ပြည်သူကို ဗုံးကြဲနေရသည့် စစ်ကောင်စီ၏ လုပ်ရပ်က သံတမန်ထိုးစစ်ကို အဟန့်အတားဖြစ် နေ

by Hla Soewai - Jul 06 2026

စစ်အုပ်စု သည် နေ့စဉ်လို တိုက် လေယာဉ် များ နှင့် ဗုံးကြဲ တိုက်ခိုက် နေရခြင်းသည် တော်လှန်ရေး အင်အားစု များကို ချေမှုန်း နေရခြင်း မျိုး မဟုတ်ဘဲ လက်ရှိ အနေအထားကို အတတ်နိုင်ဆုံး ဆွဲဆန့် နေရခြင်းသာ ဖြစ်သည်။

 

တဖက်တွင်လည်း အာဏာရှင် လင်မယားသည် မြစ်ကူး ချောင်း ကျော် သွား၍ ရသော နိုင်ငံများကို နိုင်ငံတော် ခရီးစဉ် ဟု ဆိုကာ လှည့်ပတ်သွားလာရင်း သံခင်းတမန်ခင်း ကာဗာ ရဖို့ ကြိုးစားနေရရှာသည်။

 

ထိုနိုင်ငံများ ထဲတွင် တရုတ်မှ လွဲ၍ ကျန် နှစ်နိုင်ငံသည်က ၎င်း၏ စိတ်အခြေအနေကို ကောင်းစွာ သိထားပြီး ဖြစ်၍ မဖိတ်လျင် ရန်ညိုးသိုကာ ရှေ့လျောက် မည်သို့မျှ ဆက်ဆံ၍ အဆင်မပြေတော့မည်ကို ယူဆထား၍လည်း ဖြစ်သည်။

 

အိန္ဒိယ၊ တရုတ်၊ လာအို နိုင်ငံများသို့ မြစ်ကူး ချောင်းဖျား တောက်လျှောက် ခရီး ထွက်နေခြင်းသည် ၎င်းကို သူ့ထက်ငါ ဦးအောင် အလုအယက် ဖိတ်ခေါ်နေကြခြင်းတော့မဟုတ်၊ လာရောက်လည်ပတ်ချင်ပါသည်၊ နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာအောင် တည်ဆောက်ချင်ပါသည်ဟု စစ်အုပ်စု ဖက်က ကမ်းလှမ်းလာ၍သာ ထိုသို့ ခရီးစဉ်မျိုး ထွက်ပေါ်လာခြင်း မျိုး ဖြစ်သည်။

 

ထိုသို့ သံတမန် ထိုးစစ် ဆင်နွှဲပြီး ၎င်းတို့အား နိုင်ငံတကာ မှ လက်ခံလာအောင် လုံးပမ်း နေရချိန်တွင် ၎င်းတို့၏ အဓိက အားနည်းချက်သည် လေကြောင်းမှ ပြည်သူများကို ဗုံးကြဲသတ်ဖြတ်နေရခြင်းကို တဖက်က ရပ်ဆိုင်း၍ မရ ဖြစ်နေခြင်းပင် ဖြစ်သည်။ ပြဿနာက ၎င်းတို့ ဗုံးကြဲ တိုက်ခိုက်နေမှု ကြောင့် ရန်သူ့ စခန်းများ ကို ချေမှုန်း နိုင်လိုကိပြီ၊ ရန်သူများ မည်သည့် စခန်းကို လက်လွှတ်လိုက်ရပြီ ဆိုသော သတင်းများ အစား ရွာများ ရှိ ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုများ သေဆုံးကုန်ကြပြီ ဆိုသည့် သတင်းမျိုးသာ ထွက်ပေါ်လာနေသည်။

 

ယခု အချိန်တွင် အာဆီယံက ၎င်းအား ပြန်လက်ခံ၍ ရအောင် အကြောင်းပြချက် ကောင်းကောင်း ရှာနေသော အချိန်မျိုးတွင် မင်းအောင်လှိုင်သည် မျက်နှာပန်း လှ‌ အောင် ခေတ္တခဏမျှ ရပ်ဆိုင်းပေးချင် နေမည်မှာ တပိုင်း‌သေ မတတ် ဖြစ်နေသည်။ သို့မှသာ ၎င်း အား ငြိမ်းချမ်းရေး အတွက် အစစ်အမှန်ကြိုးစားနေသူ ဟု ထင်မြင်ကောင်း ထင်မြင်လာနိုင်ပေသည်။ ထိုသို့ မဟုတ်သည့် တိုင်အောင် ‌၎င်းတို့ဖက်က အနိုင်ရလာပြီး အခြေအနေကို ထိန်းချုပ် နိုင်ပြီဟု ယူဆ လာကြမည် မဟုတ်ပါလား။

 

သို့သော် ခေတ္တ ရပ်ဆိုင်း ပေးဖို့ အထိပင် မစွန့်စားရဲ ဖြစ်နေသည်၊ ပြောက်ကျားစစ်ကို ‌တိုက်လေယာဉ် များ နှင် ချေမှုန်း၍ မရ မှန်း သိနေသော်လည်း တော်လှန်ရေး အင်အားစု များ အတွက် ရိက္ခာများ ရနေနိုင်သည့် ကျေးရွာများကို အကြောက်တရားများ ဝင်ရောက်လာအောင် မြေလှန် ပြစ်နေခြင်းသာ ဖြစ်သည်။ 

 

ထို့အတွက်လည်း ပြည်သူလူထု ကို လုံးဝ ထည့် မတွက်သော ၎င်းတို့၏ ရက် ၁၀၀ ငြိမ်းချမ်းရေး ဆိုသည်ကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက လက်ခံသင့် မခံသင့် ပင် အချိန်ပေး၍ ဆွေးနွေးကြဖို့ နေနေသာသာ ချက်ခြင်းလို ပယ်ချ ခဲ့ကြသည်မှာလည်း အဆန်းတော့ မဟုတ်ပေ။

 

အာဆီယံ မှ ဇူလိုင်လ အတွင်း ပြုလုပ်မည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တွင် စစ်အုပ်စု နိုင်ငံခြားရေး ဝန်ကြီး နှင့် အွန်လိုင်းမှ ဆွေးနွေးရန် ကြံစည်လာခြင်းသည် နိုင်ငံတကာဥပဒေနှင့် တရားမျှတမှု အားအလွန်လေးနက်စွာ မထေမဲ့မြင့် ပြုလာခြင်းပင် ဖြစ်သည်။

 

ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ထားသည့် အဖွဲ့အစည်းတခုနှင့် တန်းတူရည်တူ ထား ညှိနှိုင်းခြင်းသည် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေပြီး အပြစ်ပေးခံရမှုမှ ကင်းလွတ်နိုင်ခွင့် ရှိသည်၊ ဆက်လုပ်နေ၍ ရသည်ဟု အားပေးရာရောက် နေသည်။ လေကြောင်းမှ တိုက်ခိုက်နေမှုများ လည်း ရပ်ဆိုင်းခြင်းမျိုး မရှိ သေး။ ထိုအချက်ကို ပြန်လည် ဆက်ဆံဖို့ အရေး တွင် အဓိက တောင်းဆိုချက် အဖြစ် စွဲကိုင်ထားသင့်သည်၊ နိုင်ငံတော် အတိုင်ပင်ခံ နှင့် ‌ခေတ္တခဏာမျှ တွေ့ဆုံခွင့် ရဖို့ တောင်းဆိုခဲ့သည်ကိုပင် သံတမန်ရေး လမ်းကြောင်းနှင့် တိုးတိုးတိတ်တိတ် မဟုတ်ဘဲ လူသိရှင်ကြား ငြင်းပယ်လိုက်ခြင်းသည် အာဆီယံ အဖွဲ့ အဖို့ အရှက်တကွံ ဖြစ်သွားခဲ့ရပြန်သည်။

 

ထိုကဲ့သို့ အဖွဲ့အစည်းမျိုး နှင့် နိုင်ငံရေးအရ အပေးအယူလုပ်ရန် မသင့်လျော်သည့် သဘောထားမျိုး ဖြစ်သည်၊ စစ်အုပ်စုသည် စစ်ရေး အရ လည်း ယခုထိ နာလန် ထူမလာနိုင်သေး၍ ပဋိပက္ခကို အမြန်ဆုံးရပ်တန့်ရန် မည်သူနှင့်မဆို ညှိနှိုင်းသင့်သည်ဟု အာဆီယံက ယူဆလာ၍ ဖြစ်သည်။

 

သို့သော်လည်း ငြိမ်းချမ်းရေးသည် ပဋိပက္ခ ရပ်ဆိုင်းသွားယုံ ပေါ်တွင်သာ မူတည်သည်မဟုတ်ဘဲ၊ ကျူးလွန်ထားသော ရာဇဝတ်မှုများအတွက် တာဝန်ယူမှုမှ ကင်းလွတ် နေပြီး၊ တရားမျှတမှုနှင့် ကျူးလွန်ခံရသူများအတွက် နစ်နာမှုများကို ပြန်လည်ကုစားပေးနိုင်သည့် အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်မှသာ ရေရှည်တည်တံ့နိုင်မည် ဖြစ်သည်။

 

အခြေခံအားဖြင့် တရားမျှတမှုမရှိသော ငြိမ်းချမ်းရေးသည် ရေရှည်တွင် ပဋိပက္ခအသစ်များကိုသာ မွေးဖွားပေးနိုင်ကြောင်း သမိုင်းက အလီလီ သက်သေပြထားခဲ့ပြီးလည်း ဖြစ်သည်။

 

(‌ဦး‌) ဂျိမ်းရွှေက အေးရှားတိုင်းတွင် ရေးသားရာတွင် SCEF ၏ လုပ်ငန်းဆောင်ရွက်မှု သုံးလတာကာလအတွင်း ရလဒ်များမှာ ထင်မှတ်ထားသည်ထက် ပိုမိုခိုင်မာအားကောင်းလျက်ရှိသည်။ ကောင်စီသည် “ကွပ်ကဲမှုတခု၊ မူဝါဒတခု၊ မဟာဗျူဟာတခု” ဟူသည့် အခြေခံသဘောတရားဖြင့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ကွပ်ကဲရေးကော်မတီကို ဖွဲ့စည်းနိုင်ခဲ့သည်။ ၎င်းသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း ခုခံတော်လှန်ရေးအင်အားစုများအကြား ပထမဆုံးအကြိမ် ပေါင်းစပ်ထားသော စစ်ရေးကွပ်ကဲမှုပုံစံတခု ဖြစ်လာသည် ဟု ရေးသားထားသည်။

 

SCEF သည် ပြည်သူများ မျှော်လင့်နေသည့် coordinated attack ခေါ် တနိုင်ငံလုံး တပြိုင်နက်တည်း ထိုးစစ် ဆင်နိုင်ဖို့သာ လိုပေတော့သည်။ သို့မှသာ အောင်မြင်သည် မအောင်မြင်သည် ဖြစ်စေ စစ်ရေး နှင့် သံတမန်ရေး တွင် ခန့်ညားလောက်သည့် အဖွဲ့အစည်း အဖြစ် ထွက်ပေါ်လာမည် ဖြစ်ပေသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!