ကျွနုပ်သာ ရှီကျင့်ပင် သို့မဟုတ် မိုဒီ ဖြစ်ခဲ့လျင်

by Hla Soewai - Jul 13 2026

မြန်မာ တို့၏ ဒီမိုကရေစီ အရေးတော်ပုံသည် လူထု၏ စိတ်ဓာတ်ခွန်အားဖြင့် အသက်ဝင်နေသော်လည်း၊ နိုင်ငံတကာ၏ ပံ့ပိုးကူညီမှု ရရှိရန်မှာမူ ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ တွက်ချက်မှုများထဲတွင် မြန်မာ့ဒီမိုကရေစီအရေးသည် ၎င်းတို့၏ အကျိုးစီးပွားအတွက် မည်မျှအရေးပါကြောင်း သက်သေပြနိုင်မှုအပေါ်တွင် များစွာ မူတည်လာနေသည်ဟု ဩစတေးလျှ ၏ Lowy Institute ယခုလို တင်ပြထားသည်။

 

"ပညာရှိက လကို ညွှန်ပြတဲ့အခါ လူမိုက်က လက်ညှိုးကိုပဲ ကြည့်တတ်တယ်" ဆိုသည့် ရှေး‌ ဟောင်း စကားပုံတခု ရှိသည်။ လွန်ခဲ့သည့် ငါးနှစ်တာ ကာလအတွင်း မြန်မာ့အရေးနှင့် ပတ်သက်ပြီး ဖြစ်ပေါ်နေသည့် ဆွေးနွေးငြင်းခုံမှု အများစုသည် "လက်ညှိုး" ကိုသာ အာရုံစိုက်နေခဲ့ကြသည်။ လက်ညိုး ဆိုသည်က စစ်အုပ်စု ကို မည်သူတွေက ထောက်ခံသလဲ၊ မည်သူ တွေက ရှုတ်ချသလဲ၊ မည်သူ တွေကတော့ နှုတ် ဆိတ်နေသလဲ ဆိုတာမျိုး ဖြစ်သည်။ 

 

သို့သော် "လ" ဆိုသည်ကတော့ ထို လက်ညိုးများကို မောင်းနှင်ပေးနေသည့် ဗျူဟာမြောက် အကျိုးစီးပွားများအား ကိုယ်စားပြုနေသည်။

 

မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုဖက်က စစ်ရာဇဝတ်မှုများကို မှတ်တမ်းတင်ခြင်း၊ နိုင်ငံတကာ၏ ကိုယ်ကျင့်တရားဆိုင်ရာ အသိစိတ်ကို နှိုးဆော်‌ ပေးနေ မှု များ နှင့် အတူ ထူးခြား ပြောင် မြောက်သည့် ကိုယ်ကျင့်တရားဆိုင်ရာ ရှင်းလင်းပြတ်သားမှု များ နှင့် ပြောဆိုခဲ့ကြသည်။ သို့သော်လည်း နိုင်ငံအစိုးရများကတော့ လျစ်လျူရှုခြင်း သို့မဟုတ် ကလည်း ဆန့်ကျင်ဘက် လုပ်ဆောင်ခြင်းမျိုး များ နှင့်သာ တုံ့ပြန်လေ့ရှိသည်။

 

တခါတရံတွင် ကျွနုပ် တို့ဖက်က မှားယွင်းသည့် မေးခွန်းကို မေးမိနေတာ မျိုး လည်း ဖြစ်နိုင်သည်။

 

"ကမ္ဘာကြီးက ဘာလို့ ပိုပြီး မလုပ်ဆောင်ပေးရတာလဲ" လို့ မေးမည့် အစား "အစိုးရတွေဟာ သူတို့ မျှော်မှန်းထားသည့် ဗျူဟာမြောက် အကျိုးစီးပွားတွေ အတိုင်း ပဲ လုပ်ဆောင်နေကြတာဆိုရင်ကော" ဆိုတဲ့ မေးခွန်းကို ကျွနုပ်တို့ မေးသင့်ပါသည်။

 

ထိရောက်သော နိုင်ငံရေးလှုပ်ရှားမှုတစ်ခု ဖြစ်လာစေရန်ကျွန်ုပ်တို့ သြဇာလွှမ်းမိုးလိုသည့် အစိုးရများ၏ လုပ်ရပ်နောက်ကွယ်မှ အခြေခံတွန်းအားပေးသည့် "ဗျူဟာမြောက် နားလည်သဘောပေါက်ထားမှု" ကို သဘောပေါက်ရန် လိုအပ် ပေသည်။

 

မြန်မာ့တော်လှန်ရေး၏ သဘောသဘာဝသည် ပြောင်းလဲတိုးတက်လာနေသောကြောင့် ဤအချက်မှာ အလွန်အရေးကြီးပါသည်။ လက်နက်ကိုင် ပဋိပက္ခနှင့်အတူ သံတမန်ရေးရာ တရားဝင်မှု အတွက်လည်း အလွန်အရေးပါသော ယှဉ်ပြိုင်ရမည့် အဆင့်‌ ရောက်လာ နေသည်။ 

 

ပြည်တွင်းတွင် လူထု၏ လက်ခံ ယုံကြည်မှုကို မရနိုင်သည့် စစ်အုပ်စုသည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို တစတစ စုဆောင်း လာနေသည်။ ဒေသတွင်း အင်အားကြီးနိုင်ငံများ၏ ထိတွေ့ဆက်ဆံမှုများ၊ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်အောက်မှ ဆက်လက်ဆောင်ရွက်နေသည့် လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရုရှားကဲ့သို့သော မိတ်ဖက်နိုင်ငံများနှင့် သံတမန်ရေးရာနှင့် စစ်ရေးဆိုင်ရာ ဆက်ဆံမှုများ ပိုမိုနက်ရှိုင်းလာခြင်းတို့သည် တရားဝင် အသိအမှတ်ပြုကြောင်း လူသိရှင်ကြား ကြေညာခြင်းမရှိဘဲ တရားဝင်မှု ကို မည်သို့ တဖြည်းဖြည်း စုဆောင်းရယူနေပုံကို ပြသနေပါသည်။ 

 

မြန်မာ့တော်လှန်ရေးသည် စစ်မြေပြင်တွင်သာမက သံတမန်ရေးရာ ရှေ့တန်းတွင်ပါ အနိုင်ရရှိမှသာ အောင်မြင်နိုင်မည် ဖြစ်သည်။

 

ထို့ အတွက် ဒီမိုကရေစီရေး လှုပ်ရှားသူများသည် မိမိတို့၏ သတင်းစကားများကို သက်ဆိုင်ရာနိုင်ငံများ၏ အကျိုးစီးပွားနှင့် တိုက်ရိုက်ကိုက်ညီအောင် ပုံစံပြောင်းလဲ တင်ပြရန် လိုအပ်သည်။

 

ဥပမာအားဖြင့် - ကျွနုပ်သည် တရုတ်အစိုးရ နေရာမှာသာဆိုလျှင် ပထမဦးစားပေးမည်က ဒီမိုကရေစီရေး မဟုတ်။ ကျွနုပ်၏ စိုးရိမ်မှုများသည် နယ်စပ်ဒေသ မတည်ငြိမ်မှု၊ ယူနန်ပြည်နယ်မှသည် အိန္ဒိယသမုဒ္ဒရာအထိ ဆက်သွယ်ထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ၏ လုံခြုံရေး၊ နှင့် ခါးပတ်လမ်း ရင်းနှီးမြှုပ်နှံမှုများအပေါ်တွင်သာ ဖြစ်ပေလိမ့်မည်။ ယင်း နှင့် အတူ စစ်အုပ်စုသည် ကျွနုပ်၏ စိုးရိမ် ပူပန် နေမှုများကို အာမ မခံနိုင်ကြောင်းကိုလည်း သိမြင်နေမည် ဖြစ်သည်။

 

တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် နယ်စပ်တလျှောက်မှ ဆိုက်ဘာလိမ်လည်မှုဂိုဏ်းများ ပေါက်ဖွားလာခြင်းကပင် စစ်အုပ်စု သည် ကျွနုပ် အတွက် "ဝန်ထုပ်ဝန်ပိုး" ဖြစ်နေကြောင်း သက်သေပြနေ၍ လက်တွေ့ကျသော အကျိုးစီးပွားကို ဦးစားပေးသည့် ပဓာနဝါဒ ကသာ နယ်စပ်ဒေသကို မည်သူက အမှန်တကယ် လုံခြုံအောင် လုပ် ပေးနိုင်မည်ဆိုသည့်အချက်ကို ပြန်လည်တွက်ချက်ရန် တွန်းအားပေးနေသည်။

 

ကျွနုပ်သာ မိုဒီ နေရာမှာသာဆိုလျှင် မြန်မာအပေါ် တရုတ်၏ တိုးပွားလာသော သြဇာလွှမ်းမိုးမှု၊ နယ်စပ်ဖြတ်ကျော် လက်နက်ကိုင်ပုန်ကန်မှုများ၊ ဆက်သွယ်ရေး စီမံကိန်းများ နှင့် ဘင်္ဂလားပင်လယ်အော်အတွင်းရှိ မဟာဗျူဟာမြောက် မျှခြေတို့နှင့် ခွဲခြား၍မရသော နိုင်ငံအဖြစ် သတ်မှတ်မည်သာ ဖြစ်သည်။

 

ဘင်္ဂလားဒေ့ရှ် နေရာမှာသာဆိုလျှင် ကျွနုပ်၏ အဓိက အရေးကြီးဆုံး စိုးရိမ်မှုမှာ ရခိုင်ပြည်နယ်မှ ထွက်ပြေးလာကြသည့် ဒုက္ခသည်များကို လက်ခံထားရခြင်းကြောင့် ဖြစ်ပေါ်လာသော ကြီးမားသည့် လူသားချင်းစာနာမှုဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးပင် ဖြစ်ပါလိမ့်မည်။

 

တဖက်တွင်လည်း အိမ်နီးချင်း အာဆီယံ နိုင်ငံများသည် ဤအကျပ်အတည်းကို ၎င်းတို့၏ ရှင်သန်ရပ်တည်ရေးအတွက် ချက်ချင်းအကျိုးသက်ရောက်မှု ရှိသည့် တိုင်းတာမှုများဖြင့်သာ ကြည့်ရှုနေကြသည် - ဘန်ကောက်က နယ်စပ်ကုန်သွယ်ရေး၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် စွမ်းအင်လုံခြုံရေးကို ဦးစားပေးသည်။ စင်ကာပူက ငွေကြေးတည်ငြိမ်မှုကို အဓိကထားပြီး ဂျကာတာနှင့် ကွာလာလမ်ပူကမူ အာဆီယံ၏ ဂုဏ်သိက္ခာနှင့် ယုံကြည်ရမှုကို အလေးချိန် ချိန်ဆနေကြသည်။ ပိုမိုဝေးကွာသည့် နိုင်ငံများအနေဖြင့် ဝါရှင်တန် က မြန်မာ့အရေးကို တရုတ်နှင့် အင်ဒို-ပစိဖိတ်ဒေသအတွင်း ယှဉ်ပြိုင်မှု ရှုထောင့်မှ ကြည့်မြင်ပြီး မော်စကို ကမူ အနောက်နိုင်ငံများ၏ သြဇာကို စိန်ခေါ်ရန် အခွင့်အရေးတခုအဖြစ် ရှုမြင်သည်။

 

ဤရှုမြင်ပုံများထဲမှ မည်သည့်နိုင်ငံကမျှ လူ့အခွင့်အရေးကို လုံးဝလျစ်လျူရှုထားသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ သို့သော် မည်သည့်နိုင်ငံ၏ ချဉ်းကပ်မှုကမျှ လူ့အခွင့်အရေးမှ စတင်၍ မစဉ်းစားကြပေ။

 

အစိုးရများသည် မိမိတို့၏ အကျိုးစီးပွားကို တိုးတက်စေမည့် လုပ်ရပ်မျိုးကိုသာ လုပ်ဆောင်ရန် ဆုံးဖြတ်လေ့ရှိကြသည်။ ဤသည်မှာ နိုင်ငံတကာ ဆက်ဆံရေးတွင် လက်တွေ့ကျသည်။ 

 

၎င်းတို့သည် အဘယ်ကြောင့် မတူညီသော ချဉ်းကပ်မှုများကို ပြုလုပ်နေကြသလဲဟု မေးခွန်းထုတ်မည့်အစား၊ မိမိတို့ တော်လှန် ရေး၏ မူဝါဒအခြေခံများကို မထိခိုက်စေဘဲ အဆိုပါနိုင်ငံများ၏ ဦးစားပေး လုပ်ငန်းစဉ်များနှင့် မည်သို့ ကိုက်ညီအောင် လုပ်ဆောင်နိုင်မည်နည်း ဆိုသည်ကိုသာ မေးခွန်းထုတ်သင့်သည်။

 

ဆိုလိုသည်မှာ ၎င်းတို့၏ အားနည်းချက်တခုချင်းစီအလိုက် မိမိတို့၏ သတင်းစကားကို ပုံဖော်ပြောဆို နိုင်ဖို့ပင် ဖြစ်သည်။ တရုတ်အစိုးရ နှင့် ထိတွေ့ဆက်ဆံရာတွင် ဒီမိုကရေစီ၏ သဘောတရားများကို မပြောဆိုမိရန် လိုအပ်သည်။ စစ်အုပ်စု ၏ လက်ရှိမတည်ငြိမ်မှုသည် တရုတ်၏ အဓိကအကျိုးစီးပွားများအတွက် တိုက်ရိုက်ထိခိုက်နစ်နာစေသော အချက်ဖြစ်ကြောင်း သက်သေပြရန် အာရုံစိုက်သင့်သည်။ 

 

အရေးကြီးဆုံးမှာ ဒီမိုကရေစီ အင်အားစုများသည် စစ်အုပ်စုထက် ပိုမိုထိရောက်စွာဖြင့် အုပ်ချုပ်ရေးအကူးအပြောင်းကို ချောမွေ့အောင် လုပ်ဆောင်နိုင်ခြင်း၊ ရာဇဝတ်ဂိုဏ်းများကို ဖြိုခွင်းနိုင်ခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးနိုင်ခြင်း စသည့် အဖွဲ့အစည်းဆိုင်ရာ စုစည်းမှုနှင့် စွမ်းဆောင်ရည်ရှိကြောင်း သက်သေပြနိုင်ရမည်ဖြစ်သည်။

 

၎င်းတို့၏ အကျိုးစီးပွားကို နားလည်ပေးခြင်းသည် လက်နက်ချခြင်း မဟုတ်။ ၎င်းသည် အသာစီးရယူနိုင်မည့် "သြဇာ" ကို ရယူခြင်းပင် ဖြစ်သည်။

 

ဒီမိုကရေစီဆိုင်ရာ စကားလုံးများကို ကျော်လွန်၍ လက်တွေ့ကျသော နိုင်ငံရေး ဘာသာစကားဖြင့် ပြောဆိုခြင်းသည် တရားမျှတမှုနှင့် တာဝန်ယူမှုကို စွန့်လွှတ်ခြင်း မဟုတ်။ ၎င်းသည် ယှဉ်ပြိုင်မှုများ ပြည့်နှက်နေသော အင်ဒို-ပစိဖိတ်ဒေသတွင် ကိုယ်ကျင့်တရားဆိုင်ရာ အကြောင်းပြချက်များထက် နိုင်ငံတခု၏ မတည်ငြိမ်မှုအပေါ် ကြောက်ရွံ့ခြင်း သို့မဟုတ် အသာစီးရလိုခြင်းများနှင့် ဆက်စပ်နေမှသာ အလေးအနက်ထားခြင်း ခံရမည်ကို လက်ခံသိရှိခြင်းသာ ဖြစ်သည်။ လွှမ်းမိုးနိုင်စွမ်းသည် စိတ်ခံစားမှုများ ကုန်ဆုံးသွားသည့်နေရာမှ စတင်သည်။

 

မြန်မာနိုင်ငံ၏ အနာဂတ်ကို နောက်ဆုံးတွင် ပြည်သူလူထု၏ သတ္တိနှင့် ခံနိုင်ရည်ကသာ အဆုံးအဖြတ်ပေး ပေလိမ့်မည်။ သို့သော်လည်း နိုင်ငံတကာ၏ ထောက်ခံမှုမှာမူ အစိုးရအသီးသီး၏ တွက်ချက်မှုများအပေါ်တွင်သာ မူတည်၍ ပုံဖော်သွားမည် ဖြစ်သည်။

 

ကိုယ်ကျင့်တရားဆိုင်ရာ သတ္တိသည် မရှိမဖြစ် လိုအပ်ဆဲပင် ဖြစ်သည်။ သို့သော်လည်း ယှဉ်ပြိုင်မှုများ ပိုမိုပြင်းထန်လာနေသော အင်ဒို-ပစိဖိတ်ဒေသတွင် မဟာဗျူဟာမြောက် နားလည်သဘောပေါက်မှု သည်လည်း အလားတူပင် မရှိမဖြစ် လိုအပ်လာလိမ့်မည် ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!