မြစ်ဆုံ တစ္ဆေကြီး ပြန်လည် ခေါင်းထောင်လာ

by Hla Soewai - Jul 06 2026

သမ္မတ တု မင်းအောင်လှိုင် သည် တရုတ် ပြည်မှ ပြန်ရောက်ပြီး မကြာမီမှာပင် ဒေါ်လာ ၃.၆ ဘီလီယံ တန် မြစ်ဆုံဆည်ကို ပြန်စတော့မည်ဟု တရားဝင် အတည်ပြု ပြောဆိုလာပြီ ဖြစ်သည်။

 

တိုင်းပြည်တွင် အာဏာသိမ်းပြီး ရမ်းကားချင်တိုင်း ရမ်းကားခွင့် ရနေပြီး လူပေါင်း တသိန်းကျော် အထိ သေဆုံးခဲ့ရပြီ ဖြစ်သည် အထိ ကျုးလွန်ခဲ့သူ အဖို့ ယခုလို မြစ်ဆုံဆည် စ မည့် အရေးသည် ကလေးကစား စရာ မျှ လောက်သာ ဖြစ်နေသည်။

 

မြန်မာနိုင်ငံအတွင်း တရုတ်၏ လွှမ်းမိုးမှုအပေါ် မကျေနပ်ချက်များနှင့် စင်ကာပူနိုင်ငံအရွယ်အစားခန့်ရှိသော ဒေသတခုလုံး ကို ရေလွှမ်းမိုးစေမည့် ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများ ကြောင့် USDP သမ္မတ ဦးသိန်းစိန် မှ ရပ်ဆိုင်း ပစ်ခဲ့ခြင်း ဖြစ်သည်၊ ယခု USDP မှ ရွေးချယ် တင်မြှောက်ထားသည် ဆိုသော သမ္မတ ကပင် ပြန်လည် စတင်မည်ဟု ပြောလာပြန်သည်။

 

နောက်တကြောင်းက ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အား ၆ ဂစ်ဂါဝပ် (GW) ၏ ၉၀ ရာခိုင်နှုန်းကို ၎င်း၏ အိမ်နီးချင်းကြီးဖြစ်သည့် တရုတ်နိုင်ငံသို့ တင်ပို့ရန် စီစဉ်ထားခြင်းကိုလည်း ပြည်သူများက လက်မခံခဲ့ကြပေ။ ယခုအခါ ပြောခွင့်ရ ခိုင်ခိုင်စိုး မှ အဆိုပါ စီမံကိန်းကို ပြန်လည်စတင်ပါက မြန်မာနိုင်ငံ လိုအပ်နေသော ထို ၁၀ ဂစ်ဂါဝပ်၏ ထက်ဝက်ကျော်ကို ဖြည့်ဆည်းပေးနိုင်မည်ဟု ပိုပိုသာသာ ပြောလာပြန်သည်။

 

"၎င်းတို့ အနေဖြင့် ဒေသခံပြည်သူများ၏ ရေလွှမ်းမိုးမှုနှင့် နေရပ်စွန့်ခွာရမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ထည့်သွင်းစဉ်းစားကာ ချိန်ဆ ဆောင်ရွက်သွားမည်" ဟု ဆိုပြန်သည်။

 

မိုးလေဝသ ပင် ကြိုတင် ခန့်မှန်းနိုင်စွမ်း မရှိခဲ့၍ လူပေါင်း ၁၄၀,၀၀၀ နီးပါး အသက်ဆုံးခဲ့ရသည့် နာဂစ် မုန်တိုင်း ဒဏ် ခံခဲ့ရသည့် အဖြစ်ကို ကြည့်မည်ဆိုက ၎င်းတို့၏ လေ့လာ ဆန်းစစ် တိုင်းတာမှု ဆိုသည်က မည်သို့မျှ ယုံနိုင်စရာ မရှိပေ။

 

မင်းအောင်လှိုင်သည် လျပ်စစ်မီး လိုအပ်ချက် ထက် တရုတ်၏ ရင်းနှီးမြုပ်နှံမှု များ များသည်ထက် များများ ဝင်ရောက်လာလေလေ၊ ၎င်းတို့ ကို လက်လွှတ်၍ မရ ဖြစ်လာလေလေ ဆိုကာ ကြံစည်လာခြင်း ဖြစ်သည်၊ ၎င်းတို့ ဖယ်ရှားခံရပါက အကယ်၍ မြစ်ဆုံတွင် ရင်းနှီးမြုပ်နှံလာမည့် ဒေါ်လာ ဘီလီယံ နှင့် ချီသော ငွေကြေးပမာဏသည် ချက်ခြင်းလို သဲထဲရေသွန် ဖြစ်သွားမည့် အရေး တရုတ်က လက်ခံမည် မဟုတ်၍ ၎င်းတို့အတွက် မဟာဗျူဟာ မြောက် အသက်ကယ် လမ်းကြောင်းကို မဖြစ်မနေ ကြိုတင် ပန္နက် ရိုက်လိုက်ခြင်းလည်း ဖြစ်သည်။

 

တနိုင်ငံလုံး လျှပ်စစ်မီးလုံလောက်စွာ မရရှိခြင်းသည် စီးပွားရေးကို အလွန်ထိခိုက်စေသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော်လည်း "ဖွံ့ဖြိုးရေး" ဟူသော ခေါင်းစဉ်အောက်တွင် ဒေသခံများ၏ အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ပေးဆပ်ရန် ထိုက်တန်ပါ၏ လော။ စီမံကိန်းများ အောင်မြင်ရန်အတွက် ပွင့်လင်းမြင်သာမှုရှိသော ဆွေးနွေးမှုများနှင့် ဒေသခံများ၏ သဘောတူညီချက်များကော အဓိက မကျပေဘူးလော။

 

ထို့အတွက် ကချင်မြေကို ကာကွယ်ရန် ကချင် လွတ်လပ်ရေး တပ်တော် ၏ တာဝန်သည် ကြီးလေးသည်ထက် ကြီးလေးလာပြီ ဖြစ်သည်။

 

တရုတ်သည် လည်း မင်းအောင်လှိုင်က မြစ်ဆုံကို ဗန်းပြ၍ ၎င်းတို့၏ အရှုပ်အထွေး ထဲ ဆွဲသွင်းနေသည့် အဖြစ်ကို မရိပ်စားမိဘဲ နေမည်မဟုတ်။ မြစ်ဆုံမှတဆင့် ၎င်းတို့ နိုင်ငံ အတွင်း အလွန်ရှည်လျားသော လျှပ်စစ်ဓာတ်အားလိုင်းများ တည်ဆောက်ရ ပေဦးမည်၊ လုံခြုံရေးလည်း ယူပေးရမည့်အပြင် နေပြည်တော်တွင် ခေါင်းဆောင် အပြောင်းအလဲ ဖြစ်သွားပါက ယခင်လို စီမံကိန်း ရပ်ဆိုင်းသွားနိုင်သည့် အန္တရာယ် ကို ရင်ဆိုင်ရမည်။

 

တရုတ်သည် ယခုအခါ ပြန်လည် ပြည့်ဖြိုး စွမ်းအင်၊ နျူကလီယား စွမ်းအင်များ အပြင် နည်းပညာမြင့်မားလာ၍ အဝေးမှ လျှပ်စစ်ဓာတ်အား သွယ်တန်းရာတွင် ဆုံးရှုံးမှုနည်းစေသည့် Ultra-High Voltage (UHV) ဂရစ်များကို တည်ဆောက်ထားနိုင်ပြီ ဖြစ်သဖြင့် ၎င်းတို့ အတွက် မြစ်ဆုံသည် ၂၀၀၉ လောက် အရေးမပါတော့။

 

မင်းအောင်လှိုင်က ၎င်းတို့ ကိုယ်ကျိုး အတွက် စတင်ချင်သော်လည်း ၎င်းတို့ အပေါ် မြန်မာ ပြည်သူများက ကမ္ဘာမကြေ ဖြစ်လာမည့် အရေးကိုလည်း ထည့်တွက် မည်မှာ မလွဲဧကန် ပင် ဖြစ်သည်။

 

တရုတ်အဖို့က ဘင်္ဂလားပင်လယ်အော်သို့ ဝင်ရောက်ခွင့်၊ ကျောက်ဖြူဆိပ်ကမ်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၊ ရှားပါးမြေသားသတ္တုများ၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအပေါ် ဩဇာလွှမ်းမိုးနိုင်မှု စသည့် ခိုင်မာသော အကျိုးစီးပွားများဖြင့် လုံလောက်နေပြီ ဖြစ်သည်။

 

ထို့အတွက် မင်းအောင်လှိုင် ဘီဂျင်းသို့ ရောက်လာခိုက် ရှီကျင့်ပင် မှ "လေလည်ပြလိုက်ခြင်း" သာ ပို၍ ဖြစ်နိုင်‌ခြေ ရှိနေသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ၎င်းတို့၏ လုပ်ရပ်ကို နိုင်ငံ၏ 'နှလုံးသားနှင့် အသက်သွေးကြော' ကို တရုတ်၏ ထောက်ခံမှုရရှိရန်အတွက် ရောင်းစားလိုက်ခြင်းဖြစ်ကြောင်း ပြင်းထန်စွာ ဝေဖန်ပြောဆိုခဲ့သည်။ ဧရာဝတီမြစ်ရေစီးကြောင်း ပုံမှန်အတိုင်း လွတ်လပ်စွာ စီးဆင်းနေစေရေးအတွက် တိုင်းရင်းသား တော်လှန်ရေး မဟာမိတ်များနှင့်အတူ လက်တွဲလုပ်ဆောင်သွားမည်ဟုလည်း ဆိုသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!