အာဖရိက နိုင်ငံ တနိုင်ငံကပင် ဝေဖန် ရေးသားခံလိုက်ရသည့် စစ်အုပ်စု အောက် မြန်မာ နိုင်ငံ အဖြစ်ဆိုး

by Hla Soewai - Jul 13 2026

အာဖရိက ဆိုသည် နှင့် ဆင်းရဲနွမ်းပါးပြီး လက်နက်ကိုင် ပဋိပက္ခများ၊ အာဏာ သိမ်းပွဲများ ဒင်းကြမ်းပြည့်နေသည့် ဒေသ ဟု အားလုံးက ရှူမြင်ထားကြပြီး ဖြစ်သည်။

 

ထိုအထဲတွင် ဂါနာလည်း ပါဝင်သည်၊ ယခုအခါတွင် တော့ ဂါနာသည် အတိတ်က စစ်အာဏာရှင်စနစ်နှင့် စီးပွားရေးချွတ်ခြုံကျမှုများကို ကျော်ဖြတ်ပြီး တည်ငြိမ်သည့် နိုင်ငံရေးစနစ်ကို ထူထောင်နိုင်ခဲ့သည့်အတွက် နိုင်ငံတကာ၏ လေးစားမှုကို ရရှိထားသည့် အာဖရိက နိုင်ငံများထဲတွင် တောက်ပသော ကြယ်တပွင့် အဖြစ် ထွန်းတောက်လာခဲ့ပြီ ဖြစ်သည်။ ဂါနာသည် မြန်မာ ကဲ့သို့ပင် ကုလ သမဂ္ဂ အတွင်းရေးမှုးချုပ် ကိုဖီ အာနန်ကို မွေးထုတ် ပေးခဲ့သည့် နိုင်ငံလည်း ဖြစ်ပေသည်။

 

ဂါနာ၏ Modern Ghana သတင်းစာမှ ယခုလို ရေးသားလာခဲ့သည်။

 

ကမ္ဘာနိုင်ငံများက ဇွန်လ ၂၀ ရက်နေ့ကို ကမ္ဘာဒုက္ခသည်များ နေ့အဖြစ် သတ်မှတ်ကျင်းပနေချိန်တွင် မြန်မာတွင်တော့ အမှောင်ထု ကြီး လွှမ်းခြုံနေဆဲ ပင် ဖြစ်သည်။ ဒုက္ခသည်များ ထုတ်လုပ်ပေးနေသည့် အဓိကလက်သည် ကြီးသည် နေပြည်တော်ရှိ စစ်အုပ်စု ဖြစ်ပြီး လူပေါင်း ၅.၃ သန်းသည် ဒုက္ခဆင်းရဲ ပေါင်း များစွာ နှင့် အသက် တချောင်းကို မနည်း ရှာကြံ မွေးနေရသည်ဟုဆိုသည်။

 

ကုလ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး၏ ထုတ်ပြနချက်အရ အာဏာသိမ်းပြီး နောက်ပိုင်း လူပေါင်း တသန်းကျော်သည် အိမ်နီးချင်း ဘင်္ဂလား‌ဒက်ရှ် အိန္ဒိယ နှင့် ထိုင်း နိုင်ငံများသို့ ထွက်ပြေး ခိုလှုံခဲ့ကြရသည်။ ၅၃ သန်းခန့် ရှိ‌သော လူဦးရေ၏ ၈၀ ရာနှုန်းသည် လက်လှုပ်မှ ပါးစပ်လှုပ်ကြရသည့် အနေအထား မျိုး နှင့် ရုန်းကန် နေကြရသည်။

 

(ဖြည့်စွက်ချက် - ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင် ကုလသမဂ္ဂ လက်အောက်ခံ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ အဖွဲ့အစည်း (IOM) ၏ ထုတ်ပြန်ချက်အရ၊ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ မြန်မာနိုင်ငံသား ၆၈၇,၀၀၀ ခန့်သည် ထိုင်းနိုင်ငံ၏ မြောက်ဘက်စွန်းဒေသများဖြစ်သော တာ့ခ်၊ ရနောင်း ၊ ကန်ချနာဘူရီ နှင့် ချင်းရိုင် နယ်စပ်ဂိတ်များမှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။)

 

ဗုဒ္စဘာသာ သက်ဝင် ယုံကြည်သူ အများစု နေထိုင်ရာ တိုင်းပြည်တွင် စစ်အုပ်စု သစ္စာခံ တပ်များက လေကြောင်းမှ မညှာမတာ ဗုံးကြဲ တိုက်ခိုက်ခြင်း၊ ရွာများကို မီးရှို့ခြင်း၊ ၎င်းတို့ကို ဆန့်ကျင်သည်ဟု ယူဆခံရသူများ ကို သတ်ဖြတ်ခြင်း အစရှိသည်တို့ ကျုးလွန်နေကြဆဲ ဖြစ်သည်။ ထိုသို့ လေကြောင်းမှ တိုက်ခိုက်ခြင်းသည် ထိရောက်မှု ရှိသည်ကို သဘောတွေ့လာသော စစ်အုပ်စုသည် ကျောင်းများ၊ ဆေးရုံများ၊ စစ်ဘေးရှောင် စခန်းများ ပါ မရှောင် တိုက်ခိုက်လာကြသည်။

 

ပညာရေး တွင်လည်း ကျောင်းနေရမည့် အရွယ် ၁၃ သန်း ရှိသည့် အနက် တဝက်ကျော်သည် စာသင်ခန်းထဲ ရောက်မလာနိုင် ဖြစ်နေသည်။ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍသည်လည်း ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။

 

နယူးဒေလီ နှင့် ဘီဂျင်းတို့က စစ်အုပ်စု ခေါင်းဆောင်ကို ကော်ဇောနီ ခင်း ကြိုဆိုခဲ့ကြသော်လည်း တိုင်းပြည်၏ လက်ရှိ အနေအထားသည် ယခင်အတိုင်း မပြောင်းလဲဘဲ ရှိနေဆဲ ဖြစ်သည်။

 

စစ်အုပ်ချုပ်ရေး သမားများသည် နိုင်ငံ၏ ၃၀ ရာနှုန်း တွင်သာ အုပ်ချုပ်ရေး ကို အခိုင်အမာ ချုပ်ကိုင်ထားနိုင်ပြီး၊ ၄၀ ရာနှုန်းသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ အမျိုးသား ညီညွတ်ရေး အစိုးရ၏ အုပ်ချုပ်မှု အောက်တွင် ရှိနေသည်၊ ကျန် ၃၀ ရာနှုန်းတွင် တိုက်ပွဲများ ဖြစ်ပွားရာ ဒေသများ ဖြစ်နေသည်။

 

အင်အား အတောင့်တင်းဆုံး ဖြစ်သော အာရက္ခတပ်တော်သည် ရခိုင်ပြည်နယ် မြေဧရိယာ အကျယ်အဝန်း၏ ၇၀ ရာနှုန်းကို ထိန်းချုပ်ထားသည်။ (ဧရာဝတီ သတင်းအဆိုအရ ၎င်းတို့ သိမ်းပိုက်ထားသော မြို့များကို နာမည် စတင်ပြောင်းလဲမှု များ ပြုလုပ်နေပြီ ဖြစ်သည်။)

 

ဒီလို အခြေအနေများ ကြုံတွေ့နေရသည့် နိုင်ငံ အဖို့ ခန့်မှန်းထားသည်ထက် အချိန် ပိုယူရလိမ့်မည်ဟု ယူဆကြောင်း ရေးသားထားသည်။

 

မြန်မာသည် သူ့ထက်ငါ အပြိုင်အဆိုင် တိုးတက်အောင် လုပ်နေသော တောင်အာရှ၊ အရှေ့တောင်အာရှ နိုင်ငံများ ကြားတွင် အာဖရိက နိုင်ငံတနိုင်ငံကဲ့သို့ ဗုံးသံ၊ သေနတ်သံများ ဆူညံ ပွက်လောရိုက်နေဆဲပင် ဖြစ်သည်။

 

နှိုင်းယှဉ် ကြည့်မည်ဆိုက အာဖရိကနိုင်ငံများဖြစ်သည့် နိုင်ဂျီးရီးယား (၁၉၆၀-၁၉၉၀ ဝန်းကျင်)၊ ဂါနာ (၁၉၆၀-၁၉၈၀ ဝန်းကျင်) သို့မဟုတ် အီသီယိုးပီးယား တို့၏ သမိုင်းကြောင်းနှင့် အလွန်ဆင်တူသည်။ ထိုနိုင်ငံများတွင်လည်း စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာကို နှစ်ရှည်လများ ချုပ်ကိုင်ခဲ့ဖူးသည်။ စစ်တပ်က နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုသည် ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် အဓိကအချက်အဖြစ် ထိုနိုင်ငံများတွင်လည်း တွေ့ရမည် ဖြစ်သည်။

 

လက်နက်ကိုင် ပဋိပက္ခ ဖက်တွင်လည်း ဆူဒန်၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) တို့နှင့် ဆင်တူ နေပြန်သည်။

 

စီးပွားရေး ပိတ်ဆို့ ခံရမှု များ တွင်လည်း ဇင်ဘာဘွေ သို့မဟုတ် အီရီထရီးယား ကဲ့သို့ အာဏာရှင်ဆန်သော အုပ်ချုပ်မှုကြောင့် နိုင်ငံတကာ၏ ပိတ်ဆို့မှုများကို ခံခဲ့ရပြီး စီးပွားရေး ကျဆင်းမှု၊ ငွေကြေးဖောင်းပွမှုနှင့် ပြည်သူများ အလုပ်အကိုင်မဲ့ကာ ပြည်ပသို့ ထွက်ခွာရသည့် အခြေအနေများနှင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ များစွာ တူညီနေသည်။

 

ဂါနာ ၏ အာဏာသိမ်း ခေါင်းဆောင် ဂျယ်ရီ ရော်လင်းစ် သည် စစ်တပ်ခေါင်းဆောင်တဦး ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်တပ်အား နိုင်ငံရေးမှ နောက်ဆုတ်စေပြီး အရပ်သားအစိုးရထံ အာဏာလွှဲပြောင်းပေးသည့် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို ဦးဆောင်ခဲ့သည်။ စစ်တပ်၏အခန်းကဏ္ဍကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိကျစွာကန့်သတ်ပြီး တိုင်းပြည်၏ ကာကွယ်ရေးတာဝန်ကိုသာ ထမ်းဆောင်စေခြင်းဖြင့် အာဖရိကတိုက်၏ တောက်ပသော ကြယ်တပွင့် အဖြစ် လှမ်းတက်နိုင်ခဲ့ခြင်းလည်း ဖြစ်ပေသည်။

 

ဂုဏ်သိက္ခာဆိုတာ အမြတ်အစွန်းရစေတဲ့အရာမျိုးသာ ဖြစ်ခဲ့မယ်ဆိုရင် လူတိုင်း ဂုဏ်သိက္ခာရှိသူတွေ ဖြစ်ကုန်ကြမှာပဲ။"

— သောမတ်စ် မိုး

 

"If honor were profitable, everybody would be honorable

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!