စစ်အုပ်စု ၏ ငွေကြေးထောက်ပံ့ရန် ဂျပန်အား ခယ တောင်းပန်နေမှု အပေါ် ဝိုင်းဝန်းကန့်ကွက်လျက်ရှိ

by Hla Soewai - Jul 13 2026

ဂျပန်အစိုးရအနေဖြင့် စစ်အုပ်စု၏ ငွေကြေး ပြန်၍ ထောက်ပံ့ ပေးပါရန် တောင်းဆိုမှုကို ပယ်ချရန် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ အပါအဝင် တက်ကြွလှုပ်ရှားသူများက တိုက်တွန်း နေကြသည်။ ၎င်းတို့သည် ယခင်ကလည်းဂျပန်နိုင်ငံမှ လူမှုရေးလုပ်ငန်းများအတွက် ပေးအပ်ခဲ့သော အကူအညီများကို စစ်ရေးအတွက် အလွဲသုံးစားပြုလုပ်ခဲ့သည့် သက်သေအထောက်အထားများ ရှိနေခြင်းကြောင့်ပင် ဖြစ်သည်။

 

ထိုအထဲတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေချိန်၌ ဂျပန်နိုင်ငံမှ အရပ်ဘက်သုံးအတွက် ပေးအပ်ထားသော ခရီးသည်တင်သင်္ဘောများကို စစ်အုပ်စုက စစ်သည်များနှင့် လက်နက်များ သယ်ယူပို့ဆောင်ရာတွင် အသုံးပြုခဲ့ကြောင်း Human Rights Watch က သက်သေအထောက်အထားများနှင့်တကွ ဖော်ထုတ်ခဲ့သည်။

 

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် စစ် အုပ်စုက အဆိုပါသင်္ဘောများကို စစ်ရေးအတွက် အသုံးပြုခဲ့ကြောင်း ဝန်ခံကာ ဝမ်းနည်းကြောင်း တောင်းပန်ခဲ့ရပြီး ဖြစ်သည်။

 

ထို့ပြင် ဂျပန်နိုင်၏ ငွေကြေး အကူအညီ ဖြင့်တည်ဆောက်ထားသော ပဲခူးမြစ်ကူးတံတားမှ စစ်တပ်ပိုင် လုပ်ငန်းစုများ အမြတ်ထုတ်နေခြင်းနှင့်၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပြီးနောက် အရပ်သားများထံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ရောက်ရှိမှုကို စစ်ကောင်စီက အကြိမ်ကြိမ် ပိတ်ပင်တားဆီးနေကြောင်း စွပ်စွဲထားသည်။

 

ဂျပန်အစိုးရသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးအကူအညီအသစ်များကို ရပ်ဆိုင်းထားခဲ့သော်လည်း အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကိုသာ ဆက်လက်ပေးအပ်လျက် ရှိသည်။

 

ဂျပန်အစိုးရအတွက် အလွန်ပင် သိမ်မွေ့နက်နဲသော အခြေအနေတခု ဖြစ်နေ၍ ဆုံးဖြတ်ရ ခက်နေသည်။ ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ၎င်း၏ဩဇာလွှမ်းမိုးမှုကို ထိန်းသိမ်းထားလိုသော်လည်း ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သော စစ်အုပ်စု ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရာ ရောက်သွားမည်ကိုလည်း စိုးရိမ်နေရသည်။ တဖက်တွင်လည်း မြန်မာနိုင်ငံ၌ တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုနှင့် လွှမ်းမိုးမှုများ ပိုမိုနက်ရှိုင်းလာနေသည်ကိုလည်း စောင့်ကြည့်နေရသော အခြေအနေ ဖြစ်သည်ဟု ဟောင်ကောင်ထုတ် South China Morning Post သတင်းစာက ရေးသားထားသည်။

 

ယခုအခါ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံရေးလွှမ်းမိုးမှုများ တိုးပွားလာနေခြင်းက ဂျပန်အတွက် စိန်ခေါ်မှု ဖြစ်လာ နေသည်။ ဂျပန်အနေဖြင့် မြန်မာနှင့် ဆက်ဆံရေး လုံးဝပြတ်တောက်သွားပါက တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု ပိုမိုအားကောင်းလာမည်ကို စိုးရိမ်နေသည်။

 

ဂျပန်သည် ၎င်း၏ သံတမန်ရေးရာ မူဝါဒများကို ချိန်ဆနေရသည့် အဓိကအချက်မှာ "စစ်အုပ်စုကို အားပေးရာမရောက်စေဘဲ မြန်မာပြည်သူများအတွက် အကျိုးရှိစေမည့် နည်းလမ်းကို ရှာဖွေ‌ နေခြင်း" ပင် ဖြစ်သည်။

 

ဇွန်လ ၃၀ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ ခိုင်ခိုင်စိုးက ဂျပန်နိုင်ငံ၏ ယခင်က ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သော်လည်း၊ တိုကျိုအစိုးရအနေဖြင့် အကူအညီအသစ်များကို ဆက်လက်ဆိုင်းငံ့ထားမည်ဆိုပါက "သာမန်ပြည်သူများသာ ဒုက္ခရောက်လိမ့်မည်" ဟု သတိပေးကာ နောက်ထပ်အကူအညီများ ပိုမိုပေးအပ်ရန် တောင်းဆိုခဲ့သည်။

 

ယခုအခါ ဂျပန် အကူအညီ မရှိက တံတားများ လမ်းများ ဆောက်လုပ် နိုင်ခြင်း မရှိ၍ ဖဲကြိုး ဖြတ်ချင်နေသည့် မင်းအောင်လှိုင် အဖို့ အခက်‌ တွေ့နေရသည်၊ ၎င်း၏ ရက် ၁၀၀ သည်လည်း ပြီးဆုံးတော့မည် ဖြစ်‌ရာ ဘာတခုမျှ မယ်မယ်ရရ မပြနိုင်၍ အရှက်တကွဲ ဖြစ်ရမည့်ကိန်း နှင့် ကြုံနေရပေသည်။ 

 

၎င်းတို့ အရှုပ်ထုတ်ကြီးကို ဂျပန် မကူညီလျင် မဖြစ်တော့ဟု ဆိုကာ မျက်နှာပြောင်တိုက်ကာ လွှဲချ ခဲ့ခြင်း ဖြစ်သည်။

 

မြန်မာပြည်သူများ၏ အကျိုးစီးပွားအတွက် စိုးရိမ်ကြောင်း ပြောဆိုခြင်းသည် စစ်အုပ်စု၏ လက်ရှိ လုပ်ရပ်များနှင့် ပြဒါးတလမ်း သံတလမ်း ဖြစ်နေဟု Human Rights Watch ၏ တိုကျိုရုံးမှ အကြီးတန်း အစီအစဉ်တာဝန်ခံ Teppei Kasai က ပြောကြားခဲ့သည်။ "အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အုပ်စု ဟာ တရားလက်လွတ် သတ်ဖြတ်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ အရပ်သားတွေကို တိုက်ခိုက်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ကျူးလွန်ခဲ့ပါတယ်။ ဒီလုပ်ရပ်တွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ မြောက်ပါတယ်" ဟု ‌၎င်းက ဆက်လက် ပြောဆိုသွားခဲ့သည်။

 

"ပြောရေးဆိုခွင့်ရှိသူရဲ့ မှတ်ချက်တွေကတော့ လုံးဝကို နားလည်ရခက်ပြီး အံ့အားသင့်စရာကောင်းပါတယ်။ နှစ်ပေါင်းများစွာအတွင်း အရပ်သားတွေကို မဲမဲမြင်ရာ ရန်သူ အမှတ်နဲ့ တိုက်ခိုက်နေတာဟာ မြန်မာစစ်အုပ်စု ကိုယ်တိုင်ပဲ ဖြစ်ပြီး၊ အဲဒီလုပ်ရပ်တွေကပဲ မြန်မာပြည်သူတွေကို အမှန်တကယ် ဒုက္ခပေးနေတာပါ" ဟု Kasai က ပြောကြားခဲ့သည်။

 

"အကယ်၍ သူတို့အနေနဲ့ ဂျပန်ရဲ့ ဖွံ့ဖြိုးရေးအကူအညီတွေကို ပြန်လည်စတင်ဖို့ အမှန်တကယ် စိတ်ရင်း ကောင်း ရှိတယ်ဆိုရင် သူတို့ အရင်ဆုံးလုပ်ဆောင်ရမယ့် အချက်က အရပ်သားပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ဖိနှိပ်မှုအားလုံးကို ချက်ချင်းရပ်တန့်ဖို့ပဲ ဖြစ်ပါတယ်။" ဟု ဆိုသည်။

 

ယခုပင် အင်းစိန်ထောင်ထဲတွင် မိမိ၏ ယုံကြည်ချက် ကြောင့် အကျဉ်းချ ထားခြင်း ခံနေရသူများအား ညှင်းပမ်းနှိပ်စက် နေကြကြောင်း သတင်းများ ထွက်ပေါ်လာနေသည်။

 

လက်ရှိ တွင် နိုင်ငံ အတွင်းရှိ မြို့ကြီးများ၌ ဂျပန်စာ သင်ကြားလိုသော လူငယ်များ လှိုင်းလုံးကြီးပမာ တရိပ်ရိပ် တက်လာနေပြီး ဂျပန် စာသင်ကျောင်းများလည်း မှိုလို ပေါက် လာနေပြီ ဖြစ်သည်၊ ထိုအဖြစ်ကို ရန်ကုန် ရှိ တရုတ်သံရုံးလည်း ဘာမှ မတတ်နိုင်၍ လက်မှိုင် ချ နေရသည်။

 

အကယ်၍ ဂျပန်သည် ၎င်းတို့ တောင်းဆိုသလို ငွေကြေး ထောက်ပံ့မှု မရှိပါက စစ်အုပ်စု အနေဖြင့် ထိုသို့ ဖြစ်လာနေသည့် အရေးကို တနည်းတဖုံ နှောက်ယှက်လာတော့မည် ဖြစ်သည်။

 

တမ်ပယ်တက္ကသိုလ် အာရှလေ့လာရေးဌာန ဒါရိုက်တာ Jeff Kingston က ဂျပန်နိုင်ငံသည် စစ်ပွဲ အတွင်း အပြစ်ရှိသည်ဟု ခံစားနေရမှု အပေါ် အခြေခံပြီး မြန်မာနိုင်ငံနှင့် "ထူးခြားသည့် ဆက်ဆံရေး" ရှိသည်ဟု ရှေးယခင်ကတည်းက သတ်မှတ်ထား ကြောင်း ပြောကြားခဲ့သည်။ "ဒီအတွက် သူတို့ ဘေးဖယ်ထားခံရမှာကို မလိုလားတာ ကြောင့် အမြဲတမ်း ပျော့ပျောင်းစွာ ကိုင်တွယ်လေ့ရှိပါတယ်" ဟု ၎င်းက ဆိုသည်။

 

"ဂျပန်က မြန်မာနိုင်ငံမှာရှိတဲ့ သယံဇာတတွေကို ရယူအသုံးပြုချင်သလို၊ ပိုပြီး အရေးကြီးတာကတော့ သူတို့ရထားတဲ့ ဩဇာလွှမ်းမိုးမှု တစုံတရာကို တရုတ်ဆီ လက်လွှတ်မခံချင်တာကြောင့်ပါ" ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

 

ဂျပန်သည် မည်သည့် အကြောင်းပြချက် နှင့် ဖြစ်စေ အကူအညီ ပေးလိုသည် ရှိသော် ပထမဆုံးစတင် တောင်းဆိုရမည့် အချက်က ‌လူထု ခေါင်းဆောင် ပြန်လွှတ်ပေးရေး၊ သို့မဟုတ်ကလည်း သူမ၏ လက်ရှိ အနေအထားကို တိတိကျကျ သိခွင့် ပေးရေး နှင့် စတင်သင့်ပေသည်။

 

မြန်မာ ပြည်သူများကလည်း ‌နိုင်ငံတော် အတိုင်ပင်ခံ၏ သတင်းကို စစ်ဗိုလ်ချုပ်များ ထံမှ ‌"ငွေပေး ဝယ်လိုက်ရခြင်း" ဟု နားလည် ပေးနိုင် လောက်သည်။

 

သို့မဟုတ်ပါက မြန်မာ ပြည်သူများသည် ဂျပန်အားလည်း တရုတ်နှင့် တန်းတူ၊ အတူတူ နှင့် အနူနူ ဟု သာ ယူဆသွားကြမည် ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!