DASSK နှင့် တွေ့ဆုံခွင့် ငြင်းပယ်လိုက်ခြင်း အပေါ် လေ့လာသူ များ၏ သုံးသပ်ချက် - စထရိတ်တိုင်းမ်

by Hla Soewai - Jul 13 2026

အာဆီယံ၏ ဖိအားပေးမှုကို ဆက်လက်ငြင်းဆန်နေခြင်းသည် (မြန်မာ ပြည်သူများသာ မက) စစ်အုပ်စု ကပါ အာဆီယံကို အစွမ်းအစမရှိ‌သည့် အဖွဲ့အစည်းဟု ယူဆထားကြောင်း ပြသနေသည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

 

အာဆီယံက မြန်မာကို လိုအပ်နေခြင်းသည် ၎င်းတို့ အာဆီယံကို လိုအပ်နေတာထက် ပိုတယ်လို့ မင်းအောင်လှိုင်က သတ်မှတ်သွားပြီ ဖြစ်သည်" ဟု Lowy Institute မှ Hunter Marston က ပြောခဲ့သည်။ 

 

အာဆီယံဥက္ကဋ္ဌဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဇာ လာဇာရို အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ကြိုးပမ်းခဲ့မှုသည် ဒုတိယအကြိမ်မြောက် ကျရှုံးသွားခဲ့ခြင်း ဖြစ်သည်။ သူမ၏ ဇန်နဝါရီလ (၇) ရက်နေ့နေပြည်တော် ခရီးစဉ် အတွင်း မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့စဉ်က တောင်းဆိုခဲ့ပြီး ဖြစ်သည်။

 

"သူတို့ဖက်က အခြေအနေကို အပြည့်အဝ ထိန်းချုပ်ထားတယ်ဆိုတာကို ပြသချင်ကြပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်သူတွေက ဘယ်အချိန်မှာ တွေ့ဆုံနိုင်တယ်ဆိုတာကို သူတို့ကိုယ်တိုင်ပဲ သတ်မှတ်ပေးချင်ကြတာပါ" ဟု မာစတန် က ဆိုသည်။

 

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒွန် ပရာမွတ်ဝီနိုင်း နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ တို့သာလျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့ခြင်းဆိုတဲ့ အချက်က စစ်အုပ်စုသည် ဘယ်သူ့ကို တကယ့်ကို ယုံကြည်သလဲ၊ ဘယ်သူ့ကိုတော့ အရေးအကြီးဆုံး နိုင်ငံခြားမိတ်ဖက်တွေလို့ သတ်မှတ်ထားသလဲဆိုတာကို ဖော်ပြနေပါတယ်" ဟုစထရိတ် တိုင်းမ် ကို ပြောကြားခဲ့သည်။

 

ပရာမွတ်ဝီနိုင်းသည် အာဏာသိမ်းပြီး နှစ်နှစ်အကြာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် နေပြည်တော်သို့ သွားရောက်ခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ ဝမ်ယိအနေဖြင့်လည်း ယခုနှစ် ဧပြီလ (၂၅) ရက် ခရီးစဉ်အတွင်း သူမနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

 

 ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရသူများကို ကန့်သတ်ထားခြင်းသည် စစ်အုပ်စု ၏ နိုင်ငံရေးနှင့် သံတမန် ရေးအရ အသာစီးရယူထားနိုင်သည့် နည်းလမ်းတခုဖြစ်ကြောင်း လေ့လာသူအချို့က သုံးသပ်ကြသည်။

 

ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ချုပ်‌ နှောင်ထားခြင်းအားဖြင့် မင်းအောင်လှိုင်သည် အလွန်တင်းကျပ်စွာ စီမံထားသော အတုအယောင် ရွေးကောက်ပွဲကို ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု စထရိတ်တိုင်းမ် သတင်းစာက ဆိုသည်။

 

မင်းအောင်လှိုင်သည် နိုင်ငံကို ၎င်း၏ သဘော အတိုင်း အုပ်ချုပ်ရန် အခိုင်အမာ ဆက်လက် လုပ်ဆောင်နေသည်။ သို့သော် အာဏာသိမ်းပြီးနောက် ချမှတ်ခဲ့သည့် အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ်ကို မူ လိုက်နာ နိုင်ခြင်း မရှိ ဖြစ်နေသည်။

 

မင်းအောင်လှိုင်သည် အာဆီယံ၏ အသိအမှတ် ပြုမှု ကိုသာလိုလားနေပြီး အဖွဲ့ကြီး၏ စောင့်ကြည့်စစ်ဆေးမှုကိုတော့ လက်မခံနိုင် ဖြစ်နေသည်။

 

"စစ်အုပ်စု အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးလိုက်ခြင်းအားဖြင့် အာဆီယံအနေနဲ့ မြန်မာ့ပြည်တွင်းရေးအား နိုင်ငံရေးအရ ဖြေရှင်းရာတွင် တရားဝင် ကြီးကြပ်ခွင့်ရှိတယ်ဆိုတဲ့ သဘောမျိုး သက်ရောက်သွားမှာကို စိုးရိမ်လို့ပဲ ဖြစ်ပါတယ်" ဟု မြန်မာ့သမိုင်းသုတေသနပညာရှင် ဖိုးဝင်းလတ်က သုံးသပ်ပြောကြားခဲ့သည်။

 

ပဋိပက္ခများကို လွတ်လပ်စွာ စောင့်ကြည့်နေသည့် ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတခုဖြစ်သော Armed Conflict Location & Event Data (ACLED) ၏ အဆိုအရ၊ အာဏာသိမ်းပြီးချိန်မှစ၍ လူပေါင်း ၁၀၀,၀၀၀ ကျော် သေဆုံးခဲ့ရကြောင်း သိရသည်။

 

ထိုသတင်းများ ကြား‌ လေ အာဆီယံသည် မင်းအောင်လှိုင်အပေါ် စိတ်ပျက်လာ လေလေ ဖြစ်နေပြီး အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရယူခွင့်ပေးရေးအပါအဝင် အခြားသော အချက်များပါဝင်သည့် ငြိမ်းချမ်းရေးအစီအစဉ်ကို အပြည့်အဝ အကောင်အထည်ဖော်ရန် အကြိမ်ကြိမ် တောင်းဆိုထားပြီး ဖြစ်သည်။

 

အဆိုပါ အချက်များထဲတွင် အာဆီယံအထူးကိုယ်စားလှယ်ကို သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံခွင့်ပြုရန်ဖြစ်ပြီး၊ ယင်းတွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသည့် အစီအစဉ်လည်း ပါဝင်ရမည်ဖြစ်သည်။

 

သို့သော်လည်း သူမသည် ပြင်ပလောကနှင့် အဆက်အသွယ် လုံးဝပြတ်တောက်လျက်ရှိသည်။ စစ်အုပ်စုက သူမကို ဧပြီလတွင် နေအိမ်အကျယ်ချုပ်ဖြင့် ပြောင်းရွှေ့ထားကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်းတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်သော သတင်းရင်းမြစ်များအနေဖြင့် မတွေ့မြင်ရသလို၊ သူမထံမှ သတင်းစကား တစုံတစ်ရာလည်း မကြားသိရတော့ပေ။

 

ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ အသက် ၄၈ နှစ်ရှိ ကင်မ်အဲရစ် က အာဆီယံ၏ တွေ့ဆုံခွင့်တောင်းခံမှုကို ပယ်ချလိုက်ခြင်းမှာ အလွန်စိတ်ပျက်စရာကောင်းလှသော်လည်း အံ့သြခြင်းတော့ မရှိဟု ဆိုသည်။ 'သူတို့ဟာ ကျွန်တော့်မိခင်ကို ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်တောက်ထားဆဲဖြစ်ပြီး၊ သူတို့ ဘာတွေကို ဖုံးကွယ်ထားချင်နေတာလဲဆိုတဲ့ အလေးအနက် မေးခွန်းထုတ်စရာ အခြေအနေတွေ ပေါ်ပေါက်လာနေပါတယ်' ဟု စထရိတ်တိုင်းမ် သို့ ပြောပြခဲ့သည်။

 

အာဆီယံ၏ ငြိမ်းချမ်းရေးအစီအစဉ်ဖြင့် မိမိအား ဖိအားပေးခြင်းသည် မမျှတဟု မင်းအောင်လှိုင်က ရှုမြင် နေကြောင်း Stimson Center မှ အမရာသီဟက ထောက်ပြပြောဆိုခဲ့သည်။

 

နေပြည်တော်၏ ရှုမြင်ပုံအရဆိုလျှင် အာဆီယံသည် ထိုင်း-ကမ္ဘောဒီးယား နယ်မြေအငြင်းပွားမှုကဲ့သို့သော အခြားအဖွဲ့ဝင်နိုင်ငံများ၏ အ ရေး တွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိပါပဲလျက် မိမိတို့ကျမှ စွက်ဖက်လာရသလား ဆိုပြီး မြင်ကြတယ်' ဟု ၎င်းက ရှင်းပြသည်။"

 

ဒေါ်အောင်ဆန်းစုကြည်၏ နောက်ကွယ်တွင် လူထု တရပ်လုံး ရှိနေ၍ ၂၀၁၁ လို သူမ အား ပြန်လွှတ်ပြီး ထွက်ပေါ်လာသည့် အ‌ခြေအနေမျိုးကို မင်းအောင်လှိုင် အဖို့ မစွန့်စားရဲ ဖြစ်နေသည်။

 

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းခံမှုကို အာဆီယံအား ပယ်ချလိုက်ခြင်းသည် မင်းအောင်လှိုင်နှင့် အာဆီယံအဖွဲ့အကြား ပိုမိုကွဲပြားမှုများ ဖြစ်ပေါ်လာစေနိုင်ပြီး၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်ခွင့် ပိတ်ပင်ထားမှုကို ဆက်လက်ထားရှိသွားနိုင်သည်ဟု အချို့က ယူဆကြသည်။

 

သို့သော် ထိုသို့ တက်ခွင့် ရခြင်းသည် မင်းအောင်လှိုင် အဖို့ ၎င်းအား ထောက်ခံသူများ အကြား ဝါဒဖြန့်နိုင်ယုံ သက်သက်သာ ရှိမည်ဟု တွက်ဆပြီး သိတ်ပြီး အလေးမထားတော့၊ တကယ်တမ်း ၎င်း အာဏာ တည်မြဲရေး အတွက် အာဆီယံသည် ဘာမှ လုပ်မပေးနိုင်၊ လုပ်ပေးနိုင်သည့် အမှန်တကယ် သြဇာသက်ရောက်မှုအရှိဆုံး နိုင်ငံများ နှင့် သာ တက်တက်ကြွကြွ ဆက်ဆံသွားဖို့သာ ဆုံးဖြတ်ထားပုံရသည်။

 

မိမိကိုယ်ကို သမ္မတဖြစ်အောင် စီမံဖန်တီးထားသူ မင်းအောင်လှိုင်သည် အာဆီယံ၏ တောင်းဆိုမှုကို ပြတ်ပြတ်သားသား ငြင်းပယ်ခြင်းဖြင့် ၎င်း၏ ရာထူးအသစ်ကို ပိုမိုခိုင်မာအောင် လုပ်ဆောင်နေသည်ဟု ဖြိုးဝင်းလတ်ကဲ့သို့သော လေ့လာသူများက ယူဆကြသည်။ "စစ်အုပ်စုက အာဆီယံကို 'မင်းတို့ ငါတို့နဲ့ ဆက်ဆံနိုင်တယ်၊ ဒါပေမဲ့ ငါတို့သတ်မှတ်တဲ့ စည်းကမ်းအတိုင်းပဲ ဖြစ်ရမယ်' လို့ ပြောနေတာပါ။ ပြည်တွင်းပရိသတ်ကိုတော့ 'ငါတို့ဟာ အချုပ်အခြာအာဏာရှိတယ်၊ ဖိအားမခံရဘူး၊ အခြေအနေကို ထိန်းချုပ်ထားနိုင်တယ်' လို့ ပြောပြနေတာဖြစ်ပါတယ်" ဟု ဆိုသည်။

 

ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ်ကမူ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်အုပ်စု အပေါ် ထားရှိသည့် သဘောထားကို လျှော့ပေါ့မပေးဘဲ မြန်မာနိုင်ငံကို ကူညီရန် စနစ်တကျ ညှိနှိုင်းဆောင်ရွက်ပေးကြဖို့ ပန်ကြား လိုက်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!