မရေမရာအောင်ပွဲဆီသို့ (၆)
၂၃ ရက်နေ့တွင် မြက် တောကြီး မှ မီးထ လောင်၍ မီးတောက်များ ဝါးမြိုခံရမည့် ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ပြီးနောက်၊ နောက်တနေ့တွင် ကမ်းဘဲလ် နှင့် သူ၏ တပ်ဖွဲ့များသည် နောက်ထပ် ၁၂ မိုင်ခရီးကို ဆက်လက်ချီတက်ခဲ့ရာ ဓနုဖြူမြို့၏ အဓိကခံတပ်နှင့် ၄ မိုင်အကွာသို့ ရောက်ရှိခဲ့သည်။
ထိုနေရာမှ ဗမာ စစ်လှေတပ်စုတစု ထွက်လာပြီး သူ၏ ကင်းထောက်အဖွဲ့တဖွဲ့ကို အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ကိုက် ၈၀၀ အကျယ်ရှိသော မြစ်ထဲတွင် ကျောက်ချရပ်နားထားသည့် ကော်တွန် ၏ သင်္ဘောတပ်စုမှ တိုင်မြင့်ကြီးများကို မြူခိုးများကြားမှ ဝိုးတဝါး မြင်တွေ့နေရသည်။
မတ်လ ၂၅ ရက်နေ့တွင် ကမ်းဘဲလ် သည် တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။ သူသည် မြို့ရိုး ခံတပ် တခုလုံးကို ဝိုင်းရံရန် ရည်ရွယ်၍ ချီတက်လာခဲ့သော်လည်း မြစ်ကမ်းနားတစ်လျှောက် မိုင်ဝက်ကျော် ရှည်လျားနေသည်ကို တွေ့ရှိရသဖြင့် ထိုအစား သူ၏ လက်ဝဲဘက်တပ်ကို မြစ်ကမ်းနားတွင် နေရာယူစေပြီး၊ လက်ယာဘက်တပ်ကို မြို့ရိုးတပ်စခန်း၏ အနောက်ဘက်မျက်နှာစာ အလယ်ဗဟိုဘက်သို့ ကွေ့ဝိုက်ချထားခဲသည်၊ ထိုနေရာတွင် ရှည်လျားကျဉ်းမြောင်းပြီး လှံစွပ် များအလား အရောက်တလက်လက် တောက်ပနေသည့် ဝါးရုံတောကြီးတခု ရှိနေသည်။
၁၈၂၅ ခုနှစ်၊ မတ်လ ၂၅ ရက်၊ ထိုနေ့သည် တပေါင်းလဆန်း ၇ ရက်၊ သောကြာနေ့ဖြစ်သည်။ လမှာ ည ၁၀ နာရီခန့်တွင် လင်းလင်းရှင်းရှင်း ထွက် ပေါ်လာမည်ဖြစ်သည်။ မြန်မာတို့သည် ထိုအချိန်မတိုင်မီ ညအမှောင်ကို အားပြု၍ တိုက်ခိုက်ရခြင်းကို နှစ်သက်ကြသည်။ အကြောင်းမှာ နောက်ဆုတ်ရပါက မှောင်မိုက်နေသည့် အချိန်တွင် အလွယ်တကူ ဆုတ်ခွာနိုင်ရန် ဖြစ်သည်။ ဤအချက်ကို သိရှိထားသော ဗြိတိသျှတို့သည် ကင်းစောင့်စစ်ကြောင်း ကို အခိုင်အမာ ကြိုတင်ချထားခဲ့သည်။
မဟာ ဗန္ဓုလသည် ခံတပ်အတွင်းရှိ ဧရာမသစ်ပင်ကြီးတပင်ပေါ်တွင် ကင်း မျှော်စင်တခုကို တည်ဆောက်ခဲ့သည်။ ထိုမျှော်စင်တွင် အဆင့်သုံးဆင့်ဖြင့် အမြင့်နေရာများတွင် ထားရှိသော အမြောက်ကြီး သုံးလက်ရှိသည်။ ထိုနေရာမှနေ၍ ဗန္ဓုလသည် ဗြိတိသျှတို့၏ စစ်ရေးပြင်ဆင်မှုများကို အနီးကပ် စောင့်ကြည့်ခဲ့သည်။ စနော့ဂရပ်စ် ၏ မှတ်တမ်းတင်ချက်အရ 'ခံတပ်အတွင်းတွင် ခေါင်းဆောင်၏ စနစ်တကျစီမံခန့်ခွဲမှုနှင့် ဆုံးဖြတ်ချက်တို့ကို ဖော်ပြနေပြီး၊ တပ်စခန်းအတွင်း စည်းကမ်း၊ ယုံကြည်မှုနှင့် ပုံမှန်လုပ်ဆောင်မှုများဖြင့် ပြည့်နှက်နေသည်' ဟု ဆိုသည်။
သစ်ပင်ထက်မှနေ၍ ဗြိတိသျှတပ်၏ ညာ တောင်ကပံ သည် တောမနက်သည့် တနေရာတွင်သာ ခိုအောင်းနေကြောင်း အားနည်းချက်ကို မြင်တွေ့လိုက်ရသည့်အခါ ဗန္ဓုလ သည် ည ၉ နာရီခွဲအချိန်ခန့်တွင် ထိုနေရာကို ရုတ်တရက် အလစ်ဝင်ရောက် တိုက်ခိုက်လိုက်သည်။
ဗြိတိသျှတို့၏ ညာဘက်အခြမ်းရှိ ကင်းစခန်းမှ သေနတ်များ ပစ်ဖောက်သတိပေးပြီးနောက် ပင်မ တပ်စခန်းဆီသို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ ထိုအချိန်တွင် စည်တော်သံများ ပေါ်ထွက်လာပြီးနောက် သေနတ်သံများ ဟိန်းထွက်လာကာ၊ ပင်မ ခံတပ်၏ နောက်ဘက်မှ လျှို့ဝှက်ချဉ်းကပ်လာသော မြန်မာ့တပ်ဖွဲ့ကြီးထံမှ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည့် စစ်ချီသံကြီးနှင့် အတူ ဗြိတိသျှတို့၏ ညာဘက်အခြမ်းကို ဝိုင်းပတ်တိုက်ခိုက်ရန် အနောက်မြောက်ဘက်သို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်လာခဲ့သည်။
အင်္ဂလိပ် စစ်တပ်၏ အမှတ် (၃၈) တပ်ရင်းနှင့် အမှတ် (၂၆) တပ်ရင်းဖြစ်သော မဒရပ်စ် ခြေလျင်တပ်များသည် ချက်ချင်းပင် ၎င်းတို့၏ ရှေ့တန်းမျက်နှာစာကို ညာဘက်သို့ ပြောင်းလိုက်ကြသည်။ ပိုမိုချိန်ရွယ်ပစ်ခတ်နိုင်ရန် ဒူးထောက်လိုက်ကြပြီး၊ တိုက်ခိုက်လာသော မြန်မာ့တပ်များ ကိုက် ၃၀ အကွာသို့ ရောက်ရှိလာသည်အထိ စောင့်ဆိုင်းကာ ရန်သူတို့ မိုက်မိုက်မဲမဲ မီးရှို့ထားသော တဲအိမ်များ၏ မီးရောင်အောက်တွင် ပြင်းပြင်းထန်ထန် တန်ပြန်တိုက်ခိုက်ခဲ့ကြသည်။
အမှောင်ထုထဲတွင် စည်သံ မောင်း သံများ ထပ်မံထွက်ပေါ်လာပြီးနောက် ရန်သူတို့ ဆုတ်ခွာသွားခဲ့သည်။ ထို့နောက် တဖန်ပြန်၍ အားကုန်တိုက်ခိုက်လာပြန်သော်လည်း၊ ယခုတကြိမ်တွင်မူ အမြောက်တပ်များ ရောက်ရှိလာပြီး ကျည်ဆန်မိုးများ ရွာချလိုက်သဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။ စည် သံ မောင်းသံ များဖြင့် ထပ်၍ အားကုန်တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။
စနစ်တကျနှင့် တသမတ်တည်း ပစ်ခတ်နေသော သေနတ်သံများသည် ရှေ့ဆုံးမှ တိုက်ခိုက်သူများကို ကောက်ရိတ်သိမ်းသကဲ့သို့ အလဲလဲ အပြိုပြို ဖြစ်သွား စေပြီး၊ အမြောက်ကျည်ဆန်များက တပ်ဖွဲ့ကို ဖောက်ထွင်းသွားကာ ဒုံးပျံများ၏ တဝှီဝှီ အော်မြည်သံနှင့် ပေါက်ကွဲသံများမှာ ရင်ဆိုင်ရန် မဖြစ်နိုင်လောက်အောင်ပင် ရက်စက်ပြင်းထန်လှသည်။
မြန်မာ့တပ်များသည် ကစင့်ကလျား ထွက်ပြေးခဲ့ကြပြီး ၎င်းတို့၏ ခံတပ်နံရံများနောက်တွင် ခိုလှုံခဲ့ကြသည်။ မကြာမီတွင် တောတွင်း ညအချိန် ထွက် ပေါ် တတ် သော အသံများမှလွဲ၍ အရာအားလုံး တိတ်ဆိတ်သွားခဲ့ပြီး၊ ထိုည၏ ကျန်ရှိသောအချိန်များတွင်ယခင်ကကဲ့သို့ အပြင်းအထန် တိုက်ခိုက်မှုမျိုး ထပ်မံဖြစ်ပွားခြင်း မရှိတော့ပေ။
တိုက်ပွဲတွင် မဟာဗန္ဓုလသည် ထူးချွန်လှသော စစ်ရေးစီမံကိန်းများ ချမှတ်ခဲ့သော်လည်း ၎င်း၏တပ်သားများ အောင်မြင်စွာ အဆုံးသတ်နိုင် အောင် စည်းကမ်းတကျ ချီတက်တိုက်ခိုက်ခဲ့မှု မရှိ ခဲ့သည့် အားနည်း ချက်ကြီး ကို နောက်တကြိမ် ထပ်မံတွေ့မြင်လိုက်ရပြန်သည်။ စစ်လက်နက်ပစ္စည်းများထက် ပို၍အရေးပါသော အချက်သည် ကား စစ်စည်းကမ်းနှင့် စနစ်တကျဖွဲ့စည်းပုံတို့ပင် ဖြစ်သည်။ ထို အချက် သည်ပင် စစ်တပ် နှစ်တပ် ကြား အဓိကကွာခြားချက်ဖြစ်လာပြီး နောက်ဆုံးတွင် အဆုံးအဖြတ်ပေးမည့်အရာ ဖြစ်လာ ပေတော့မည်။
ဆိုလိုသည်က မြန်မာတို့၏ စစ်ဗျူဟာသည် ဉာဏ်ပညာပိုင်းတွင် မညံ့သော်လည်း၊ တပ်ဖွဲ့ဝင်များ၏ စနစ်တကျ စုပေါင်းတိုက်ခိုက်နိုင်မှုနှင့် ခေတ်မီစစ်စည်းကမ်း တည်ဆောက်ထားမှုတွင် ဗြိတိသျှတို့က သာလွန် နေသည့်အတွက် စစ်ပွဲ၏ ရလဒ်တွင် အရေးနိမ့်ခဲ့ရခြင်းပင် ဖြစ်သည်။