ဒေါ် အောင် ဆန်းစုကြည် ဘယ်မှာလဲ

by Hla Soewai - Jul 06 2026

သူမ အား ဖမ်ဆီးထားသူ မင်းအောင်လှိုင်က အကျယ်ချုပ် ဖြင့် ထားရှိသည် ဆိုသော်ငြားလည်း စစ်အာဏာပိုင်တို့က နကိုယ်ကတည်း ၎င်းတို့၏ လျှို့ဝှက်ချက်များကို ကာကွယ်ရန်အတွက်ပင် အထူး ရည်ရွယ်တည်ဆောက်ထားသည်ဟု နေပြည်တော် ဆိုသည့် မြို့ကြီးတွင် ဒေါ်အောင်ဆန်းစုကြည်ဘယ်‌ နေရာ ရောက်နေသည်ကို ပြောရန် အလွန်ခက်ခဲလှကြောင်း စထရိတ်တိုင်းမ် သတင်းစာက ရေးသားထားသည်။

 

နေပြည်တော်သည် လူဦးရေ တသန်းခန့်သာ ရှိသော်လည်း နယူးယောက်မြို့ထက် ကိုးဆမျှ ကျယ်ဝန်းပြီး၊ တောအုပ်များနှင့် လယ်ကွင်းပြင်များကြားတွင် လူသူကင်းမဲ့သော လမ်းမကြီး ပေါင်း ၂၀ ဖြင့် ယှက်ဖြာ ဆက်သွယ်ထားသည့် လျှို့ဝှက်ဆန်းကြယ်သော နေရာများဖြင့် ပြည့်နှက်နေသည့် မြို့တမြို့ ဖြစ်သည်။

 

အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်သည် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် သို့ ပြောင်းရွှေ့ ချုပ်နှောင်ထားသည်ဟု ဧပြီလ အတွင်းက ပြောဆိုထားခဲ့သည်။ ဤသည်ကလည်း ကန့်သတ်ချက် ပေါင်း များစွာ ဖြင့် ပြုလုပ်လာသည့် ရွေးကောက်ပွဲ အပြီး သမ္မတ အဖြစ် တင်မြှောက်ခံရပြီးနောက် ဂရုဏာသက်ဟန် ဆောင်လာသည့် လုပ်ရပ်မျိုးသာ ဖြစ်သည်။

 

ဝေဖန်သူများကမူ အမည်းစက်ပေါင်း များစွာ ပြည့်နှက်လာနေသည့် ၎င်း၏ ပုံရိပ်ကို ဖုံးကွယ်၍ ရလို ရငြား လုပ်လာသည့် လှည့်ကွက်တစ်ခုသာဖြစ်ကြောင်း ပြောဆိုကြပြီး၊ အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်မှာလည်း အရင်ကထက် ပိုမိုလွတ်လပ်လာခြင်းမရှိကြောင်း၊ မြို့နေလူထုနှင့် အာဏာပိုင်များအတွက်ပါ နားလည်ရခက်သော၊ လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသည့် မြို့တော်၏ တနေရာ ရာ တွင် သူမအား အထီးကျန်စွာ ပိတ်လှောင်ထားဆဲဖြစ်ကြောင်း ထောက်ပြပြောဆိုကြသည်။

 

"သူ ဘယ် နေရာ မှာ ရှိတယ် ဆိုတာကို လူတိုင်း မသိနိုင်ဘူး" ဟု စစ်တပ်ကို ကျောထောက်နောက်ခံ ပေးထားသော ပြည်ခိုင်ဖြိုးပါတီမှ သိန်းထွန်းဦးက ပြောခဲ့သည်။ "ကျွန်တော်လည်း လူတိုင်းထဲက လူတယောက်မို့ မသိနိုင်ဘူး" ဟု ဆိုသည်။

 

၂၀၀၅ ကတည်းက အသက်ဝင်လာခဲ့‌ သော နေပြည်တော်သည် မိုဘိုင်းအင်တာနက် ဂျမ်မာ များ ကြောင့် GPS ကိုပင် ကောင်းကောင်း မသုံးနိုင် ဖြစ်‌ နေပြီး၊ မိုးကုတ်စက်ဝိုင်း ထိမတတ် ရှည်လျားသော အဝေးပြေးလမ်းမကြီးတလျှောက် မြက်ခင်းပြင်များကို ပြုပြင်ထိန်းသိမ်းနေကြသည့် ဥယျာဉ်မှူးများသည် ကားမောင်းသူများနှင့် ခြေလျင်သွားလာသူများ စုစုပေါင်းထက်ပင် ပိုမိုများပြားနေတတ်သည်။

 

နယူးယောက်ရှိ ကိုလံဘီယာ တက္ကသိုလ်မှ အချိန်ပိုင်းပါမောက္ခ၊ ဗိသုကာပညာရှင် Galen Pardee က "ဒီမြို့ထဲမှာ ရှိနေရတာကိုက တနည်းနည်း နဲ့ အကျယ်ချုပ် ကျခံနေရသလိုမျိုးပါပဲ" ဟု ပြောကြားခဲ့သည်။

 

"ဒါဟာ ပုံမှန် မြို့ပြစီမံကိန်းရေးဆွဲသူတယောက်က မြို့ကောင်းတမြို့လို့ သတ်မှတ်မယ့် အချက်တွေနဲ့ လုံးဝဆန့်ကျင်ဘက်ပါပဲ" ဟု သူက ဆိုသည်။

 

"ဒါဟာ နိုင်ငံရေး ရည်ရွယ်ချက်ကို အခြေခံပြီး တမင်တကာ ပြုလုပ်ထားတာပါ" ဟု Pardee က ထောက်ပြခဲ့သည်။

 

ဒေသခံ အမျိုးသမီး တဦးက ဒေါ်အောင်ဆန်းစုကြည် ဘယ်နေရာမှာ ရှိနေနိုင်သလဲဆိုတာ သူ လုံးဝမသိကြောင်း၊ သူကိုယ်တိုင်လည်း ဘယ်နေရာ ရောက်နေသလဲ ဆိုတာကို မကြာခဏဆိုသလို ဝေခွဲမရ ဖြစ်ရကြောင်း ပြောပြခဲ့သည်။

 

‌ပြည်သူ လူထု က ဒီမိုက‌ ရေစီ နည်းလမ်းတကျ ဖြင့် တခဲနက် ရွေးကောက် တင် မြှောက်ခံထားရ‌ သော ခေါင်းဆောင်တဦးအနေဖြင့် သူမတွင် လုံခြုံရေးအထူးခွင့်ပြုချက်မရှိဘဲ ဖြတ်သန်း၍မရနိုင်သော စစ်ဆေးရေးဂိတ်များနောက်ကွယ်ရှိ အစိုးရပိုင်နေအိမ်တွင် နေထိုင်ခွင့်ရှိသည်။ ယခုအခါ ထို အိမ်သည်လည်း ဖြိုဖျက်ခံခဲ့ရသည်ဟု သိရသည်။

 

သို့သော်လည်း သူမ၏ လက်ရှိတည်နေရာနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်မှာ လမ်းပိတ်ဆို့မှုများထက် ပိုမိုနက်ရှိုင်း နေသည်။

 

ရဲအထူးသတင်းတပ်ဖွဲ့ အရင်းအမြစ်နှစ်ခုက ဒေါ်အောင်ဆန်းစုကြည်အား အိမ်အကျယ်ချုပ် ချ ထားကြောင်း ကြေညာချိန်တွင် သူမအား ၎င်းတို့၏ နယ်မြေအတွင်းသို့ ပြောင်းရွှေ့ထားသော်လည်း ၎င်းတို့ကိုယ်တိုင်ပင် သွားရောက်ခွင့်မရှိသည့် နေရာများတွင် ထားရှိကြောင်း ပြောခဲ့ကြသည်။

 

ရှုပ်ထွေးမှုများမှာ ဆက်လက်ရှိနေဆဲဖြစ်သည်။

 

"ဗိုလ်ချုပ်ကြီးတွေတောင် သူမရဲ့ သတင်းအချက်အလက်ကို မသိကြပါဘူး" ဟု ယခုသီတင်းပတ်အတွင်း သတင်း ရင်းမြစ် တခု က ပြောကြားခဲ့သည်။

 

ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ်က မိခင် ဖြစ်သူာသည် ရန်ကုန်တွင်သာ နေထိုင်သင့်သူဖြစ်ကြောင်းနှင့် သူမအား ထိန်းသိမ်းထားသည့် မည်သည့်နေအိမ်မဆို သက်သက်သာသာ နေထိုင်၍ ရမည့် အိမ်မျိုးမဟုတ်ဘဲ "ကိုယ်ပိုင်အကျဉ်းထောင်" တခုသာ ဖြစ်ကြောင်း ပြောပြခဲ့သည်။

 

"ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာက အမေ ခံစားခဲ့ရတဲ့ အခြေအနေတွေနဲ့ ဘာမှသိပ်မထူးခြားဘူးလို့ပဲ ကျွန်တော် မြင်ပါတယ်" ဟု လန်ဒန်မြို့မှတစ်ဆင့် ဖုန်းဖြင့် ပြောကြားခဲ့သည်။

 

မင်းအောင်လှိုင်သည် ၎င်းတဦးတည်း သဘောဖြင့် လက်မှတ်ထိုး ထုတ်ပြန်ထားသည့် အမိန့်အာဏာ များဖြင့် ငါးနှစ်ကြာ အုပ်ချုပ်ပြီးနောက် ပန်းခြံထဲ လမ်း‌ လျှောက်သည်က ပင် ပို၍ ခက်ခဲမည် ထင်ရ‌ သော ရွေးကောက်ပွဲများကို ကျင်းပခဲ့ပြီး၊ ၎င်းအား သမ္မတ အဖြစ် တင်‌ မြှောက် ပေးမည့် ပြည်ခိုင်ဖြိုးပါတီ မှ ကျေးတော်မျိုး ကျွန်တော်မျိုး များ အနိုင်ရစေရန် လမ်းခင်းပေးခဲ့သည်။

 

နေပြည်တော်ရှိ လွှတ်တော်တွင် သူမအား ချီးကျူးထားသည့် မဂ္ဂဇင်းဟောင်းများ ကျန်ရှိနေသေးသော်လည်း ပြည်ခိုင်ဖြိုးမှ လွှတ်တော်အမတ် ဆိုသူ အေးချမ်းက "သူမခေတ် ကုန်ဆုံးသွားပြီ" ဟု ပြောကြားခဲ့သည်။

 

"သူမကို လွှတ်ပေးလိုက်တယ်ပဲ ထားပါတော့၊ ဒါမှမဟုတ် ဘာပဲဖြစ်ဖြစ် သူမအနေနဲ့ ဘာအခန်းကဏ္ဍမှ ပါဝင်လာတော့မှာ မဟုတ်ပါဘူး - သူမက အသက်အရမ်းကြီးနေပြီလေ" ဟု ဆိုသည်။

 

ဒါဆိုရင် သူမ ဘယ်မှာလဲ။

 

"ကျွန်တော် မသိဘူး" ဟု သူက ပခုံးတွန့်ပြရင်း ပြောသွားခဲ့သည်ဟု ရေးသားထားသည်။

 

ဤသို့ လျှို့ဝှက်ထားခြင်းသည်ကပင် ပြည်သူလူထုကို စိုးရိမ်ပူပန်မှုဖြစ်စေရန်နှင့် နိုင်ငံရေးအရ စိုးရိမ် ကြောင့်ကြစိတ်များ ဖြင့် သူမ၏ လှုပ်ရှားမှုကို အပြီးတိုင် ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်ရှိပုံရ နေသည်မှာ ထင်ရှားနေပေသည်။

 

ရွေးကောက်ပွံ ဆိုသည်ကလည်း လူထု သဘောထားကို ထင်ဟပ်ဖို့ထက် ၎င်းတို့၏ ရုပ်ဆိုး အကျည်းတန်မှု ကို ချောမွေ့အောင် လုပ်ပေးမည့် ရွှေဘော် တခုအဖြစ်သာ ယူဆထားကြသူ များ ဖြစ်သည်။

 

နောက်ထပ် သက်သေ သာဓက တခု အဖြစ် ကုလ အထူး သံတမန် ဂျူလီ ဘစ်ရှော့၏ ကုလ သမဂ္ဂတွင် တင်ပြချက်များကို စိုးရိမ်ထိတ်လန့်လာကြ၍ ရဲဝင်းဦး၏ ဝက်ဆိုဒ် နှင့် စစ်အုပ်စု လက်ဝေခံ မီဒီယာ များက ရစရာ မရှိအောင် ပုတ်ခတ် ပြောဆိုခဲ့သည်ကို တွေ့ရခြင်းပင် ဖြစ်သည်။

 

သို့သော် ကမ္ဘာတဝန်း လက်နက်ကိုင် ပဋိပက္ခများ ၏ အချက်အလက် များ စောင့်ကြည့် ပြုစုနေသော ACLED အဖွဲ့ကြီးကပင် ၎င်းတို့ အာဏာသိမ်းခဲ့သည့် ငါးနှစ်တာ ကာလ အတွင်း လူပေါင်း ၁၀၀,၁၁၄ ဦး သေဆုံးခဲ့ပြီ ဖြစ်သည်ဟု အတိအကျ စာရင်း ထုတ်ပြန်ခဲ့ခြင်းကပင် ၎င်းတို့ အတွက် မပြေးသော် ကန်ရာရှိ ဆိုသလို စိုးရိမ်စရာ ဖြစ်လာရသည် မဟုတ်ပါလား။

 

ထို အစီရင်ခံချက်သည်လည်း ကမ္ဘာသတင်းစာမျက်နှာများ တွင် ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။

 

တကမ္ဘာလုံးက လိမ်ညာနေကြခြင်း ဖြစ်ပြီး ၎င်းတို့သာ အမှန် ပြောနေသူများဟု ယူဆနေကြသူများ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!