ကြေမွ သွားခဲ့ရသော တရုတ်ပြည်၏ အိမ်မက်များ(29)

by Hla Soewai - Jul 13 2026

ပုဂ္ဂလိကကဏ္ဍ ပေါ်ပေါက်လာခြင်း (၂)

 

ထွန်းသစ်စ ပုဂ္ဂလိကကဏ္ဍ တည်ရှိခွင့်နှင့် တိုးချဲ့နိုင်ခွင့်ရရှိစေသည့် လိုအပ်သော နိုင်ငံရေးကာကွယ်မှုများနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာမူဘောင်များအပြင်၊ အခြားအချက်အလက်များစွာတို့ကလည်း ထိုသို့ လျင်မြန်စွာ တိုးတက်လာမှုကို အထောက်အကူပြုခဲ့သည်။ ပညာရှင်အချို့က ဤဖြစ်စဉ်သည် အဓိကပါဝင်ပတ်သက်သူများဖြစ်ကြသည့် စွန့်ဦးတီထွင်သူများနှင့် ဒေသန္တရအရာရှိကြီးများ၏ ကိုယ်ကျိုးစီးပွားကြောင့်ဟု သုံးသပ်ကြသည်။

 

 ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ကြီးထွားလာခြင်းသည် စွန့်ဦးတီထွင်သူများအား စည်းစိမ်ဥစ္စာများ ရရှိစုဆောင်းနိုင်စေသကဲ့သို့၊ ထိုတိုးတက်မှုများကပင် ဒေသန္တရအရာရှိများအတွက် ဝင်ငွေအရင်းအမြစ်များကို တိုးချဲ့ပေးခြင်း၊ အလုပ်အကိုင်နှင့် စီးပွားရေးတိုးတက်မှုဆိုင်ရာ ၎င်းတို့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း၊ နှင့် ယခင်က မရှိခဲ့ဖူးသည့် အခွင့်အလမ်းများမှတစ်ဆင့် အပေးအကမ်းများ ရရှိလာခြင်း နှင့် ကိုယ်ကျိုးရှာခြင်းတို့ဖြင့် ပုဂ္ဂလိကပိုင် စည်းစိမ်ဥစ္စာများ ကြွယ်ဝ လာခဲ့ကြသည်။

 

သို့သော်လည်း အခြားသော စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာအချက်များသည် ပုဂ္ဂလိကကဏ္ဍ၏ တိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ပေးရာတွင် ပိုမိုအရေးပါပြီး တိုက်ရိုက်ကျသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ဖွယ်ရှိသည်။ အရေးအကြီးဆုံးအချက်မှာ စိုက်ပျိုးရေးလုပ်ငန်းကို စုပေါင်းစနစ်မှ ဖျက်သိမ်းပြီး တပိုင်တနိုင်စနစ်သို့ ပြောင်းလဲခဲ့ခြင်း၏ အောင်မြင်မှုပင်ဖြစ်သည်။ 

 

ကျေးလက်ဒေသ ပြုပြင်ပြောင်းလဲရေးမှ ဖန်တီးပေးလိုက်သော အပြုသဘောဆောင်သည့် သံသရာသည် ပုဂ္ဂလိကကဏ္ဍ အမြစ်တွယ်ပြီး ဖွံ့ဖြိုးလာစေရန်အတွက် မရှိမဖြစ်လိုအပ်သော အခြေအနေများကို ဖန်တီးပေးခဲ့သည်။ ထောက်ပံ့ရေးဘက်မှ ကြည့်လျှင် ကျေးလက်ဒေသများတွင် ကုန်ထုတ်စွမ်းအား တိုးတက်လာခြင်းက ဝင်ငွေတခုလုံးကို မြင့်တက်စေခဲ့ပြီး၊ ထိုအချက်က ရင်းနှီးမြှုပ်နှံမှုအတွက် ပုဂ္ဂလိကစုဆောင်းငွေများကို တိုးပွားစေခဲ့သည်။

 

 ၎င်းကပင်လျှင် စွန့်ဦးတီထွင်သူ အနည်းငယ်ကို မိသားစု၊ ဆွေမျိုးများနှင့် မိတ်ဆွေများထံမှ ချေးယူခြင်း သို့မဟုတ် ၎င်းတို့၏ စုဆောင်းငွေများကို အသုံးပြုခြင်းဖြင့် အရင်းအနှီးရှာဖွေနိုင်စေခဲ့သည်။ ကျေးလက်ဒေသ၏ ကုန်ထုတ်လုပ်မှုတွင် ပို၍ ထိရောက်မှုရှိလာခြင်းက ပိုလျှံနေသော သို့မဟုတ် အသုံးမချရသေးသော ကျေးလက်ဒေသမှ လုပ်သားအင်အားစုကြီးကို လွတ်မြောက်သွားစေခဲ့ပြီး၊ ယင်းလုပ်သားများကို ကုန်ထုတ်စွမ်းအား ပိုမို မြင့်မားသည့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများသို့ စီးဝင်ရောက်ရှိစေခဲ့သည်။

 

ဝယ်လိုအားဘက်တွင်မူ ကျေးလက်ဒေသ၏ ကုန်ထုတ်စွမ်းအား မြင့်တက်လာမှုကြောင့် တောင်သူလယ်သမားများ၏ ဝင်ငွေတိုးပွားလာပြီး စားသုံးကုန်ပစ္စည်းများအတွက် ဝယ်လိုအားကို မြင့်မားလာစေခဲ့သည်။ တချိန်တည်းမှာပင် မော်စီတုန်းခေတ်၏ စီးပွားရေးပုံစံလွဲမှားမှုများကြောင့် စားသုံးကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ပြတ်လပ်မှုဆိုးရွားစွာ ဖြစ်ပေါ်ခဲ့ပြီး၊ ဝယ်ချင်သော်လည်း ဝယ်လို့မရ ဖြစ်နေမှုများကို ပုဂ္ဂလိကကဏ္ဍမှ ဖြည့်ဆည်းပေးလာခဲ့သည်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (SOEs) သည် လူအင်အား ပို လျှံနေပြီးဖြစ်၍ ခေတ်မီကဏ္ဍတွင် အလုပ်အကိုင်လိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်ခဲ့ရာ၊ ပါတီအနေဖြင့် စီးပွားရေးကို လွတ်လပ်ခွင့်ပေးရန် တွန်းအားပေးခံခဲ့ရသည်။ 

 

သို့မှသာ ပုဂ္ဂလိက ကုမ္ပဏီသစ်များသည် အလုပ်သမားဈေးကွက်သို့ အသစ်ဝင်ရောက်လာသူများကို စုပ်ယူနိုင်မည်ဖြစ်သည်။ (၁၉၈၀ ခုနှစ်မှ ၁၉၈၅ ခုနှစ်အတွင်း မှာပင် မြို့ပြဒေသများ၌ အလုပ်အကိုင်လိုအပ်သူဦးရေ ၃၇ သန်းကျော် ရှိခဲ့သည်။)

 

ထိုသို့ အဆင်သင့်ဖြစ်လာနေသော အခြေအနေများ ရှိနေသော်လည်း ပုဂ္ဂလိကလုပ်ငန်းရှင်များသည် မိမိတို့၏ လုပ်ငန်းပိုင်ဆိုင်မှုများကို ဖုံးကွယ်ထားခြင်းဖြင့် မိမိတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ခဲ့ကြသည်။ လူကြိုက်များသော နည်းလမ်းတစ်ခုမှာ ပုဂ္ဂလိကလုပ်ငန်းများ (သို့မဟုတ်) "စီယင်း" (siying) ကုမ္ပဏီများအဖြစ် မှတ်ပုံမတင်ဘဲ "စုပေါင်းလုပ်ငန်း" အဖြစ် မှတ်ပုံတင်ခြင်းပင် ဖြစ်သည် (ဥပဒေအရ နိုင်ငံတော်သည် ၁၉၈၈ ခုနှစ်အထိ ပုဂ္ဂလိကလုပ်ငန်းများကို တရားဝင် အသိအမှတ်မပြုခဲ့ပေ)။ 

 

နိုင်ငံရေးအရ အကာအကွယ်ရရှိရန်အပြင်၊ "ဦးထုပ်နီဆောင်းခြင်း" ဟုခေါ်ဆိုသော ထိုလုပ်ဆောင်ချက်မှတဆင့် စီးပွားရေးလုပ်ငန်းလိုင်စင်ရရှိရေး၊ ဘဏ်ဝန်ဆောင်မှုများနှင့် ချေးငွေရရှိရေး၊ အစိုးရနှင့် စာချုပ်ချုပ်ဆိုနိုင်ရေးတို့အတွက် အတားအဆီးများစွာကို ကျော်ဖြတ်နိုင်ရန် ပုဂ္ဂလိကလုပ်ငန်းများသည် "စုပေါင်းလုပ်ငန်း" အဖြစ် မှတ်ပုံတင်ခဲ့ကြခြင်း ဖြစ်သည်။

 

"ဦးထုပ်နီ" ဆောင်းထားခြင်းတွင်လည်း အားနည်းချက်များ ရှိနေသည်။ အကြောင်းမှာ ထိုပုဂ္ဂလိကလုပ်ငန်းများသည် နိုင်ငံရေးအရ အကာအကွယ်ရရန်အတွက် ငွေကြေးပေးဆောင်နေရသကဲ့သို့ ဖြစ်နေပြီး ဒေသန္တရ ဘတ်ဂျက်များအတွက် မဖြစ်မနေ ထည့်ဝင်ရခြင်းနှင့် ဝန်ထမ်းခန့်အပ်ခြင်းစသည့် ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးများကိုပါ ထမ်းဆောင်ခဲ့ကြရသောကြောင့် ဖြစ်သည်။ ဤရှင်သန်ရေးဗျူဟာကို အသုံးပြုသော ပုဂ္ဂလိကလုပ်ငန်းရှင်များသည် မိမိတို့၏ ပိုင်ဆိုင်မှုများအတွက် အငြင်းပွားမှုများ၊ နောက်ဆုံးတွင် ရာဇဝတ်မှုဖြင့် တရားစွဲဆိုခံရမှုများစသည့် ဥပဒေရေးရာ အန္တရာယ်များနှင့်လည်း ရင်ဆိုင်ခဲ့ကြရသည်။

 

"အနီရောင်ဦးထုပ်" ဆောင်းခြင်း သည် ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့သော်လည်း၊ TVE ခေါ် ကျေးလက်ဒေသ စက်မှုလုပ်ငန်းများအတွင်း ပုဂ္ဂလိကပိုင်လုပ်ငန်းများ၏ အချိုးအစားအတိအကျနှင့် ပတ်သက်၍ အငြင်းပွားမှုများ ရှိနေသည်။

 

 ၁၉၉၅ တွင် ပြည်နယ်စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေး စီမံခန့်ခွဲမှုဌာန (SAIC) က ပြုလုပ်ခဲ့သော စစ်တမ်းအရ "စုပေါင်းပိုင်လုပ်ငန်း" ၁၇၈,၀၀၀ အနက် ငါးခုလျှင် တခုခန့်မှာ ပုဂ္ဂလိကပိုင်ဆိုင်မှု အများစုရှိနေကြောင်း တွေ့ရှိရသည်။

 

 ဤကိန်းဂဏန်းသည် စုပေါင်းပိုင်လုပ်ငန်းများအတွင်းရှိ ပုဂ္ဂလိကလုပ်ငန်းများ၏ အချိုးအစားကို အမှန်တကယ်ထက် လျော့နည်း၍ ခန့်မှန်းထားခြင်းဖြစ်သည်မှာ သေချာသလောက်ရှိသည်။ ရာရှန်းဟွမ် ၏ သုတေသနပြုချက်တွင် စိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များကို အခြေခံ၍ ပိုမိုခိုင်လုံသော အထောက်အထားများ တွေ့ရှိရသည်။ ယင်းအထောက်အထားများအရ ၁၉၈၅ ခုနှစ်တွင် ရှိခဲ့သော TVE လုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းနီးပါးမှာ အမှန်တကယ်၌ ပုဂ္ဂလိကပိုင် လုပ်ငန်းများသာ ဖြစ်ကြောင်း ဖော်ပြထားသည်။

 

၁၉၈၀ ပြည့်လွန်နှစ်များတွင် စီးပွားရေးလုပ်ငန်းသစ်များကို စွန်ဦး ဖော်ဆောင်ခဲ့ကြသော လုပ်ငန်းရှင်များသည် လူမှုရေးနောက်ခံ အမျိုးမျိုးမှ လာကြသော်လည်း၊ အများစုမှာ ကျေးလက်ဒေသမှ ဖြစ်ကြပြီး ၎င်းအချက်မှာ တရုတ်စီးပွားရေး အသွင်ကူးပြောင်းမှုတွင် ကျေးလက်ဒေသဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၏ အရေးပါသော အခန်းကဏ္ဍကို ထပ်မံအတည်ပြုလိုက်ခြင်းပင် ဖြစ်သည်။

 

 ၁၉၉၁ ခုနှစ်တွင် ပြုလုပ်ခဲ့သော ကျေးလက်ဒေသရှိ ပုဂ္ဂလိကလုပ်ငန်းပိုင်ရှင် ၁,၁၈၇ ဦးအား စစ်တမ်းကောက်ယူမှုအရ ၄၂ ရာခိုင်နှုန်းမှာ ရွာအဆင့် တာဝန်ရှိသူ ကေဒါများ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူများ၊ ၁၉ ရာခိုင်နှုန်းမှာ တီဗွီအီး (TVEs - ကျေးလက်ဒေသ စက်မှုလုပ်ငန်းများ) ၏ အဓိကကျသည့် နေရာမှ အရာရှိ ဖြစ်ခဲ့ဖူးသူများ၊ ၁၃ ရာခိုင်နှုန်းမှာ တီဗွီအီးများတွင် လုပ်သားများအဖြစ် လုပ်ကိုင်ခဲ့ဖူးသူများ၊ နှင့် ၉ ရာခိုင်နှုန်းမှာ စစ်တပ် (PLA) မှ အငြိမ်းစား ယူခဲ့သူ များ ဖြစ်ကြသည်။ 

 

၁၉၉၁ ခုနှစ်တွင်ပင် ပြုလုပ်ခဲ့သော (မြို့ပြဒေသများတွင် အခြေစိုက်သည့်) ပုဂ္ဂလိကလုပ်ငန်းပိုင်ရှင် ၁,၈၅၃ ဦးအား စစ်တမ်းကောက်ယူမှု အရ ၃၀ ရာခိုင်နှုန်းမှာ အစိုးရပိုင်လုပ်ငန်းများ (SOEs) မှ နုတ်ထွက်လာသူများ၊ ၃၁ ရာခိုင်နှုန်းမှာ လယ်သမားများဖြစ်ခဲ့သူများ၊ ၁၆ ရာခိုင်နှုန်းမှာ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများ၊ နှင့် ၁၂ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့များ ဖြစ်ခဲ့ကြသည်။ တနည်းအားဖြင့်ဆိုရသော် ပုဂ္ဂလိကကဏ္ဍတွင် ရှေ့ဆောင်လမ်းပြခဲ့သူ အများစုမှာ အစိုးရပိုင်ကဏ္ဍ၏ အပြင်ဘက်မှ လာသူများ ဖြစ်ကြသည်။