တော်လှန်ရေး အလွန် ကျူးဘား၏ လက်ရှိနှင့် အနာဂတ် အခြေအနေအပေါ် ခွဲခြမ်းစိတ်ဖြာချက် (၄)
စီးပွားရေးဆိုင်ရာ ကျူးကျော်စစ်ဆင်မှုမျိုးအပြင် နောက်ထပ်ဖြစ်နိုင်ခြေရှိသော ရန်စမှုပုံစံ မျိုးမှာ ဒိုမီနီကန်သမ္မတနိုင်ငံကဲ့သို့သော ရုပ် သေး ခေါင်းဆောင် အစိုးရတရပ်မှ ကြားဝင်စွက်ဖက်ခြင်းမျိုး ဖြစ်သည်။ ထိုသို့သောလုပ်ရပ်သည် အနှောင့်အယှက်တခုမျှသာ ဖြစ်လာနိုင်သော်လည်း ကုလသမဂ္ဂအနေဖြင့် မုချမသွေ ဝင်ရောက်ဖြေရှင်းလာလိမ့်မည်ဖြစ်ရာ၊ အဆုံးတွင်လည်း မည်သည့်အရာမျှ အနှစ်သာရ ရှိရှိ ထူးခြားလာမည်မဟုတ်ပေ။
အမေရိကန်နိုင်ငံများအဖွဲ့အစည်း (OAS) လိုက်ပါဆောင်ရွက်နေသည့် လမ်းကြောင်းသစ်သည် ဝင်ရောက်စွက်ဖက်ခြင်းအတွက် အန္တရာယ်ရှိသော ပုံစံတခုကို ဖန်တီးနေခြင်းပင်ဖြစ်သည်။ ထရူဟီယို (ဒိုမီနီကန် အာဏာရှင်) ကို အကြောင်းပြချက်အဖြစ် အကာအကွယ်ယူကာ လက်ဝါးကြီးအုပ်မှုစနစ်က ကျူးကျော်ရန်နည်းလမ်းများကို ဖန်တီးခြင်းဖြင့် ၎င်းတို့ကိုယ် ၎င်းတို့ နှစ်သိမ့်နေသည်။ ဗင်နီဇွဲလား၏ ဒီမိုကရေစီစနစ်က ကျွန်ုပ်တို့ အနေဖြင့် ထရူဟီယိုဆန့်ကျင်ရန် ခက်ခဲသော အနေအထားသို့ ရောက်ရှိသွားစေခြင်းမှာ ဝမ်းနည်းစရာပင်။ ၎င်းသည် အမေရိကား တိုက်ကြီး၏ ပင်လယ်ဓားပြများအတွက် မည်မျှ အကျိုးရှိသွားပါသနည်း။ လက်ရှိတွင် လက်ဝါးကြီးအုပ်စနစ်၏ ဒေါသအမျက်ကို အဓိကထား ခံနေရသည့် "အရူးကလေး" ဟု နာမည်ကြီးသည့် ဖီဒယ်ကက်စထရို ကို လုပ်ကြံသတ်ဖြတ်ခြင်းသည်ပင်လျှင် အသစ် စီမံလာသော ကျူးကျော်ရန်နည်းလမ်းများထဲတွင် တခုအပါအဝင် ဖြစ်နေသည်။
သဘာဝကျစွာပင်၊ အခြားသော အန္တရာယ်ရှိသည့် "နိုင်ငံတကာ ကိုယ်စားလှယ်များ" ဖြစ်သော ရာအူးလ်ကက်စထရို နှင့် စာရေးသူတို့ကိုယ်တိုင်ကိုလည်း ဖယ်ရှားပစ်ရန် စီစဉ်ထားကြမည်မှာ အသေအချာပင် ဖြစ်သည်။
ထိုအစီအစဉ်သည် ၎င်းတို့ အတွက် ဆွဲဆောင်မှုရှိနေ၏။ အကယ်၍ ခေါင်းဆောင်သုံးဦးစလုံးအပေါ် (သို့မဟုတ်) အဓိကခေါင်းဆောင်အပေါ် တစ်ပြိုင်နက်တည်း အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပါက၊ ၎င်းသည် ဖိနှိပ်သူများအတွက် အပိုဆုတခု ဖြစ်လာပေလိမ့်မည်။ (သို့သော် ပြည်သူလူထုကို မေ့မထားကြပါနှင့်၊ အို - လက်ဝါးကြီးအုပ်သမားများ၊ ကိုယ်စားလှယ်များခင်ဗျား။ ထိုကဲ့သို့သော ရာဇဝတ်မှုမျိုးအပေါ် ဒေါသအမျက်ထွက်နေကြသည့် အစွမ်းထက်လှသော ပြည်သူလူထုသည် တော်လှန်ရေးခေါင်းဆောင်တဦးဦးအား တိုက်ခိုက်မှုတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ပတ်သက်နေသူမှန်သမျှကို ချေမှုန်းဖျက်ဆီးပစ်ကြလိမ့်မည်။ သူတို့ကို တားဆီးရန်မှာ မဖြစ်နိုင်သောအရာပင်။)
ဂွာတီမာလာပုံစံ၏ နောက်ထပ်ထူးခြားချက်တခုမှာ ကျူးဘားနိုင်ငံကို ကွန်မြူနစ်နိုင်ငံများထံမှ လက်နက်ဝယ်ယူရန် ဖိအားပေးပြီး၊ ထိုအခြေအနေကို အကြောင်းပြု၍ စော်ကားမှုများ တဖန်ပြန်လည် စတင်ရန်ဖြစ်သည်။ ဤအချက်သည် ရလဒ်ကောင်းများ ထွက်ပေါ်လာစေနိုင်သည်။ ကျွန်ုပ်တို့အစိုးရအဖွဲ့ထဲမှ တဦးက “သူတို့ဟာ ကျွန်တော်တို့ကို ကွန်မြူနစ်တွေလို့ စွပ်စွဲတိုက်ခိုက်ကောင်း တိုက်ခိုက်ကြလိမ့်မယ်၊ ဒါပေမဲ့ ကျွန်တော်တို့ကိုတော့ ငမိုက်သား တွေအဖြစ် သတ်မှတ်ပြီး ဖယ်ရှားပစ်လို့ မရနိုင်ပါဘူး” ဟု ပြောခဲ့ဖူးသည်။
ထို့ကြောင့် လက်ဝါးကြီးအုပ် လုပ်ငန်းစုများက တိုက်ရိုက်ကျူးကျော်တိုက်ခိုက်မှုမျိုးကို လုပ်ဆောင်ရန် လိုအပ်လာသည်ဟု ထင်မြင်လာကြသည်။ ဖြစ်နိုင်ချေရှိသော ပုံစံမျိုးစုံကို IBM စက်များတွင် ထည့်သွင်းတွက်ချက်၍ ရလဒ်တိုင်းကို လေ့လာဆန်းစစ်နေကြသည်။ စပိန်နိုင်ငံပုံစံမျိုးကို အသုံးပြုနိုင်ကြောင်း ကျွန်ုပ်တို့ ယခုပင် တွေးမိသည်။
စပိန်ပုံစံဆိုသည်မှာ ပြည်ပရောက်သူများက စေတနာ့ဝန်ထမ်းများ (တကယ်တမ်းအားဖြင့် ငှားရမ်းထားသော ကြေးစားစစ်သည်များ ဖြစ်သည်) သို့မဟုတ် နိုင်ငံခြားအင်အားစု၏ တပ်ဖွဲ့များဖြင့် အကြောင်းပြချက်တခုခုကို ရှာကြံ၍ အစပြုတိုက်ခိုက်ခြင်းမျိုး ဖြစ်သည်။ ထိုတိုက်ခိုက်မှုကို ပင်လယ်ပြင်နှင့် ဝေဟင်မှ အပြည့်အဝ ထောက်ပံ့ပေးထားမည်ဖြစ်ပြီး အောင်မြင်မှုရရှိရန် လိုအပ်သည့် ပံ့ပိုးမှုမျိုး ရှိနေရမည် ဖြစ်သည်။
၎င်းသည် ဒိုမီနီကန်သမ္မတနိုင်ငံကဲ့သို့သော နိုင်ငံတခုမှ တိုက်ရိုက်ကျူးကျော်မှုမျိုးဖြင့်လည်း စတင်နိုင်သည်။ သူတို့သည် စစ်ပွဲကို အကြောင်းပြဖန်တီးရန်အတွက် လူအချို့နှင့် ကျွန်ုပ်တို့၏ ညီ နောင်များ၊ ထို့ပြင် ငှားရမ်းထားသော ကြေးစား များစွာကို ဤကမ်းခြေများပေါ်တွင် သေဆုံး အောင် လုပ်မည်ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် "ဖြူစင်သော စေတနာရှိသည်" ဟု ဆိုကြသော လက်ဝါးကြီးအုပ်သမားများက ညီအစ်ကိုအချင်းချင်းဖြစ်ပွားသော ဤ "ဆိုးရွားလှသည့်" ပဋိပက္ခတွင် ကြားဝင်စွက်ဖက်လိုခြင်းမရှိကြောင်း ပြောဆိုလာကြလိမ့်မည်။
သူတို့သည် စစ်သင်္ဘောကြီးများ၊ တိုက်ပွဲဝင်သင်္ဘောများ၊ ဖျက်သင်္ဘောများ၊ လေယာဉ်တင်သင်္ဘောများ၊ ရေငုပ်သင်္ဘောများ၊ မိုင်းရှင်းသင်္ဘောများ၊ တော်ပီဒိုသင်္ဘောများနှင့် လေယာဉ်များဖြင့် အမေရိကတိုက်၏ ဤအပိုင်းကို ဝေဟင်နှင့် ပင်လယ်ပြင်မှ စောင့်ကြည့်ခြင်းဖြင့် စစ်ပွဲကို ကန့်သတ်ချုပ်ချယ်လိုက်မည် ဖြစ်သည်။
အမေရိကား တိုက်ကြီး၏ ငြိမ်းချမ်းရေးကို စောင့်ရှောက်သူများဟု အမည်ခံထားသည့် ထို ပုဂ္ဂိုလ် တို့သည် ကျူးဘားနိုင်ငံသို့ ကုန်ပစ္စည်း တစုံတရာသယ်ဆောင်လာသည့် လှေတစင်းမျှပင် ဖြတ်သန်းခွင့်မပေးဘဲ တင်းကျပ်စွာ ကာကွယ်နေချိန်တွင်၊ ထရူဟီယို ၏ ကံမကောင်းသော နိုင်ငံဆီသို့ ဦးတည်သွားနေသည့် လှေအချို့၊ အများအပြား သို့မဟုတ် အားလုံးတို့မှာမူ ထိုသံမဏိကဲ့သို့ တင်းကျပ်သော စောင့်ကြည့်မှုများမှ လွတ်မြောက်သွားနိုင်ပေသည်။
ထို့အပြင် ကျွန်ုပ်တို့၏ ကျွန်းနိုင်ငံတွင် 'ကွန်မြူနစ်ဝါဒ' က စတင်လှုံ့ဆော်ထားသည့် 'ရူးမိုက်သော စစ်ပွဲ' ကို အဆုံးသတ်ရန်အတွက် 'ဂုဏ်သိက္ခာရှိသော' အင်တာအမေရိကန် အဖွဲ့အစည်းတခုခုမှတဆင့် ဝင်ရောက်စွက်ဖက်လာနိုင်သည်။ သို့မဟုတ်လျှင်လည်း 'ဂုဏ်သိက္ခာရှိသော' အမေရိကန်အဖွဲ့အစည်း၏ ထိုလှည့်ကွက်မှာ အသုံးမဝင်တော့လျှင်၊ ကိုရီးယားတွင် ပြုလုပ်ခဲ့သကဲ့သို့ပင် ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်ရန်နှင့် ၎င်းတို့နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံတကာအဖွဲ့အစည်း၏ အမည်ကို အသုံးပြုကာ တိုက်ရိုက်ဝင်ရောက် စွက်ဖက်လာနိုင်ပေသည်။
ပထမဆုံးခြေလှမ်း အဖြစ် ကျွန်ုပ်တို့ကို ဦးတည်တိုက်ခိုက်မည် မဟုတ်ဘဲ၊ အမေရိကား တိုက်ကြီးရှိ ကျွန်ုပ်တို့၏ နောက်ဆုံး အားကိုးရာ အချက်အချာကို ဖယ်ရှားပစ်ရန်အတွက် ဗင်နီဇွဲလား၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသော အစိုးရကို ဦးတည်တိုက်ခိုက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
အကယ်၍ ထိုသို့ဖြစ်လာပါက ကိုလိုနီစနစ်ဆန့်ကျင်ရေး တိုက်ပွဲ၏ဗဟိုချက်သည် ကျူးဘားမှနေ၍ ဘိုလီဗာ၏ ကြီးမြတ်သောနိုင်ငံဆီသို့ ရွှေ့ပြောင်းသွားနိုင်ဖွယ်ရှိသည်။ ဗင်နီဇွဲလားပြည်သူတို့သည် ၎င်းတို့၏ လွတ်လပ်ခွင့်ကို ကာကွယ်ရန်အတွက် အားမာန်အပြည့်ဖြင့် ထကြွလာကြလိမ့်မည်။ ထိုသူတို့သည် ဤတိုက်ပွဲမှာ အဆုံးအဖြတ်ပေးမည့်တိုက်ပွဲဖြစ်ကြောင်း၊ ရှုံးနိမ့်သွားပါက အမှောင်မိုက်ဆုံးသော အာဏာရှင်စနစ်ဆိုးကြီး ကျရောက်လာမည်ဖြစ်ပြီး၊ အောင်ပွဲခံနိုင်ပါက အမေရိကတိုက်၏ တောက်ပသော အနာဂတ်ကို သေချာပေါက် ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ကောင်းစွာသိရှိနားလည်ထားကြသောကြောင့်ပင် ဖြစ်သည်။
လက်ဝါးကြီးအုပ်သမားများ၏ ဖိနှိပ်မှုအောက်တွင် ရုန်းမထွက်နိုင်ဘဲ အသက်မဲ့သကဲ့သို့ ငြိမ်သက်နေသော နိုင်ငံများတွင်၊ ပြည်သူလူထု၏ တော်လှန်ရေးလှိုင်းလုံးများ တကျော့ပြန်တက်လာသည့်အခါ ထိုဖိနှိပ်သူတို့၏ အာဏာစက် ယိုင်နဲ့သွားပေတော့မည်။
ရန်သူ အောင်နိုင်မည့် အခွင့်အရေးကို ဆန့်ကျင်တားဆီးနေသည့် အကြောင်းရင်းများစွာ အနက် အဓိကအကြောင်းရင်း နှစ်ခုရှိသည်။ ပထမတခုမှာ ပြင်ပအကြောင်းတရားဖြစ်သည် - ယခု ၁၉၆၀ ခုနှစ်သည် ဖွံ့ဖြိုးဆဲလူမျိုးများ၏ နှစ်ဖြစ်သည်၊ လွတ်လပ်သောလူမျိုးများ၏ နှစ်ဖြစ်သည်၊ သေစေနိုင်သော လက်နက်များနှင့် ငွေကြေးဓနတို့ကို ပိုင်ဆိုင်သူများ၏ အုပ်ချုပ်မှုအောက်တွင် မရှိတော့သည့် ကံကောင်းသူ သန်းပေါင်းများစွာ၏ အသံများကို နောက်ဆုံး၌ လေးစားမှုပေးရမည့် နှစ် ဖြစ်သည်။
ထို့ပြင် နောက်ထပ် ပိုမိုအားကောင်းသည့် အချက်တခုမှာ ကျူးဘားလူမျိုး ခြောက်သန်းတို့၏ တပ်မတော်သည် ၎င်းတို့၏ နယ်မြေနှင့် တော်လှန်ရေးကို ကာကွယ်ရန်အတွက် တစုတဝေး တည်း စုပေါင်းပြီး လက်နက်ကိုင်စွဲကြလိမ့်မည်ဖြစ်သည်။ ကျူးဘားတွင် တပ်မတော်ဆိုသည်မှာ လက်နက်ကိုင်ထားသော ပြည်သူများ၏ တစိတ်တပိုင်းမျှသာ ဖြစ်သည့် စစ်မြေပြင်တခု ဖြစ်လာလိမ့်မည်။
အကယ်၍ တိုက်ပွဲတွင် ရှုံးနိမ့်သွားခဲ့လျှင်ပင်၊ တက်ကြွသော ကွပ်ကဲမှုနှင့် ဗဟိုဦးစီးစနစ်တခုအောက်ရှိ ပြောက်ကျားတပ်ဖွဲ့ရာပေါင်းများစွာသည် နိုင်ငံတဝန်းလုံးတွင် တိုက်ပွဲကို ဆက်လက်ဆင်နွှဲကြလိမ့်မည်။ မြို့ကြီးများတွင် အလုပ်သမားများသည် ၎င်းတို့၏ စက်ရုံအလုပ်ရုံများတွင်ပင် အသက်ပေးတိုက်ပွဲဝင်ကြမည်ဖြစ်ပြီး၊ ကျေးလက်ဒေသများတွင်မူ တောင်သူလယ်သမားများသည် တော်လှန်ရေးက ပေးအပ်ထားသော စက်မှုလယ်ယာမြေပြင်ရှိ ထွန်ကြောင်းတိုင်း၊ ထန်းပင်တိုင်း၏ နောက်ကွယ်မှနေ၍ ကျူးကျော်သူများကို အသေခံ တိုက်ခိုက်ကြလိမ့်မည်။
တကမ္ဘာလုံးတွင်လည်း နိုင်ငံတကာ၏ စည်းလုံးညီညွတ်မှုဖြင့် ကျူးကျော်စစ်ကို ဆန့်ကျင်သည့် သန်းပေါင်းရာချီသော လူထုက အတားအဆီးတရပ် အဖြစ် ဖန်တီးပေးလိမ့်မည်ဖြစ်သည်။