အိန္ဒိယ ကိုယ်စားလှယ် အဖွဲ့မှ တပ်ချုပ်မှူးကြီးအား လ္ဘက်ခြောက်ထုပ် လက်ဆောင်ပေး

by Hla Soewai - Oct 08 2020

မြန်မာသို့ ရောက်ရှိလာသော အိန္ဒိယ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် တပ်ချုပ်မှူးကြီး နှင့် သွားရောက် တွေ့ဆုံရာတွင် နိုင်ငံခြားရေး အတွင်းဝန် ဖြစ်သူ ဟတ်ရှ် ဗာဒဟန် မှ ဒါဂျီလင် ရှိ မီရစ်ခ် တောင်ကြားမှ ထွက်ရှိသော Seeyok တံဆိပ် လ္ဘက်ခြောက်ထုပ် လက်ဆောင်ပေးခဲ့တယ်လို့ အိန္ဒိယ နိုင်ငံထုတ် ဟိန္ဒူနစ်စတန် တိုင်းမ် သတင်းစာကြီးတွင် ရေးသားလာခဲ့ပါတယ်။

 

ဗာဒဟန်မှ မိမိသည် ဒါဂျီလင် မြို့သား ဖြစ်၍ မိမိဒေသထွက် ဟု ပြောဆိုခဲ့ရာ တပ်ချုပ်မှူးကြီးကလည်း နှင်းများ ဖုံးလွှမ်းနေသည့် ကန်ချန်ဂျန်ဂါ တောင်တန်းကြီး ရှိရာ အရပ်၏ တောင်ပေါ် မြို့ကလေး ဖြစ်သော ဒါဂျီလင် သို့ ရောက်ဖူးချင်လှကြောင်း ပြောသဖြင့် နောက်တခါ အိန္ဒိယကို ချစ်ကြည်ရေး ခရီးလာပါက ပို့ပေးမည် ဖြစ်ကြောင်း ပြန်ပြောခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်တခါ ထိုကဲ့သို့ ချစ်ကြည်ရေးမျိုး တပ်ချုပ်ကြီး အနေနှင့် လာနိုင်မည် မှာ ရေရာမှုလည်း ရှိမည် မဟုတ်တော့ဟု ဗာဒဟန်၏ စိတ်ထဲတွင် ထင်ကောင်းထင် နေပေလိမ့် မည်ဟု ကျွန်တော် အနေနဲ့ ယူဆမိပါတယ်။

 

တပ်ချုပ်ကြီး သည် ၎င်းတို့ နှင့် နယ်ခြားလုံခြုံရေးထက် ဘုရားတည်သည့် အလုပ်မျိုးကိုသာ ပိုမို အားသန်နေသည်ကို သိနေ၍လော မသိ သတင်းစာမှ တပ်ချုပ်ကြီး အတွက် တမီလ်နာဒူး ပြည်နယ်မှ ပန်းပုပညာရှင် တဦး လက်ရာမြောက်စွာ ထုဆစ်ထားသည့် ဗုဒ္ဓရုပ်ပွားတော် တဆူကိုလည်း လက်ဆောင်ပေးခဲ့တယ်လို့ ဖေါ်ပြထားပြန်ပါတယ်။ အဆိုပါ ရုပ်ပွားတော်သည် ဗုဒ္ဓဘုရားရှင် မှ တရားဒေသနာတော်များ ဟောပြော ပြသပေးနေဟန် ဖြစ်သည့် လက်မ နှင့် လက်ညိုးကို ထိစပ်ထားပြီး ကျန်လက်ချောင်း သုံးချောင်းအား အဖြောင့်ထားရှိတဲ့ မုဒြာ ဖြစ်ပြီး ဝိတက္က ဗုဒ္ဓ Vitarka Buddha လို့ ခေါ်ဆိုပါတယ်၊

 

အဆိုပါ ဗုဒ္ဓ ရုပ်ပွားတော်၏ ပါဠိ အမည်ကို သိရှိရန် တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ သတင်းစဉ်ကို ဝင်ရောက်ကြည့်ရှုရာမှာ လ္ဘက်ခြောက်ထုပ် နှင့် ဗုဒ္ဓရုပ်ပွားတော် လက်ဆောင်ပေးခဲ့တယ်လို့ မပါတာ တွေ့ရပါတယ်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒါဂျီလင် နှင့် စိမ်းသူ မဟုတ်၍ ရွှန်းရွှန်းဝေအောင် ပြောသွားနိုင်တဲ့ အပြင် သူမသည် နှစ်ပေါင်း ကိုးဆယ် သက်တမ်း ရှိပြီ ဖြစ်တဲ့ Lopchu တံဆိပ် လ္ဘက်ခြောက် မျိုးကို လွန်စွာ နှစ်သက်ကြောင်း အနံ့အရသာ ကလည်း မွှေးမွှေး လေးနဲ့ မီးသင်းနံ့ လို မျိုး ဖြစ်နေတယ်လို့ ဆိုပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည် အတွက်တော့ အိန္ဒိယ ရဲ့ နာမည်အကြီးဆုံး ဒါဂျီလင် လ္ဘက်ခြောက် မာကိုင်ဘာရီ အထုတ်ကို လက်ဆောင် အဖြစ် ပေးခဲ့ကြောင်း နှင့် ထိုတံဆိပ်သည် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ အပါအဝင် ထင်ရှားတဲ့ ပုဂ္ဂိုလ်များ ရဲ့ အကြိုက် ဖြစ်တယ်လို့လည်း သတင်းစာက ဆိုပါတယ်။

 

ဒါဂျီလင်သည် ဟိမဝန္တာ တောင်ခြေရှိရာ အနောက် ဘင်္ဂလား ပြည်နယ် ထဲရှိ အမြင့်ပေ ၄,၈၀၀ တွင် တည်ရှိသော တောင်ပေါ်မြို့ကလေး ဖြစ်ပြီး လ္ဘက်ခြောက်လုပ်ငန်းကြောင့် နာမည်ကြီး ပါတယ်။

 

မြန်မာ အစိုးရ ကြေညာချက် ထဲမှာတော့ ကိုဗစ်-၁၉ ကုသရေး အတွက် ရီမီဒီစီဗား ဆေးရည် ပုလင်း ၃,၀၀၀ အား နိုင်ငံတော် အတိုင်ပင်ခံ ကို လွှဲအပ်ပေးခဲ့တဲ့ အပြင် လိုအပ်လာလျှင် နောက်ထပ် ပေးသွားဦးမယ်လို့ ကတိပေးခဲ့ကြောင်း နဲ့ ကာကွယ်ဆေး ကို ပူးတွဲ ထုတ်လုပ်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြပါတယ်။

 

အိန္ဒိယ အနေဖြင့် ၂၀၂၁ အစောပိုင်း မှစ၍ စစ်တွေ ဆိပ်ကမ်းကို အသုံးပြုနိုင်ရေး၊ ရခိုင်ပြည်နယ်ရှိ လူငယ်များ အတွက် သက်မွေးဝမ်းကျောင်း ပညာသင်ကျောင်း ဖွင့်လှစ်ပေးရေး နှင့် နှစ်နိုင်ငံအကြား လွှတ်တော်အမတ်များ၊ လူငယ်များ အပြန်အလှန် လည်ပတ်နိုင်ရေးများကို အစိုးရနဲ့ ဆွေးနွေးခဲ့ကြတယ်လို့ ရေးသားထားပါတယ်။