျူနိုအေးရိစ်မြို့သို့ တဖန်ပြန်လည် ရောက်ရှိလာပြန်သည်။
ယခုတစ်ကြိမ်တွင်မူ အာဟာရိုနီ သည် အသွင်သစ်တခုကို ဖန်တီးထားသည်။ မုတ်ဆိတ်မွေးအပြင် ဆံပင်ကို ပိုရှည်လာအောင် ထားလိုက်ပြီး ဂျာမန်စီးပွားရေးလုပ်ငန်းရှင်တဦးအသွင် ဆောင်ထားသည်။ သူ၏ ယခင်ခရီးစဉ်တွင် ကူညီပေးခဲ့သည့် 'sayanim' (အစ္စရေးတို့အား သတင်းပေးကူညီသူများ) တဦးဦး နှင့် မျှ အဆက်အသွယ် လုပ်တော့မည် မဟုတ်။
တကယ်တမ်းဆိုရသော် လျှို့ဝှက် စစ်ဆင် ရေး၏ အဆင့်သစ်တခုကို ဖွင့်လှစ် လိုက်ခြင်းဖြစ်သည်။ အာဟာရိုနီအနေဖြင့် အစ္စရေးသံရုံးသို့ သွားရောက်ရန်ပင် ခွင့်ပြုချက်မရှိသလို၊ နောက်ဆုံးအကြိမ် တည်းခိုခဲ့သည့် ဟိုတယ်တွင်လည်း တည်းခိုခွင့်မရှိပေ။
အကြောင်းမှာ ယခုတကြိမ်တွင် ထိုသူလျှိုသည် အဒေါ့ဖ် အစ်ချ်မန်း ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် အာဂျင်တီးနားသို့ ပြန်လာခြင်းမဟုတ်သလို၊ အစ္စရေးသို့ ပြန်သည့်အခါတွင်လည်း တယောက်တည်း ပြန်သွားရန် အစီအစဉ်မရှိသောကြောင့်ဖြစ်သည်။
ဇဗီ အာဟာရိုနီနှင့် မော့ဆက် တို့သည် အိုဘာစတားမန်ဗန်ဖျူရာ (Obersturmbannführer - အက်စ်အက်စ်တပ်ဖွဲ့၏ အဆင့်မြင့်အရာရှိ) ကို ဖမ်းဆီးခေါ်ဆောင်သွားရန် ရောက်ရှိနေခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ၊ မည်သည့်နည်းလမ်းဖြင့်မဆို
အိုက်ခ်မန်းကို အာဂျင်တီးနားမှ လျှို့ဝှက်ခိုးထုတ်ကာ သူကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တရားစီရင်ရန် အစ္စရေးသို့ ခေါ်ဆောင်သွားမည်ဖြစ်သည်။ ယင်းသည် တရားမဝင်သော လုပ်ရပ်ဖြစ်သည်မှာ မှန် သော်လည်း မဖြစ်မနေ လုပ်ဆောင်ရ တော့မည်သာ ဖြစ်သည်။
***************************
အခန်း (၁၁)
၁၉၆၀ ပြည့်နှစ်၊ မေလ ၃ ရက်၊
အာဂျင်တီးနားနိုင်ငံ၊
ဆန်ဖာနန်ဒိုမြို့
မွန်းလွဲပိုင်းအချိန်တွင် အစ်ဆာဟာရယ် သည် ဇဗီ အာဟာရိုနီ ငှားရမ်းထားသော ကား၏ ခရီးသည်ထိုင်ခုံတွင် ထိုင်နေသည်။ ထိုကားမှာ အာဟာရိုနီ၏ အဆိုအရ "ကြီးမားပြီး စိတ်ချရသော" ကားတစ်စီးဖြစ်ပြီး၊ အဒေါ့ဖ် အိုက်ခ်မန်းကို ကို ဖမ်းဆီးရန် ရောက်လာမည့် မော့ဆက်အဖွဲ့ဝင် ဆယ်ဦးအနက်မှ အချို့ကို အလွယ်တကူ တင်ဆောင်နိုင်သည့် ကားမျိုး ဖြစ်သည်။ လက်ရှိတွင်မူ အာဟာရိုနီနှင့် ဟာရယ်တို့နှစ်ဦးသာလျှင် အိုက်ခမန်း နေအိမ်သို့ ဦးတည်သွားသော အမှတ် ၂၀၂ လမ်း တလျှောက် ဖြည်းညင်းစွာ မောင်းနှင်လာနေကြသည်။
မော့ဆက်၏ ဒါရိုက်တာဖြစ်သူ ဟာရယ်မှာ "အိုင်ခမန်း စစ်ဆင်ရေး" တွင် ပါဝင်သည့် နောက်ဆုံးရောက်ရှိလာသော အစ္စရေးထောက်လှမ်းရေးများထဲတွင် တဦးအပါအဝင် ဖြစ်သည်။
ဟာရယ် သည် အိုက်ခမန်း အား စောင့်ကြည့်ရေးနှင့် ဖမ်းဆီးရေးလုပ်ငန်းစဉ်များကို အခြားသူများထံ လွှဲအပ်ထားလိုက်ပြီး၊ သူကိုယ်တိုင်မှာမူ နောက်ကွယ်မှနေ၍ ထောက်ပံ့ပို့ဆောင်ရေးကိစ္စများကို အဓိကထား လုပ်ဆောင်နေသည်။ သူ၏ တာဝန်သည်လည်း ကြံစည်ထားသည့် ပြန်ပေးဆွဲမှုလုပ်ငန်းစဉ်နည်းတူ အရေးကြီးသော တာဝန်တခု ဖြစ်သည်။
တချိန်က အထောက်အထားမလုံလောက်မှုကြောင့် အိုက်ခ်မန်း အမှုတွဲကို ပိတ်သိမ်းခဲ့ရဖူးသူသည် ယခုအခါတွင် ဤတရားမဝင်စစ်ဆင်ရေး အောင်မြင်စေရေးအတွက် အသေးစိတ်အချက်အလက်များကိုသာ စိတ်နှစ်ကာ အာရုံစိုက်နေပြီ ဖြစ်သည်။
အာဟာရိုနီ က မီးရထားလမ်းကြောင်းကို ညွှန်ပြရင်း ထိုလမ်းကြောင်း၏ မြေဖို့ထား၍ မြင့် နေသော မြေပြင်သည် ပုန်းအောင်းပြီး စောင့်ကြည့်ရန်အတွက် အကောင်းဆုံး နေရာဖြစ်ကြောင်းနှင့် အိုက်ခ်မန်းသည် ညတိုင်း ည ၇ နာရီ ၄၀ မိနစ်တွင် လမ်းဘေးဆိုင်လေး ရှိသည့် ကားမှတ်တိုင်သို့ ဘတ်စ်ကား နံပတ် ၂၀၃ မှ ဆင်းလာလေ့ရှိသည့် အကြောင်းကို ရှင်းပြသည်။ ထို့အပြင် အိုက်ခ်မန်းသည် အိမ်ပြန်လမ်းတွင် လမ်းပြရန်အတွက် အနီရောင်နှင့် အဖြူရောင် အလင်းတန်းများ ပါရှိသည့် အရောင်နှစ်မျိုးသုံး လက်နှိပ်ဓာတ်မီးကို အသုံးပြုတတ်ကြောင်းကိုလည်း ဟာရယ်အား ပြောပြလေသည်။
အာဟာရိုနီအတွက် ဤနေ့သည် သူ လုပ်ခဲ့သည်များ၏ အနှစ်ချုပ်ရလဒ်ကို ပြသသည့်နေ့ပင် ဖြစ်သည်။ သူသည် ဟာရယ်လ်အား အိုက်ခ်မန်းနေထိုင်သည့် ရပ်ကွက်၏ အသေးစိတ်အချက်အလက်များကို ပြသရုံမျှမက၊ မရေမတွက်နိုင် အောင် ၎င်း စုံစမ်းထောက်လှမ်းခဲ့မှု များ၏ အောင်မြင်မှုကိုပါ ဂုဏ်ယူစွာ ပြသနေခြင်း ဖြစ်သည်။
သူတို့နှစ်ဦးလုံး ကျင်လည် နေရသည့် လျှို့ဝှက် လောကတွင် အာဟာရိုနီအနေဖြင့် သူ၏အောင်မြင်မှုများကို မျှဝေ ပေး နိုင်သူ အလွန်နည်းပါးလှသည်။ နောက်ဆုံး အထူးအစီအစဉ်တခုအနေဖြင့် အာဟာရိုနီသည် လမ်းထောင့်တခုကို ချိုးကွေ့လိုက်ပြီး ကားကို မသိမသာနှင့် အိမ်တအိမ် ရှေ့ကို ဖြတ်မောင်းသွားပြီး ဟာရယ်လ်အား အိမ်ကို အချိန်ယူ၍ အသေအချာ ကြည့်ရှုစေသည်။ ဤသည်မှာ အာဟာရိုနီသည် ရဲတင်းလှသည် ဟု ဆိုနိုင်သော်လည်း သူ့ဖက်က အသေအချာ တွက်ချက်ပြီး လုပ်ခဲ့ခြင်း ဖြစ်သည်။
ထို နေ့သည် အင်္ဂါနေ့ဖြစ်၍ အလုပ်ထဲ ရောက်နေမည့် အိုက်ခမန်း အိမ်ပြန်ရောက်ရန် နာရီပေါင်းများစွာ လို ပေသေးသည်။ အာဟာရိုနီ က ဗီရာ အိုင်ခမန်း သည် သူမ၏ခင်ပွန်းလောက် သတိကောင်းသူ မဟုတ်ဟု တွက်ဆကာ အိမ်ရှေ့မှ ဖြည်းညှင်းစွာ မောင်းနှင်သွားသည့် ယာဉ်ကြီးကိုလည်းကောင်း၊ သူမ၏ နေအိမ်ကို စူးစိုက်ကြည့်နေသည့် လူနှစ်ဦးကိုလည်းကောင်း သတိပြုမိမည် မဟုတ်ဟု ဆိုကာ လောင်းကြေးထပ် စွန့်စားနေခြင်း ဖြစ်သည်။
"အေးစက် တည်ငြိမ်လှပြီး မျက်နှာအမူ အရာ ကို ခန့်မှန်းရ ခက်လှသည် ဆိုသော ဟာရယ်သည်ပင် ဒီအချိန်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေတာကို ကျွန်တော် သတိထားမိတယ်" ဟု အာဟာရိုနီက ထို အကြောင်းကို နောက်ပိုင်းတွင် ရေးသားခဲ့သည်။
"သို့သော်လည်း သူက ဘာမှ မပြောဘူး၊ အိမ်ကို အနီးကပ် မြင်လိုက်ရတဲ့အခါမှာတောင် မပြောခဲ့ဘူး။" သို့သော် အစ်ဆာ ဟာရယ် သည်လည်း သူ၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး ဖြစ်သည်။ သူသည် ပြန်ပေးဆွဲမည့်လုပ်ငန်းစဉ်အတွက် အရေးကြီးသည့် ပစ္စည်းများစွာကို စုဆောင်းထားပြီး ဖြစ်သည်။ ထိုပစ္စည်းများထဲတွင် အတုပြုလုပ်သည့်ကိရိယာများ၊ ဆံပင်တုများ၊ မိတ်ကပ်များ၊ သွားတုများ၊ အိတ်ဆောင်ကင်မရာများနှင့် လက်ထိတ်များ ပါဝင်သည်။
အဖွဲ့ဝင်တစ်ဦးအနေဖြင့် ပါဝင်ရန် ဆရာဝန်တစ်ဦးကိုလည်း ရှာဖွေထားပြီးဖြစ်ကာ အိုက်ခမန်းကို အိပ်ပျော်စေရန် အသုံးပြုမည့် သင့်လျော်သော ဆေးဝါးများကိုလည်း သူ့ထံတွင် ရှိနေပြီး ဖြစ်သည်။
ဤသို့ဖြင့် အဒေါ့ဖ် အိုက်ခ်မန်း ကို ပြန်ပေးဆွဲ ခေါ်သွားနိုင်ရန်အတွက် အရေးကြီးသော အစီအစဉ်များမှာ တခုပြီးတခု အဆင်သင့် ဖြစ်လာခဲ့သည်။ အဟာရိုနီ က အိုက်ခ်မန်း ရှိသည့် နေရာကို အောင်မြင်စွာ ရှာဖွေအတည်ပြုနိုင်ခဲ့ခြင်း၊ 'အော်ပရေးရှင်း အိုက်ခ်မန်း' (Operation Eichmann) အထူးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းနိုင်ခြင်း၊ အာဂျင်တီးနားသို့ ရောက်ရှိလာခြင်းနှင့် ဖမ်းဆီးရန် လိုအပ်သော ပစ္စည်းကိရိယာများကို စုဆောင်းနိုင်ခဲ့ခြင်းတို့ ဖြစ်သည်။
အာဂျင်တီးနားတွင် အဖွဲ့သားများ ရောက်ရှိနေသည့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပင် ၎င်းတို့သည် 'တီရာ' နှင့် 'ဒိုရွန်' ဟု အမည်ဝှက်ပေးထားသော လုံခြုံသည့်အိမ်နှစ်လုံးကို ငှားရမ်းထားခဲ့သည်။ ပြန်ပေးဆွဲမှု ပြုလုပ်နိုင်ရန် လိုအပ်သော ကားများကိုလည်း ဝယ်ယူခဲ့ကြပြီး၊ ကားနံပါတ်များကို အလွယ်တကူ ပြောင်းလဲနိုင်ရန်အတွက် နှစ်ဖက်ပါသော ကားလိုင်စင်ပြားများကိုပင် ပြုလုပ်ထားခဲ့ကြသည်။
'ကျွန်တော်တို့ အောင်မြင်ခဲ့မယ်ဆိုရင်' ဟု အစ်ဆာ ဟာရယ် က အော်ပရေးရှင်းတွင် ပါဝင်သူတစ်ဦးကို မှတ်ချက်ပေးပြောဆိုခဲ့သည်။ 'ဒါဟာ ဂျူးလူမျိုးတွေကို အမြောက်အမြား သတ်ဖြတ်ခဲ့တဲ့လူကို ဂျူးလူမျိုးတွေရဲ့ ကိုယ်ပိုင် တရားရုံးကနေ တရားစီရင် နိုင်ခဲ့ပြီ ဆိုတာ သမိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်လာလိမ့်မယ်။ ဒါကြောင့်လည်း အခု လုပ်ရမယ့် အလုပ်ကို ကျွန်တော်တို့ အရင်က လုပ်ခဲ့ဖူးသမျှ အားလုံးထက် ပိုမိုမြင့်မြတ်ပြီး လူသားဆန်တဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အဓိပ္ပာယ် နဲ့လည်း ကိုက်ညီ တယ်လိုကျွန်တော် မြင်နေမိတာ ဖြစ်ပါတယ်။'"
လုပ်ရမည့် အလုပ် တခုချင်းစီသည် အလွန်အရေးပါသော်လည်း၊ နောက်ထပ် ခြေလှမ်းနှစ်ရပ်မှာ အဆုံးအဖြတ်ပေးမည့် အရေးအကြီးဆုံးအချက်များ ဖြစ်သည်။ ဟာရယ် သည် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆောင်ရွက်ရန်အတွက် အဖွဲ့ဝင်များနှင့် နေ့စဉ်တွေ့ဆုံမည်ဖြစ်ပြီး၊ သူမြင်သည့်အတိုင်း အစီအစဉ်များကို ခွင့်ပြုပေးခြင်း သို့မဟုတ် ပယ်ချခြင်းများ လုပ်ဆောင်သွားမည်ဖြစ်သည်။
အရေးအကြီးဆုံး အလုပ်မှာ အိုက်ခ်မန်းကို ကိုယ်ထိလက်ရောက် ဖမ်းဆီးထိန်းချုပ်နိုင်ဖို့ပင် ဖြစ်သည်။ ဂါရီဘော်ဒီလမ်း ရှိ အိမ်ရှေ့မှ ဇဗီ အဟာရိုနီ နှင့်အတူ ကားမောင်းဖြတ်သွားချိန်တွင်ပင်၊ ထိုကိစ္စကို မည်သို့လုပ်ရမည်ကို ဟာရယ်တယောက် ခန့်မှန်းရုံသာ တတ်နိုင်သည်။ သူသည် ဤအပိုင်းအတွက် တာဝန်ခံအဖြစ် သူ့၏ မော့ဆက် ထိပ်တန်း အေးဂျင့် တဦးဖြစ်သော ရာဖီ အီတန် ကို တာဝန်ပေးထားသည်။
အစ္စရေးနိုင်ငံ၏ စစ်ပြီးခေတ် လွတ်လပ်ရေးတိုက်ပွဲကာလအတွင်း ကျော်ကြားသော စစ်ဆင်ရေးများစွာကို ဦးဆောင်ခဲ့သည့် အစ္စရေးမြေဖွား ကွန်မန်ဒို အီတန်သည် အိုက်ခ်မန်းကို ထိန်းချုပ်နိုင်ရန် လက်ထိပ်များနှင့် ဆေးဝါးများ လိုအပ်မည်ကို ကြိုတင်မျှော်တွေး နိုင်ခဲ့သူဖြစ်သည်။
သို့သော် ပြန်ပေးဆွဲမှုပြီးနောက် အောင်မြင်သွားခဲ့လျှင်တောင်မှ၊ နောက်ထပ်ဖြစ်လာမည့်အရာမှာ အားလုံးထဲတွင် အရဲရင့်ဆုံး လုပ်ရဖို့ ရှိလာသည်က။မော့ဆက် ညွှန်ကြားရေးမှူးအနေဖြင့် ထိုနာဇီကို အာဂျင်တီးနားမှ တိတ်တဆိတ် ခိုးထုတ်သွားနိုင်မည့် နည်းလမ်းကို ရှာရဖို့ပင် ဖြစ်သည်။ ရှာမတွေ့ပါက အဒေါ့ဖ် အိုက်ခ်မန်းကို အနိုင်ယူခြင်း၊ ထိန်းချုပ်ခြင်းနှင့် ဖမ်းဆီးနိုင်ခဲ့ခြင်းတို့သည် အဓိပ္ပာယ်မဲ့သွားပေလိမ့်မည်။
ထို့အရေး အတွက် အစ်ဆာ ဟာရယ်တွင် အစီအစဉ်တခု ရှိနေသည်။
***************