ဘီဂျင်း မြို့လယ်ခေါင် လေယာဉ် ပျက်ကျမှု တရုတ် အစိုးရ ဖုံးအုပ်ထား

by Hla Soewai - Jul 06 2026

ဇူလိုင်လ ၁ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း (၁၀၅) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကျင်းပခဲ့သည်။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် တက်ရောက်ခဲ့သည့် ဂုဏ်ပြုဖျော်ဖြေပွဲနှင့် ပြည်သူ့ခန်းမကြီး တွင် ပြုလုပ်သည့် နိုင်ငံတော်အဆင့် အခမ်းအနားများဖြင့် အဆိုပါနေ့ကို ဂုဏ်ပြုခဲ့ကြသည်။

 

သို့သော်လည်း ပွဲစီစဉ်သူများအတွက်မူ အခမ်းအနားများ မစတင်မီကာလအတွင်း ဘီဂျင်းမြို့တော်၏ အချက်အချာနေရာတွင် ဖြစ်ပွားခဲ့သော စိုးရိမ်ဖွယ်ရာ ဖြစ်စဉ်တစ်ခုကြောင့် အခမ်းအနားများ၏ အရှိန်အဝါ မှေးမှိန်သွားခဲ့ရသည်။ ဇွန်လ ၂၆ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့သော ထိုလုံခြုံရေးဆိုင်ရာ ချို့ယွင်းချက်မှာ ထူးခြားပြီး အလွန်ရှက်ဖွယ်ကောင်းသည့် ဖြစ်ရပ်တခု လည်း ဖြစ် ပေသည်။

 

ဘီဂျင်းမြို့ပြင်ရှိ လေယာဉ်ကွင်းတခုမှ ပျံတက်လာသော အပေါ့စား လေယာဉ်ငယ်တစင်းသည် ဘီဂျင်းမြို့၏ အမြင့်ဆုံးအဆောက်အအုံဖြစ်သည့် CITIC Tower ကို ဝင်တိုက်မိခဲ့သည်။ အဆိုပါဖြစ်စဉ်မှာ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်းများ နေထိုင်ရာ နေရာနှင့် ကီလိုမီတာ အနည်းငယ်သာ ဝေးကွာသောနေရာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

သတင်းအချက်အလက်များကို လုံးဝနီးပါး အမှောင်ချထားခြင်းကြောင့် တရုတ်နိုင်ငံသားအများစုမှာ ထို ဖြစ်စဉ်နှင့်ပတ်သက်၍ ကြားသိကြခြင်းမရှိသလောက် နီးပါး ပင် ဖြစ်သွားခဲ့သည်။ အာဏာပိုင်များက လေယာဉ်မှူး သေဆုံးပြီး လူ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အတိုချုပ် ထုတ်ပြန်ခဲ့သော်လည်း၊ ထိုအချိန်မှစ၍ ထပ်မံဖြည့်စွက်ပြောကြားခြင်းမရှိသည့်အပြင် လေယာဉ်မှူး၏ အမည်ကိုပင် ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ ပေ။

 

"China Zun" ဟု ခေါ်ဆိုကြသည့် (ရှေးဟောင်းကြေးခေတ်က အရက်သောက်ရာအိုးကို အစွဲပြု၍ ဒီဇိုင်းထုတ်ထားသော) အဆိုပါ အဆောက်အအုံအတွင်းရှိ ဝန်ထမ်းများကိုလည်း ဤဖြစ်စဉ်နှင့်ပတ်သက်၍ မည်သူတဦးတယောက်ကိုမျှ ပြောဆိုခြင်းမပြုရန် ညွှန်ကြားထားသည်။ ထို့အပြင် ဖြစ်စဉ်နှင့် မသက်ဆိုင်သည့် အဆောက်အအုံ၏ အွန်လိုင်းဓာတ်ပုံများကိုပင် တရုတ်ဆိုရှယ်မီဒီယာများပေါ်မှ ဖယ်ရှားပစ်ခဲ့ကြောင်း သတင်းများအရ သိရသည်။

 

လေယာဉ်ပျက်ကျမှုဖြစ်စဉ်ကို အနီးနားရှိ အဆောက်အအုံတခုမှ ဗီဒီယိုရိုက်ကူးထားနိုင်ခဲ့သော်လည်း ထိုစိတ်လှုပ်ရှားဖွယ် ဗီဒီယိုမှတ်တမ်းများနှင့် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်သည့် အခြားသော ခန့်မှန်းချက်များ (လေယာဉ်မှူးက တမင်တကာ ဝင်တိုက်ခြင်း ဟုတ်၊ မဟုတ် ဆိုသည့် ဆွေးနွေးမှုများ အပါအဝင်) အားလုံးကို ဆင်ဆာဖြတ်တောက်လိုက်ကြသည်။

 

လေယာဉ်ဝင်တိုက်မှုကြောင့် အဆောက်အအုံဘေးဘက်တွင် ဖြစ်ပေါ်ခဲ့သည့် အပေါက်ငယ်ကိုလည်း (ပုံတွင်မြင်ရသည့်အတိုင်း) ဖုံးအုပ်ထားလိုက်ပြီဖြစ်ပြီး ရဲတပ်ဖွဲ့ကလည်း ထိုနေရာတဝိုက်ကို ပိတ်ဆို့ထားလိုက်သည်။ ထို့ပြင် တရုတ်နိုင်ငံတဝန်းရှိ လေယာဉ်ငယ်များအားလုံး၏ ပျံသန်းမှုကိုလည်း ရပ်ဆိုင်းထားကြောင်း သတင်းများက ဆိုသည်။

 

ဘီဂျင်းသည် ကမ္ဘာပေါ်တွင် လုံခြုံရေး အတင်းကျပ်ဆုံး မြို့တော်များထဲမှ တခုဖြစ်သည်။ လမ်းဆုံလမ်းခွတိုင်းတွင် စောင့်ကြည့်ကင်မရာများဖြင့် ပြည့်နှက်နေပြီး၊ (CITIC Tower နှင့် နီးကပ်သည့်) တီယန်မင်ရင်ပြင်ကဲ့သို့သော နေရာများတွင် ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်ဝတ်ရဲများ အမြဲမပြတ် ကင်းလှည့်လျက်ရှိသည်။ အခြားဒေသများမှနေ၍ မြို့တော်သို့ ကားဖြင့် ဝင်ရောက်လာသူများအနေဖြင့် လုံခြုံရေးစစ်ဆေးရေးဂိတ်များကို မဖြစ်မနေ ဖြတ်ကျော်ရလေ့ရှိသည်။

 

လေကြောင်းပိုင်နက်ကိုလည်း အထူးသဖြင့် တင်းကျပ်စွာ ကန့်သတ်ထားပြီး၊ ဘီဂျင်းမြို့လယ်ခေါင်တွင် စတုရန်းကီလိုမီတာ ၁၀၀ ရှိသော လေယာဉ်ပျံသန်းမှု လုံးဝတားမြစ်ထားသည့်နယ်မြေ ကို အမြဲတမ်း သတ်မှတ်ထားသည်။

 

 မြို့တွင်းတွင် ဒရုန်းများ ဝယ်ယူခြင်းကိုပင် တားမြစ်ထားပြီး၊ ပိုင်ရှင်များအနေဖြင့် ရဲတပ်ဖွဲ့ထံတွင် မှတ်ပုံတင်ထားရမည်ဖြစ်သည်။ ဒရုန်းပျံသန်းလိုပါက အာဏာပိုင်များ၏ ခွင့်ပြုချက် ရရှိမှသာ ပျံသန်းခွင့်ရှိသည်။

 

တရုတ်နိုင်ငံရေး လေ့လာစောင့်ကြည့်သူများ အလွန်တုန်လှုပ်ချောက်ချား သွားခဲ့ကြသည်၊ လေယာဉ်ငယ်တစင်းသာ CITIC Tower ကို ဝင်တိုက်နိုင်ခဲ့ပါက ဒရုန်း သို့မဟုတ် ဒုံးကျည်တစ်စင်းဖြင့်ဆိုလျှင်လည်း ဝင်တိုက်ရန် အလွန်လွယ်ကူလိမ့်မည်ဟု တွက်ဆခဲ့ကြ၍ ဖြစ်သည်။ Sinocism အတိုင်ပင်ခံလုပ်ငန်းမှ လေ့လာဆန်းစစ်သူ Bill Bishop က "X" လူမှုကွန်ရက်ပေါ်တွင် ရေးသားရာ၌ ဘီဂျင်းမြို့တော်၏ အချက်အချာနေရာတွင် ဤသို့သော ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ခြင်းသည် "ကြီးမားသော လုံခြုံရေးချို့ယွင်းချက်" တခုဖြစ်ကြောင်းနှင့် ဘီဂျင်း၏ လုံခြုံရေးစနစ်အတွက် "ငလျင်လှုပ်သကဲ့သို့သော" အကျိုးသက်ရောက်မှုမျိုး ဖြစ်သည်ဟု ဆိုသည်။ ၎င်းက ဆက်လက်၍ "နောက်ထပ် စက္ကန့်ပိုင်းလောက်သာ ပျံသန်းလိုက်မည်ဆိုပါက ခေါင်းဆောင်ပိုင်းများ နေထိုင်ရာ Zhongnanhai အဆောက်အအုံဝင်းအတွင်း ထိုးဆင်းသွားနိုင်သည်" ဟု လည်း ပါရှိသည်။

 

စင်ကာပူ၏ The Straits Times တွင် အများပြည်သူဆိုင်ရာ လေကြောင်းခရီးစဉ် လမ်းကြောင်းခြေရာခံသည့် အချက်အလက်များအရ ဟိုင်နန်လေကြောင်းလိုင်း ပိုင် လေယာဉ်တစ်စင်းသည် ဘီဂျင်းမြို့လယ်သို့ ဦးတည်ပျံသန်းလာသော အဆိုပါ လေယာဉ်ငယ်နှင့် တိုက်မိလုနီးပါး အခြေအနေမှ သီသီလေး လွတ်မြောက်သွားခဲ့ကြောင်း ဖေါ်ပြထားသည်။

 

ဤဖြစ်စဉ်သည် ဘီဂျင်းမြို့တော်ရှိ လုံခြုံရေးဆိုင်ရာ အသိုင်းအဝိုင်းအတွင်း မလွဲမသွေ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာ နေသည်။ ထို့ပြင် တရုတ်နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့တွင် အကျင့်ပျက်ခြစားမှုများကို အမြစ်ဖြတ်ရန် ရည်ရွယ်၍ နှစ်ပေါင်းများစွာ လုပ်ဆောင်လာခဲ့သည့် သန့်စင်ရေး လုပ်ငန်းစဉ်များကြောင့် ရုန်းကန်နေရသည့်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယခုအခါ အရာရှိအချို့မှာလည်း ၎င်းတို့၏ ရာထူးနေရာများကို ထပ်မံဆုံးရှုံးရဖွယ်ရှိနေသည်။

 

လေ့လာဆန်းစစ်သူအချို့က ဤလေယာဉ်ပျက်ကျမှု ဖြစ်စဉ်ကို ၁၉၈၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တစ်ခုနှင့် နှိုင်းယှဉ်ပြသလျက်ရှိသည်။ ထိုစဉ်က Mathias Rust အမည်ရှိ ဂျာမနီနိုင်ငံသား သည် ၎င်း၏ လေယာဉ်ငယ်ကို မော်စကိုမြို့ရှိ "ရင်ပြင်နီ" ပေါ်သို့ ဆင်းသက်နိုင်ခဲ့၍ ဆိုဗီယက်ပြည်ထောင်စု၏ လေကြောင်းကာကွယ်ရေးစနစ် အားနည်းချက်ကို ဖော်ထုတ်ပြသလိုက်သကဲ့သို့ ဖြစ်ခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် ကာကွယ်ရေးအရာရှိကြီး အတော်များများ ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။

 

(၂၀၂၆ ဇူလိုင် ၁ ရက် နေ့ အီကောနော်မစ် မဂ္ဂဇင်းပါ China covers up a plane crash in the heart of its capital ဆောင်းပါး ကို ပြန်လည် တင်ပြသည်။)