ပိတ်ဆို့ ဒဏ်ခတ်မှု များ ရှိနေသည့် ကြားမှ စစ်အုပ်စုသည် မည်သည့် နည်း နှင့် လေယာဉ်ဆီများ အလုံးအရင်း နှင့် ရနေနိုင်သလဲ

by Hla Soewai - Jul 13 2026

မြန်မာစစ်တပ်အတွက် လေယာဉ်ဆီတင်သွင်းပေးနေသည့် ကွန်ရက်များနှင့် ပတ်သက်၍ တရားဝင်ဆိပ်ကမ်းမှတ်တမ်းများ၊ ပေါက်ကြားလာသော ဘဏ်စာရွက်စာတမ်းများ ကို အခြေခံ၍ လွတ်လပ်သော အဖွဲ့အစည်းများ (အထူးသဖြင့် Amnesty International နှင့် Justice For Myanmar တို့) က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ ဖေါ်ထုတ်ခဲ့ကြသည်။

 

ဇွန်လ ၃၀ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) ထိန်းချုပ် နယ်မြေ ဖြစ်သော စစ်ကိုင်းတိုင်း၊ တလိုင်းရွာ အား စစ်အုပ်စုသည် လေကြောင်း မှ နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၈ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှုများ ကို လိုအပ်မှ မဟုတ်‌ တော့ဘဲ မဟာဗျူဟာ တရပ်လို ပြောင်းလဲကျင့်သုံးလာနေသည်။

 

ထိုသို့ လုပ်လာနိုင်ခြင်းမှာလည်း လေယာဉ်ဆီများကို အဆင့်ဆင့်သော ကြားခံများ၊ ပင်လယ်ပြင်တွင် လှုပ်ရှားနေသည့် လျှို့ဝှက်ကုမ္ပဏီများနှင့် ဒေသတွင်းကုန်သွယ်ဖက်နိုင်ငံများမှတဆင့် အတားအဆီးမရှိ ရရှိနေခြင်းကြောင့် ဖြစ်သည်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက် လအနည်းငယ်အတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် လေယာဉ်ဆီအများစုသည် ပိတ်ဆို့ မှု များ မရှိ‌ သေး၍ တိုက်ရိုက်တင်သွင်း နိုင်သဖြင့် တင်သွင်းသူများကို အလွယ်တကူ ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။ သို့သော် အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂနှင့် အခြားနိုင်ငံများက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ပြီးနောက်ပိုင်းတွင် တိုက်ရိုက်မဟုတ်သည့် နည်းလမ်းများ အဖြစ် ပြောင်းလဲသွားခဲ့သည်။

 

၂၀၂၃ ခုနှစ်မှစတင်၍ မြန်မာစစ်တပ်သည် နိုင်ငံတကာ၏ ပိတ်ဆို့မှုများကို ရှောင်ရှားနိုင်ရန်အတွက် မူလထုတ်လုပ်သူ သို့မဟုတ် ရောင်းချသူကို ဖုံးကွယ်ရန်အတွက် ဆီများကို တစ်ဆင့်ပြီးတစ်ဆင့် အဆင့်ဆင့် ပြန်လည်ရောင်းချခြင်း (multiple resales) ပြုလုပ်လာကြသည်။

 

ဗီယက်နမ်ကဲ့သို့သော နိုင်ငံများရှိ သိုလှောင်ရုံများကို အဓိကအသုံးပြုလာကြသည်။ ဤသိုလှောင်ရုံများသို့ ရောက်ရှိလာသော ဆီများသည် မတူညီသော နေရာများမှ လာကြသဖြင့် ရောနှောသွားခြင်း ကြောင့် မူလဇစ်မြစ်ကို ရှာဖွေရန် ခက်ခဲစေသည်။ ထို့ပြင် သိုလှောင်ရုံပိုင်ရှင်များကလည်း ၎င်းတို့သည် သိုလှောင်ခသာယူခြင်းဖြစ်ပြီး နောက်ပိုင်း မည်သည့် နေရာ သို့ သယ်ယူသွားသည်ကို မသိရှိကြောင်း ပြောဆိုကာ တာဝန်ယူမှုကို ရှောင်လွှဲတတ်ကြသည်။

 

Amnesty International နှင့် Reuters တို့၏ စုံစမ်းဖော်ထုတ်ချက်များအရ မြန်မာနိုင်ငံသို့ လေယာဉ်ဆီများ ပေးပို့ရာတွင် အီရန်နိုင်ငံ၏ အခန်းကဏ္ဍကို တွေ့ရှိရသည်။ အဆိုပါ လေယာဉ်ဆီများကို ပို့ဆောင်ရာတွင် "Ghost ships" ဟုခေါ်သည့် သင်္ဘောအုပ်စုကို အသုံးပြုထားပြီး၊ ၎င်းတို့သည် တရားမဝင် ပို့ဆောင်မှုများတွင် အသုံးများသည့် "Spoofing" နည်းပညာကို အသုံးပြုကာ မိမိတို့၏ လုပ်ဆောင်ချက်များကို လျှို့ဝှက်ထားကြသည်။

 

Spoofing ဆိုသည်က သင်္ဘောများ၏ တည်နေရာပြစနစ် (AIS) တွင် မှားယွင်းသော အချက်အလက်များကို ပြသခြင်း သို့မဟုတ် စနစ်ကို ပိတ်ထားခြင်း၊ အမည်နှင့် အလံများကို ပြောင်းလဲခြင်း တို့ ဖြင့် ၎င်းတို့၏ ခရီးစဉ်နှင့် ပန်းတိုင်ကို ဖုံးကွယ်သည့်နည်းလမ်းဖြစ်သည်။

 

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အစိုးရ များ နှင့် မပတ်သက်သော လွတ်လပ်သည့် စုံစမ်းစစ်ဆေးသူများအဖွဲ့နှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ စုံစမ်းဖော်ထုတ်မှုအရ၊ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများ ချမှတ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်သွင်းသည့် ကွင်းဆက်မှာ သိသာထင်ရှားစွာ ပြောင်းလဲသွားကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံရှိ ဆိပ်ကမ်းအသီးသီးမှ တရားဝင်စာရွက်စာတမ်းများ၊ ပေါက်ကြားလာသော ဘဏ်စာတမ်းများနှင့် ထုတ်ပြန်ထားသော အချက်အလက်များ ကို စစ်ဆေးခြင်းအားဖြင့်၊ အဆိုပါအဖွဲ့သည် လေယာဉ်ဆီတင်သွင်းသည့် ကွန်ရက်နှင့် အဓိကပေးသွင်းသူအချို့ကို ဖော်ထုတ်နိုင်ခဲ့သည်။

 

စုံစမ်းစစ်ဆေးမှုများအရ Thomas Pek Ee Perh ပိုင်ဆိုင်သည့် BAI Pte Ltd ကုမ္ပဏီကို ၂၀၂၃ ခုနှစ်တွင် စင်ကာပူ၌ တည်ထောင်ခဲ့ကြောင်း တွေ့ရှိရသည်။ အဆိုပါကုမ္ပဏီသည် အွန်လိုင်း တွင် အစားအသောက်လုပ်ငန်းကို အဓိကထား လုပ်ကိုင်နေသည့် ပုံစံမျိုး ဖေါ်ပြထားသည်။

 

သို့သော် The Diplomat မှ ရရှိထားသော သင်္ဘောတင်ပို့မှုစာရွက်စာတမ်းများအရ BAI Pte Ltd သည် မြန်မာနိုင်ငံနှင့် ဆက်စပ်နေသော ကုမ္ပဏီများနှင့် မြန်မာစစ်တပ်ထံသို့ ရေနံထွက်ပစ္စည်းများကို တင်သွင်းပေးနေကြောင်း တွေ့ရှိရသည်။

 

အဆိုပါကုမ္ပဏီသည် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန (OFAC) က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်လည်းကောင်း၊ ကနေဒါအစိုးရက ၂၀၂၃ အောက်တိုဘာလ ၃၁ ရက်နေ့တွင်လည်းကောင်း ပိတ်ဆို့အရေးယူထားသည့် မြန်မာနိုင်ငံအခြေစိုက် ကုမ္ပဏီများဖြစ်သော "မြတ်မေတ္တာမွန် ကုမ္ပဏီ" နှင့် "ရွှေဗျိုင်းဖြူ ကုမ္ပဏီ" တို့ထံသို့ ကုန်ပစ္စည်းများ ပံ့ပိုးပေးနေသူဖြစ်သည်။ ထို့ပြင် ရွှေဗျိုင်းဖြူ ကုမ္ပဏီအနေဖြင့် ပိတ်ဆို့အရေးယူမှုများ ခံရပြီးနောက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် တည်ထောင်ခဲ့သည့် "Vital Energy Ltd" ကုမ္ပဏီထံသို့လည်း ရေနံထွက်ပစ္စည်းများကို တင်သွင်းပေးလျက်ရှိသည်။

 

စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ BAI Pte Ltd သည် မြန်မာစစ်တပ်အပါအဝင် Heyday Energy Trading Co Ltd နှင့် Brighter Energy Co Ltd ကဲ့သို့သော အဖွဲ့အစည်းများထံ ရေနံထွက်ပစ္စည်းများ ပြတ်တောက်မှုမရှိဘဲ စဉ်ဆက်မပြတ် ရောက်ရှိစေရန်အတွက် စင်ကာပူအခြေစိုက် ကုမ္ပဏီအချို့မှတစ်ဆင့် ကုန်ပစ္စည်းများကို ဝယ်ယူတင်သွင်းနေခြင်း ဖြစ်သည်။

 

စင်ကာပူနိုင်ငံ၏ ဘဏ်လုပ်ငန်းများသည် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများကို အလွန်တင်းကျပ်စွာ လိုက်နာလေ့ရှိသည်။ ပိတ်ဆို့ခံထားရသော ကုမ္ပဏီများနှင့် ငွေကြေးလွှဲပြောင်းမှု ပြုလုပ်မိပါက ဘဏ်များအနေဖြင့် ဒဏ်ငွေကြီးကြီးမားမား ပေးဆောင်ရခြင်း၊ လုပ်ငန်းလိုင်စင် ထိခိုက်ခြင်းတို့ ဖြစ်နိုင်သည်။ ထို့ကြောင့် ပိတ်ဆို့ခံထားရသော မြန်မာကုမ္ပဏီများနှင့် ငွေပေးချေမှုများကို စင်ကာပူဘဏ်များက စီမံပေးနေခြင်းမှာ ဘဏ်အဆင့်မြင့်အရာရှိများနှင့် နက်နဲသော ဆက်ဆံရေးရှိနေခြင်း သို့မဟုတ် အထူးအခွင့်အရေးပေးထားသည့် အဆင့်မြင့် ညှိနှိုင်းမှုများဖြင့် လုပ်ဆောင်နေခြင်းဖြစ်နိုင်ကြောင်း စုံစမ်းစစ်ဆေးသူများက သုံးသပ်ခဲ့ကြသည်။

 

စုံစမ်းစစ်ဆေးမှုများအရ အဆိုပါ စင်ကာပူအခြေစိုက် ကုမ္ပဏီ၏ ကိုယ်ပိုင် မှတ်တမ်းတင်စာရွက်စာတမ်း တခုတွင် “Iran-Myanmar TCR 1554” ဟု ခေါင်းစဉ်တပ်ထားသည်ကို တွေ့ရှိခဲ့ရသည်။ ဤသည်ကို ကြည့်မည်ဆိုက အဆိုပါကုမ္ပဏီသည် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှု ခံထားရသည့် အီရန်နှင့် မြန်မာ နှစ်နိုင်ငံစလုံး နှင့် တိုက်ရိုက်ချိတ်ဆက်မှုရှိနေကြောင်း ခိုင်လုံသော အထောက်အထားတခု ပင် ဖြစ်သည်။

 

အဆိုပါကုမ္ပဏီသည် ၂၀၂၆ ခုနှစ်၊ ဇွန်လအထိတိုင်အောင် မြန်မာနိုင်ငံသို့ Jet A-1 လေယာဉ်ဆီများကို တင်သွင်းပေးနေဆဲဖြစ်သည်။ တင်သွင်းရာတွင် မြန်မာနိုင်ငံကို တိုက်ရိုက်မပို့ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဆိပ်ကမ်းတစ်ခုကို အသုံးပြုကာ လမ်းကြောင်းလွဲ ဖုံးကွယ်သည့်နည်းလမ်းကို ကျင့်သုံးခဲ့သည်။

 

ကုန်ပစ္စည်းတင်ဆောင်လာသည့် MT Great Lake သင်္ဘောကို စစ်ဆေးရာတွင်လည်း မြန်မာနိုင်ငံနှင့် အီရန်နိုင်ငံတို့နှင့် ဆက်စပ်သည့် ကုမ္ပဏီများနှင့် ယခင်ကတည်းက ချိတ်ဆက်မှုများရှိကြောင်း တွေ့ရှိရသည်။

 

ငွေ ပေး ချေရာတွင် မြန်မာ စစ်အုပ်စု က ထိုင်းနိုင်ငံရှိ ကြားခံကုမ္ပဏီများဖြစ်သော Chern Charoen Co Ltd၊ Multitrade Co Ltd၊ Khun AR Trading နှင့် Dynasty Power Co Ltd တို့မှတဆင့် လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ပြထားသည်။

 

အဆိုပါငွေလွှဲမှုများမှာ 24hr Group ပိုင်ဆိုင်သည့် မြန်မာ့လေကြောင်း ကိုယ်စား လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး၊ ဥက္ကဋ္ဌဖြစ်သူ အောင်အောင်ဇော် မှာ စစ်အုပ်စု နှင့် အလွန်ရင်းနှီးသော ဆက်ဆံရေးရှိသူဖြစ်သည်။

 

ပနားမားအလံတင်ထားသည့် MT Great Lake သင်္ဘောသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ရန်ကုန်ဆိပ်ကမ်း၌ လေယာဉ်ဆီများ ချပေးခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်များထံမှ ရရှိသည့် စာရွက်စာတမ်းများအရ သိရှိရသည်။

 

စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ အဆိုပါသင်္ဘော၏ AIS စနစ် (ဂြိုဟ်တုနည်းပညာမှတစ်ဆင့် သင်္ဘော၏ ကမ္ဘာလုံးဆိုင်ရာ တည်နေရာ၊ အမြန်နှုန်းနှင့် အခြေအနေကို အချိန်နှင့်တပြေးညီ စောင့်ကြည့်သည့်စနစ်) သည် ယခင်က Amnesty International နှင့် Reuters တို့ စစ်ဆေးခဲ့သည့် သင်္ဘောများနည်းတူ Spoofing နည်းကို သုံး၍ ပိတ်ဆို့မှုများကို ရှောင်ရှားခဲ့သည်။

 

ယခုနှစ် မေလ ၂၁ ရက်မှ ဇွန်လ ၉ ရက်အတွင်း MT Great Lake သင်္ဘောသည် မလေးရှားနိုင်ငံတွင် ကျောက်ချရပ်နားထားစဉ် သင်္ဘောချင်း ဆီ ကူးပြောင်းမှု (ship-to-ship transfer) ပြုလုပ်၍ လေယာဉ်ဆီများ တင်ဆောင်ခဲ့သည်။ ထိုသို့ ဆီတင်ဆောင်နေစဉ်ကာလအတွင်း သင်္ဘော၏ တည်နေရာကို မည်သူမျှ ရှာဖွေတွေ့ရှိနိုင်ခြင်းမရှိ အောင် လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက ဖော်ပြထားသည်။

 

အဆိုပါသင်္ဘောသည် လေယာဉ်ဆီများ ချပေးပြီးနောက် ဇွန်လ ၉ ရက်နေ့တွင် ရန်ကုန်မြစ်ဝ၌ ပြန်လည်ပေါ်လာခဲ့သည်။ ထို့နောက် အဒမ် မန်ကမ်းရိုးတန်းအတိုင်း တောင်ဘက်သို့ ဆက်လက် ထွက်ခွာ သွားခဲ့ပြီး၊ ခရီးစဉ်ကို စစ်တကောင်းဟု ဖော်ပြထားသည်။

 

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းတွင် မှတ်ပုံတင်ထားသည့် ရေနံနှင့် သင်္ဘောလုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်သော Maruti Energy DMCC နှင့် Phoenix Ship Management FZE တို့သည် မြန်မာနိုင်ငံ၏ အကြီးဆုံး လောင်စာဆီတင်သွင်းသူများထဲတွင် ပါဝင်သော မြတ်မေတ္တာမွန် ကုမ္ပဏီ ထံသို့ ဒီဇယ်နှင့် ယူရီးယားဓာတ်မြေသြဇာများ တင်သွင်းပေးခဲ့ကြောင်း သိရှိရသည်။

 

၂၀၂၃ ခုနှစ်နှင့် နောက်ပိုင်းကာလများတွင် မြန်မာစစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထံ နယ်မြေများ ဆုံးရှုံးလာသည်နှင့်အမျှ လေကြောင်းတိုက်ခိုက်မှုများသည် ၎င်းတို့၏ အဓိကလက်နက် ဖြစ်လာခဲ့သည်။ စစ်ကောင်စီသည် မြေပြင်နယ်မြေများကို ထိန်းချုပ်နိုင်စွမ်း ပိုမိုကျဆင်းလာ နေချိန်တွင် လေကြောင်းမှ ဆက်လက် တိုက်ခိုက် နိုင် နေခြင်းသည် လေယာဉ်ဆီများကို ဆက်လက်ရရှိနေခြင်းကြောင့်သာ ဖြစ်နိုင်သည်။ နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများတွင် ရှိနေသည့် ဂယ်‌ ပေါက် တိုင်းသည် ဇွန်လ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုမျိုးကဲ့သို့သော လူ အများအပြား အသက်ဆုံးရှုံးစေနိုင်သည့် လေကြောင်းတိုက်ခိုက်မှုများအတွက် အဓိက အထောက်အပံ့ ဖြစ်စေနေသည်။

 

(The Diplomat မှ ၂၀၂၆ ဇူလိုင် ၈ ရက်နေ့ ဆောင်းပါး ကို ကောက်နှုတ် တင်ပြသည်။)

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!