ဒီအကြောင်းကို ဘယ်သူတွေသိလဲလို့ ကျွန်တော်မေးလိုက်သည့် အခါ မဒမ်က "အားလုံးလည်းသိတယ်၊ ဘယ်သူမှလည်း မသိဘူး။ ဒါက လျှို့ဝှက်ချက်တခုပေါ့၊ ဒါပေမဲ့ လူတိုင်းသိတဲ့ လျှို့ဝှက်ချက်မျိုးပေါ့။ လူတွေက ဒီကိုလာကြတယ်၊ ဒီက ဟင်းချိုကို သောက်လိုက်တဲ့ အခါတိုင်း သူတို့ဟာ တော်လှန်ရေးကို ကူညီနေကြတယ်ဆိုတဲ့ အသိစိတ်တွေ ရောစပ်နေကြတာပေါ့" လို့ ပြောသည်။
တော်လှန်ရေးနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်က "အားလုံးနီးပါး အသင့်ဖြစ်နေပြီ၊ ယူနီဖောင်းတွေတောင် အသင့်ပဲ" လို့ ဆိုသည်။ မဒမ်က "အဲဒီယူနီဖောင်းတွေအပြင် အမျိုးသမီးအရန်တပ်ဖွဲ့က အလံချုပ်လုပ်ရေးတာဝန်တွေကိုပါ ယူထားတယ်။" သူမ ဖန်တီးပေးနိုင်ခဲ့သည့် အဖြစ်က တကယ်ကို အံ့ဩစရာပင်! "အော်ရိန်းခရိုင် မှာ ငါ့ အမျိုးသမီး အစီအစဉ် နဲ့ လုပ်ခဲ့တဲ့ တက် Tetပွဲတော်ကို မောင်ရင် လွတ်သွားတယ်။ အဲ့တာကိုသာ မြင်လိုက်ရရင်ဖြင့်! ငါ့မှာ ဓာတ်ပုံတွေ ရှိတယ်။
ငါတို့လူတွေ ပြောက်ကျား အင်္ကျီတွေနဲ့ ယူနီဖောင်းတွေ ဝတ်ဆင်ပြီး အလံကို ကိုင်ဆောင်ထားတာကို မြင်လိုက်ရတဲ့အခါ လူတွေ ဝမ်းသာလွန်းလို့ဘယ်လောက်တောင် ငိုကြွေးပြီး အားပေးခဲ့ကြလဲဆိုတာ မြင်ရမှာ။ ငါတို့ အခု စစ်ပြန်ဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ ပထမဆုံး စေတနာ့ဝန်ထမ်း တပ်ရင်းတွေကို စုစည်းထားပြီးပါပြီ။ သူတို့ဟာ တနင်္ဂနွေနေ့တိုင်း လေ့ကျင့်နေကြပါတယ်။ နောက်တဆင့်အတွက် အကောင်းဆုံးတွေကို ဒီအဖွဲ့ထဲကနေ ရွေးထုတ်သွားမယ်။ "
ထို့နောက် ဗိုလ်ချုပ်သည် ကျန် နေသည့် စကားများကို တိုးတိုး ကပ်ပြောဖို့ စားပွဲပေါ်ကို ကိုင်းညွှတ်လာခဲသည်။ "ငါတို့က ထိုင်းကို ထောက်လှမ်းရေးအဖွဲ့တဖွဲ့ လွှတ်ထားတယ်။ သူတို့က ငါတို့ရဲ့ ရှေ့တန်းစခန်းနဲ့ ဆက်သွယ်ပြီး ဗီယက်နမ်ကို ကုန်းလမ်းကနေ သွားနိုင်မယ့် လမ်းကြောင်းကို ထောက်လှမ်းကြလိမ့်မယ်။ အချိန်ကျဖို့ နီးကပ်နေပြီလို့ ကလော့ဒ် က ပြောထားပြီးပြီ။
ကျွန်တော် လက်ဖက်ရည်တစ်ခွက် ငှဲ့သောက်လိုက်ရင်း "ဘွန် က ဒီအဖွဲ့မှာ ပါတာလား" ဟု မေးလိုက်မိသည်။ "ပါတာပေါ့။ သူ့လို ဝန်ထမ်းကောင်းတယောက်ကို လက်လွှတ်ရမှာတော့ တကယ်နှမြောမိပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး အလုပ်အတွက်တော့ သူက အသင့်တော်ဆုံးပဲ။ မင်း ဘယ်လိုထင်လဲ" ဟု ပြန်မေးသည်။
ကျွန်တော် စဉ်းစားမိသည်မှာ ထိုင်းနိုင်ငံမှ ကုန်းလမ်းခရီးဖြင့် သွားရမည်ဆိုလျှင် လာအို (သို့မဟုတ်) ကမ္ဘောဒီးယားနိုင်ငံတို့မှတဆင့် ဖြတ်သွားရမည်ဖြစ်သည်။ ထိုလမ်းကြောင်းမှာ စနစ်တကျ ဖောက်လုပ်ထားသော လမ်းမများကို ရှောင်ကာ ရောဂါဘယထူပြောသည့် တောနက်များ၊ တောအုပ်များနှင့် တောင်တန်းများပေါ်မှ ဖြတ်ကျော်ရမည့် အန္တရာယ်များလှသော ခရီးစဉ်မျိုး ဖြစ်သည်။
ထိုဒေသများတွင် တွေ့ရနိုင်သည်မှာ ငေးမှိုင်နေသော မျောက်များ၊ လူစားတတ်သည့် ကျားများ၊ ထို့ပြင် ကူညီပေးဖို့ မသေချာသည့် ကြောက်ရွံ့နေသော ဒေသခံများသာ ရှိသည်။ ဤနယ်မြေများသည် ရုပ်ရှင်ရိုက်ကူးရန်အတွက်သာ ကောင်း ပြီး၊ 'သေရင်သေ၊ ရှင်ရင်ရှင်' ဆိုသည့် ခရီးစဉ်မျိုးအတွက်မူ အလွန်ပင် ထိတ်လန့်စရာကောင်းလှသည်။
ဤအကြောင်းကို ဘွန်အား ကျွန်တော် ပြောပြနေစရာ မလိုပါ။ ကျွန်တော့်ရဲ့ ရူးသွပ်သော သူငယ်ချင်း ဖြစ်သူသည် ပြန်လာဖို့ အခွင့်အလမ်း နည်းပါးနေသည်ကို သိလျက်နဲ့ပင် မိမိဆန္ဒအလျောက် လိုက်ပါရန် စေတနာ့ဝန်ထမ်း လုပ်ထားခြင်းဖြစ်သည်။ ကျွန်တော် လက်ကို ကြည့်လိုက်မိသည်။ လက်ပေါ်ရှိ အမာရွတ်အကြောင်းကို မြင်ယောင်လာခဲ့သည်။
ကျွန်တော့်ခန္ဓာကိုယ်၏ ပုံစံ၊ ပေါင်အောက်က ကုလားထိုင်၏အထိအတွေ့၊ ကျွန်တော့်၏ ခန္ဓာကိုယ်နှင့် အသက်ကို ဆက်စပ်ပေးထားသည့် အင်အားစု၏ ကြံ့ခိုင်မှု မရှိပုံတို့ကို ရုတ်တရက် သတိပြုမိလိုက်သည်။ ကျွန် တော် တို့ အတော်များများက သေခါနီးအချိန်အထိ အရေးတယူမရှိကြသည့်၊ အမှန်တကယ်တော့ အလွယ်တကူ ပျက်စီးသွားနိုင်သည့် ထိုအသက်ကို ထိန်းချုပ်ထားသော အင်အားစုအကြောင်းကို တွေးမိသည်။
"ကျွန်တော် အထင်ကတော့" ဟု ဆိုကာ... နောက်ထပ် အချိန်ဆွဲမနေတော့ဘဲ၊ "ဘွန် သွားမယ်ဆိုရင် ကျွန်တော်လည်း လိုက်သွားသင့်တယ်" ဟု ပြောလိုက်သည်။
ဗိုလ်ချုပ်ကြီးက ဝမ်းသာအားရ လက်ခုပ်တီးလိုက်ပြီး မဒမ်ဆီသို့ လှည့်ကာ 'ငါပြောသားပဲ မဟုတ်လား။ သူ သဘောနဲ့ သူ ပါလာမယ်ဆိုတာ ငါသိပြီးသားပါလို့' ဟု ပြောလိုက်သည်။
'ကပ္ပတိန်၊ မင်းအပေါ် ငါဘယ်တော့မှ သံသယမရှိခဲ့ပါဘူး။ ဒါပေမဲ့ မင်းကိုယ်တိုင်လည်း သိတဲ့အတိုင်းပဲ၊ မင်း ဒီမှာပဲနေပြီး ငါနဲ့အတူ စီမံကိန်းတွေ၊ ထောက်ပံ့ပို့ဆောင်ရေးတွေ လုပ်တာက ပိုကောင်းပါတယ်။ ရန်ပုံငွေရှာတာနဲ့ သံတမန်ရေးရာကိစ္စတွေအကြောင်း ပြောဖို့တောင် မလိုဘူး။ ထိုင်းနိုင်ငံမှာရှိတဲ့ ဒုက္ခသည်တွေကို ကူညီဖို့အတွက် အကူအညီပေး နိုင်မယ့် အဖွဲ့တခု စေလွှတ်ဖို့ ငါတို့ လူတွေကြား ရန်ပုံငွေကောက်နေတယ်လို့ ကွန်ဂရက်အမတ်ကို ငါပြောထားတယ်။ အဲဒါက တနည်းအားဖြင့် အရင်ကတည်းက လုပ်နေတဲ့အရာပဲ၊ ဒါပေမဲ့ ဒီလုပ်ငန်းစဉ်အတွက် ငါတို့ကို ထောက်ခံသူတွေကို ဆက်ပြီး စည်းရုံးရဦးမယ်' ဟု သူကဆိုသည်။
'အနည်းဆုံးတော့ အဲဒါဟာ ကျွန်တော် တို့ရဲ့ ရည်ရွယ်ချက်ပဲလို့ ယုံကြည် လာအောင်ဟန်ဆောင်ဖို့ သူတို့ကို အကြောင်းပြချက်တခု ပေးလို့ ရမယ် မဟုတ်လား' ဟု ကျွန်တော်က ပြန်ပြောလိုက်သည်။
ဗိုလ်ချုပ်သည် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်သည်။ "အတိအကျပဲ! မင်း စိတ်ပျက်သွားမယ် ဆိုတာကို ငါသိပါတယ်။ ဒါပေမဲ့ ဒါက အကောင်းဆုံးပါပဲ။ မင်းဟာ ဟိုမှာထက် ဒီမှာနေတာက ပိုပြီး အသုံးဝင်လိမ့်မယ်။ ဘွန် ကတော့ သူ့ကိုယ်သူ သူ ဂရုစိုက်နိုင်ပါတယ်။ ကဲ ကြည့်စမ်း၊ နေ့လယ် ၁၂ နာရီနီးနေပြီ။ ဘီယာသောက်ဖို့ အချိန်တန်ပြီလို့ မင်းမထင်ဘူးလား"
မဒမ် ၏ ပုခုံးထက်မှတစ်ဆင့် နံရံပေါ်တွင် ချိတ်ဆွဲထားသော နာရီတလုံးကို မြင်နေရသည်။ ထိုနာရီသည် အလံတခုနှင့် ပိုစတာတခုကြားတွင် ရှိသည်။ ပိုစတာမှာ ဘီယာ ကြော်ညာ ဖြစ်ပြီး ကလေးများကစားသော ပူဖောင်းအရွယ်အစားနှင့် ပုံစံရှိသည့် ရင်သားများဖြင့် ဘီကီနီဝတ် မိန်းကလေးငယ် သုံးဦးကို ရိုက်ကူးထားသည်။ အလံမှာမူ ရှုံးနိမ့်သွားသော ဗီယက်နမ်သမ္မတနိုင်ငံ၏ အလံဖြစ်ပြီး၊ အဝါရောင် နောက်ခံတွင် အနီရောင် အလျားလိုက် အကြောင်း သုံးကြောင်း ပါဝင်သည်။
ဗိုလ်ချုပ်က ကျွန်တော့်ကို အကြိမ်ကြိမ် ပြောပြဖူးသည့်အတိုင်း ဤအလံမှာ လွတ်လပ်သော ဗီယက်နမ်ပြည်သူတို့၏ အလံပင် ဖြစ်သည်။ ဤအလံနှင့် ဤကဲ့သို့သော ပိုစတာမျိုးကို ကျွန်တော် အကြိမ်ပေါင်းများစွာ မြင်ဖူးသော်လည်း၊ ကျွန်တော်တို့၏ နိုင်ငံပုံသဏ္ဍာန်အတိုင်း မာကျောသောသစ်သားဖြင့် ထုလုပ်ထားသည့် ဤနာရီမျိုးကိုတော့ တခါမျှ မမြင်ဖူးခဲ့ပေ။ နိုင်ငံတခုကဲ့သို့ ဖြစ်နေသော ဤနာရီ၊ နာရီတခုကဲ့သို့ ဖြစ်နေသော ဤနိုင်ငံအတွက် မိနစ်တံနှင့် နာရီတံတို့သည် တောင်ပိုင်းဒေသတွင် လည်ပတ်နေပြီး၊ နာရီမျက်နှာပြင်ပေါ်ရှိ ဂဏန်းများမှာ ဆိုင်ဂုံမြို့ကို ဝန်းရံထားသည့် စက်ဝိုင်းသဖွယ် ဖြစ်နေသည်။ ပြည်ပရောက် လက်မှုပညာသည်တဦးသည် မိမိတို့ကဲ့သို့ ဒုက္ခသည်များ တောင့်တနေသော အချိန်ပြသည့်ကိရိယာမှာ ဤအရာမျိုး ဖြစ်ကြောင်း နားလည်သဘောပေါက်ထားပုံရသည်။
ကျွန် တော် တို့သည် နေရာဌာနေမဲ့သူများ ဖြစ်ကြသော်လည်း၊ ကျွန် တော် တို့ကို သတ်မှတ်ဖော်ပြသည်မှာ နေရာထက် အချိန်ပင် ဖြစ်သည်။ ကျွန် တော် တို့ ဆုံးရှုံးသွားသောနိုင်ငံသို့ ပြန်ရန်အတွက် အကွာအဝေးမှာ ဝေးကွာပြိး တိုင်းတာနိုင်သည့်အရာ ဖြစ်သော်လည်း၊ ထိုအကွာအဝေးကို ချေဖျက်ရန် လိုအပ်သည့် နှစ်ပေါင်းများစွာမှာမူ အဆုံးမရှိနိုင်ပေ။ ထို့ကြောင့် နေရာဌာနေမဲ့သူများအတွက် ပထမဆုံးမေးခွန်းမှာ အမြဲတမ်း အချိန်နှင့် ပတ်သက်နေသည် - "ကျွန်တော် ဘယ်တော့ ပြန်နိုင်မလဲ" ဟူ၍ပင် ဖြစ်သည်။
"အချိန်ကို ပြောရရင်" ဟု ကျွန်တော်က မာဒမ်ကို ပြောလိုက်သည်။ "ဒီနာရီက အချိန်မှားပြနေတယ်ဗျ။"
"မမှားဘူး" ဟု ဘီယာယူရန် ထသွားရင်း သူမက ပြန်ဖြေသည်။ "ဒါက ဆိုင်ဂုံစံတော်ချိန်နဲ့ တိုက် ထားတာပါ" ဟု ဆိုလေသည်။
အမှန်ပင်။ ဘာကြောင့်များ ကျွန်တော် ဒါကို မမြင်မိပါလိမ့်။ ဆိုင်ဂုံစံတော်ချိန်မှာ လက်ရှိနေရာနှင့် ၁၄ နာရီ ကွာခြားနေသည်။ သို့သော်လည်း ဤနာရီဖြင့်သာ အချိန်ကို တိုင်းတာပါက ကျွန်ုပ်တို့သာလျှင် ၁၄ နာရီအမှားဖြင့် လွဲချော်နေသူများ ဖြစ်နေမည်။ ဒုက္ခသည်၊ ပြည်ပရောက်သူ၊ ရွှေ့ပြောင်းနေထိုင်သူ—ကျွန် တော် တို့သည် မည်သို့သော အိုးအိမ်မဲ့သူမျိုးပင် ဖြစ်စေကာမူ၊ အမေရိကန်လူမျိုးတို့၏ 'အရည်ပျော်အိုး' သီအိုရီကို ချီးကျူးသူများ ထင်မှတ်ထားကြသလို ယဉ်ကျေးမှုနှစ်ခုကြားတွင် ရိုးရိုးရှင်းရှင်းပင် ရှင်သန်နေကြခြင်း မဟုတ်ပေ။
အိုးအိမ်မဲ့သူများသည် အချိန်ဇုန်နှစ်ခုကြားတွင် နေထိုင်ကြသူများ ဖြစ်သည်။ "ဒီနေရာ" နှင့် "ဟိုနေရာ"၊ "ပစ္စုပ္ပန်" နှင့် "အတိတ်" တို့ကြားတွင် ရှိနေကြပြီး၊ ကျွန် တော် တို့သည် အချိန်ခရီးသွားများ ဖြစ်လာရခြင်းကိုပင် မနှစ်မြို့သူများ ဖြစ်ကြသည်။ သို့သော် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းများက အချိန်ခရီးသွားများကို အနာဂတ်သို့မဟုတ် အတိတ်သို့ ရွေ့လျားနေသူများဟု ပုံဖော်ခဲ့ကြသော်လည်း၊ ဤနာရီကမူ လုံးဝကွဲပြားခြားနားသော အချိန်ကာလသဘောတရားကို ပြသနေသည်။ လူတိုင်းမြင်နိုင်အောင် ပွင့်ပွင့်လင်းလင်း တင်ထားသော ဤနာရီ၏ လျှို့ဝှက်ချက်မှာ ကျွန်ုပ်တို့သည် အချိန်ထဲတွင် စက်ဝိုင်းပုံစံအတိုင်း လည်ပတ်နေကြရုံမျှသာ ဖြစ်သည်ဆိုသည့် အချက်ပင် ဖြစ်သည်။