ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခွင့် ပေးရန် အာဆီယံ တောင်းဆိုချက် စစ်အုပ်စု ပယ်ချ

by Hla Soewai - Jul 06 2026

နေပြည်‌ တော် ရှိ စစ်အုပ်ချုပ်ရေးအာဏာပိုင်များသည် အာဆီယံ၏ အထူးကိုယ်စားလှယ်က ထိန်းသိမ်းခံထားရသည့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် တောင်းဆိုချက်ကို ငြင်းပယ်လိုက်ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

 

ဧပြီလနှောင်းပိုင်းတွင် မင်းအောင်လှိုင် က အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ပေးမည်ဟု ကြေညာခဲ့သော်လည်း လေ့လာသူများကမူ ၎င်း၏ အလျှော့မပေးသည့် အုပ်ချုပ်ရေးကို ပုံစံပြောင်းလဲရန်အတွက် လုပ်ပြသည့် ဟန်ပြသဘောသက်သက်သာဖြစ်ကြောင်း ဝေဖန်ခဲ့ကြသည်။

 

အာဆီယံအဖွဲ့သည် အာဏာသိမ်းပြီးချိန်မှစ၍ အာဏာသိမ်း သမ္မတ အား ၎င်းတို့ နှင့် တတန်းစားထဲ မထားလို၍ အစည်းအဝေး တက်ခွင့် ပိတ်ပင်ထားခဲ့သော်လည်း၊ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဖိလစ်ပိုင်ကမူ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ပေးခြင်းကို ကြိုဆိုခဲ့ပြီး ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် "ခေတ္တဝင်ရောက်တွေ့ဆုံခွင့်" ရရှိရန် တောင်းဆိုခဲ့သည်။

 

"ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေအရ တရားစွဲဆိုထားပြီး ပြစ်ဒဏ်များ ကျခံနေရခြင်းကြောင့် နိုင်ငံတကာ မှ ကိုယ်စားလှယ် များ နှင့် တွေ့ခွင့် မပြုနိုင်ကြောင်း" နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ခိုင်ခိုင်စိုးက သတင်းထောက်များအား ပြောခဲ့သည်ဟု သိရသည်။

 

"ပြစ်ဒဏ်များ ကျခံပြီး မှသာ တွေ့ခွင့် ရမည်" ဟုလည်း ထပ်ပြောသွား ပြန်သည်။

 

သို့သော် အကျဉ်းကျ နေသူ တဦး၏ မိသားစု နှင့် တွေ့‌ဆုံခွင့်၊ ရှေ့နေများ နှင့် တွေ့‌ဆုံခွင့် ဆိုသည် အခြေခံ အခွင့် အရေး များကို ဘာတခုမျှ ဂရုမစိုက် နားမလည် ဆိုသည့် အဖြစ်မျိုးက ပေါ်လွင် နေသည်။

 

ထို အမျိုးသမီးသည် သူကိုယ်တိုင်က ပညာတတ်တ ယောက် ဖြစ်၍ နားလည် ကောင်း နားလည် နိုင်သော်လည်း ဒေါ်စိန်အေး ပညာရေး သာ တတ်ကျွမ်းထားသော မင်းအောင်လှိုင် စကားကို သံယောင်လိုက် ပြောနေရသည့် ကြက်တူရွေး အဆင့်သာ ရှိနေရသည်။

 

ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ ထို သို့ တရားဝင် ပယ်ချ လိုက်ခြင်းကို တစုံတရာ တုန့်ပြန် ပြောဆိုခြင်း မရှိသေးဟု သိရသည်။

 

သားဖြစ်သူ ကိုထိန်လင်းက မိခင်ဖြစ်သူ လွတ်မြောက်ရေး မျှော်မှန်း နိုင်ခြင်း မရှိတော့ဘဲ သက်ရှိ ထင်ရှား ရှိ နေကြောင်း အထောက်အထား ခိုင်ခိုင်လုံလုံ ပြသပေးဖို့သာ တစိုက်မတ်မတ် တောင်းဆိုလာသည်မှာ နှစ်လ ကျော် ကြာမြင့် လာချိန်တွင် ယခုလို ပယ်ချ ခံရခြင်း ဖြစ်သည်။

 

အာဆီယံ အတွင်း တွင်လည်း မင်းအောင်လှိုင်ထံမှ လက်တဆစ် လောက် အလျော့ပေးသည်ကို အခွင့်ကောင်း အဖြစ် သတ်မှတ်ပြီး အဖွဲ့အတွင်းသို့ ပြန် ခေါ်လိုသူများနှင့် မူလအတိုင်း တင်းမာသည့်ရပ်တည်ချက်ကိုသာ ခိုင်မာစွာ ဆက်လက်ကိုင်စွဲထားလိုသည့် နိုင်ငံများအကြား သဘောထားများ ကွဲပြားလျက်ရှိသည်။

 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် လာမည့်လနှောင်းပိုင်းတွင် မနီလာမြို့၌ တွေ့ဆုံရန် စီစဉ်ထားသည်။

 

"သူတို့က ဖိတ်မယ်ဆိုရင် ကျွန်မတို့ တက်ရောက်မှာပါ" ဟုခိုင်ခိုင်စိုးက ပြောသွားခဲ့ပြန်သည်။

 

လက်ရှိ အနေအထားအရ အာဆီယံနှင့် စစ်အုပ်စု အကြားတွင် "တွေ့ဆုံဆွေးနွေးရေး" ထက် "သံတမန်ရေးရာ အားပြိုင်မှု" များသာ ပိုမိုများပြားနေသည်။ ဒေါ်အောင်ဆန်းစုကြည် အား အာဆီယံ၏ အထူးကိုယ်စားလှယ် မှ တွေ့ဆုံခွင့် မရ သေး သရွေ့ အာဆီယံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများမှာ အရာထင်လာဖို့ မရှိပေ။ အာဆီယံ၏ သံတမန်ရေးရာလမ်းကြောင်းများကိုသာ ပို၍ ကျဉ်းမြောင်းသွားစေသည်။

 

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မပေးခြင်းသည် အာဆီယံ၏ "ဘုံသဘောတူညီချက် ၅ ရပ်" ကို အကောင်အထည် ဖော်ရာတွင် အဓိကအတားအဆီးတခုဖြစ်ကြောင်း ပြသနေသည်။

 

ငါးမိနစ် လောက်ပင် တွေ့ခွင့် ပေးရန် ငြင်းပယ် နေသည့် ကြားမှပင် ဆက်ဆံရန် ကြိုးပမ်းနေသည့် အဖြစ်က ၎င်းတို့ သိက္ခာ ကို ၎င်းတို့ဘာသာ ချ နေခြင်းပင် ဖြစ်တော့သည်။

 

မင်းအောင်လှိုင်သည် စိတ်မလုံမလဲ ဖြစ်နေရှာ၍ ယခုထိစစ်အုပ်စု မီဒီယာ များ တွင် ၎င်း၏ အမည်ကို ပြောရတိုင်း ရှေ့တွင် "ဒီမိုကရေစီ နည်းအရ ပြည်သူတရပ်လုံးက ရွေးချယ် တင်မြှောက်ထားသော" သမ္မတကြီး ဦးမင်းအောင် လှိုင်" ဟု အမြဲလို ထည့်ပြောပေး‌နေကြရသည်။

 

စစ်ဗိုလ်ချုပ် များက လူထု ဆက်ဆံရေး၊ နိုင်ငံတကာ ဆက်ဆံရေး ဘာတလုံးမှလည်း မသိ၊ သိသူများက လည်း မပြောရဲ၊ ထို့အတွက်ကြောင့်လည်း တသက်နှင့် တကိုယ် တခါမျှ မကြားဘူး ခဲ့သော ရုရှား ခရီးစဉ် တွင် "ငါးသလောက် ပေါင်း" များ ချိုင့်ကြီး ချိုင့်ငယ် နှင့် ထဲ့ယူသွားသည်အထိ လူရယ်စရာ ဖြစ်ခဲ့ရသည် မဟုတ်ပါလား။

 

အာဆီယံ အတွက် နောက်ထပ် အက်ကြောင်းကြီး ထ လာရသည်က မင်းအောင်လှိုင်သည် ကြူကြူလှ နှင့် အတူ လာအို သမ္မတ သွန်လွန် စီဆူလစ်၏ ဖိတ်ကြားချက်အရ ဆိုကာ ဇူလိုင်လ ၃ ရက်မှ ၅ ရက်အထိ လာအိုနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် သွားရောက်မည်ဟူ သော သတင်းထွက်ပေါ်လာခြင်းပင် ဖြစ်သည်။

 

ဤသည်ကလည်း ရွေးကောက်ပွဲ လုပ်လျင် အသိအမှတ်ပြုပြီး တရားဝင် ဖိတ်ကြားပါမည်ဟု အပြန်အလှန် ကတိထားသော လက်တဆုပ်စာ နိုင်ငံများကို "စိုက်ပျိုးခဲ့သမျှ လိုက်လံ ရိပ်သိမ်းနေ" သည့် အဖြစ်က ထင်ရှားသည်ထက် ထင်ရှားလာနေပြီ ဖြစ်သည်။ နောက်တကြောင်းကလည်း ယခုလို အချိန်မျိုးတွင် ၎င်းအား သမ္မတ အဖြစ် အသိအမှတ်ပြုနေကြသည်ဟု ကြွားဝါနေခြင်းသာ ဖြစ်သည်။

 

ထိုသို့ အသိအမှတ် ပြုနေသော်ငြားလည်း နယ်စပ် ကုန်သွယ်ရေး ဂိတ်များကိုပင် အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း မရှိသော သမ္မတ မျိုးသာ ဖြစ် နေသည်။ မြန်မာ နောင်း ၏ သတင်းအရ တရားဝင် နယ်စပ်ကုန်သွယ် ရေး ဂိတ် စုစု ပေါင်း ၁၈ ခု ရှိသည့် အနက် ၁၀ ခုသာ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သည်ဟု သိရသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!