တော်လှန်ရေး အလွန် ကျူးဘား၏ လက်ရှိနှင့် အနာဂတ် အခြေအနေအပေါ် ခွဲခြမ်းစိတ်ဖြာချက် (၃)
အမေရိက တိုက် ၏ အခြေအနေကတော့ တမျိုးတဖုံ ထူးခြားနေသည်။ အတ္တကြီးမားလှသော အင်္ဂလိပ်ခြင်္သေ့ကြီးသည် ကျွန်ုပ်တို့၏ အမေရိကမြေပေါ်မှ ထွက်ခွာသွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း၊ ယခုအခါ ညုတုတုနှင့် ငယ်ရွယ်နုပျိုသော ယန်းကီး အရင်းရှင်များက အင်္ဂလိပ်ကလပ်များ၏ "ဒီမိုကရေစီ" ဆန်သော ပုံစံတူ ဗားရှင်းကို အစားထိုး တပ်ဆင်လိုက်ကြပြီး၊ လက်တင်အမေရိကရှိ သမ္မတနိုင်ငံ နှစ်ဆယ် စလုံး ၏ အချုပ်အခြာအာဏာကို လွှမ်းမိုးချုပ်ကိုင်ထားကြလေသည်။
ဤဒေသသည် မြောက်အမေရိက လက်ဝါးကြီးအုပ်စနစ်၏ ကိုလိုနီနယ်ပယ်၊ ၎င်းတို့ တည်ရှိနေရခြင်း၏ အကြောင်းရင်းနှင့် ၎င်းတို့၏ နောက်ဆုံးမျှော်လင့်ချက် ဖြစ်သလို၊ ၎င်းတို့၏ "အိမ်နောက်ဖေး" လည်း ဖြစ်သည်။ အကယ်၍ လက်တင်အမေရိက ပြည်သူအားလုံးသာ ကျူးဘားနိုင်ငံ လုပ်ဆောင်ခဲ့သကဲ့သို့ သိက္ခာရှိမှု အလံတော်ကို မြှင့်တင်လိုက်ကြမည်ဆိုလျှင် လက်ဝါးကြီးအုပ်စနစ်သည် တုန်လှုပ်ချောက်ချားသွားမည် ဖြစ်သည်။
၎င်းတို့အနေဖြင့် နိုင်ငံရေး-စီးပွားရေး အခြေအနေသစ်တခုနှင့် မိမိတို့၏ အကျိုးအမြတ်များကို သိသိသာသာ ဖြတ်တောက်ခံရမည့် အခြေအနေကို လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ရတော့မည် ဖြစ်သည်။ လက်ဝါးကြီးအုပ်စနစ်သည် မိမိတို့ အကျိုးအမြတ် ဖြတ်တောက်ခံရသည်ကို အလိုမရှိကြပေ။ သို့သော် အမျိုးသားရေးနှင့် နိုင်ငံတကာရေးရာ သိက္ခာရှိမှုဆိုင်ရာ ကျူးဘား၏ ပုံစံကောင်း၊ သို့မဟုတ် ၎င်းတို့အမြင်အရ "စံနမူနာဆိုး" သည် အမေရိကတိုက်ရှိ နိုင်ငံများအကြားတွင် အရှိန်အဟုန် ရရှိလာနေပြီဖြစ်သည်။
ရဲရင့်ပြတ်သားသော ပြည်သူများက လွတ်မြောက်ရေးအတွက် တခဲနက် ကြွေးကြော်လိုက်သည့် အကြိမ်တိုင်းတွင် ကျူးဘားကိုသာ အပြစ်ပုံချလေ့ရှိသည်။ ကျူးဘားတွင် အပြစ်ရှိသည်ဆိုသည်မှာလည်း ကျူးဘားက လမ်းပြခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ ထိုလမ်းပြမှုမှာ အနိုင်မခံနိုင်ဟု ယူဆထားကြသည့် စစ်တပ်များကို ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးဖြင့် မည်သို့ဆန့်ကျင်ရမည်၊ ကြမ်းတမ်းခက်ခဲသော ဒေသများတွင် မည်သို့တိုက်ပွဲဝင်ရမည်၊ ရန်သူ့အခြေစိုက်စခန်းများနှင့် ဝေးကွာသောနေရာများတွင် ရန်သူ့အင်အားကို မည်သို့ပြုန်းတီးစေပြီး မည်သို့ချေမှုန်းရမည်ဟူသော နည်းလမ်းဖြစ်ကာ၊ တလုံးတည်း သော စကားလုံး ကို သုံးရမည် ဆိုလျှင် "ဂုဏ်သိက္ခာရှိသော လမ်းစဉ်" ပင် ဖြစ်သည်။
ကျူးဘားနိုင်ငံမှ ထွက်ပေါ်လာသော နမူနာသည် ၎င်းတို့အတွက် အလွန်ပင် မကောင်းသည့် ပုံစံမျိူး ဖြစ်သည်။ ထိုသို့ မကောင်းသော စံနမူနာ သည် ၎င်းတို့၏ ခြေရင်းတွင် တည်ရှိနေပြီး၊ အန္တရာယ်ကို ရင်ဆိုင်ကာ အနာဂတ်ဆီသို့ ချီတက်နေသရွေ့ မိုနိုပိုလီ လက်ဝါးကြီးအုပ် သမား များမှာ စိတ်အေးချမ်းသာစွာ အိပ်စက်နိုင်မည် မဟုတ်ပေ။
၎င်းတို့က "ကျူးဘားကို ဖျက်ဆီးပစ်ရမည်" ဟု ကြွေးကြော်ကြသည်။ ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ဟန်ဆောင်ထားကြသော မိုနိုပိုလီ၏ ကျွန်များသည် "ဤ 'ကွန်မြူနစ်ဝါဒ' ၏ ခံတပ်ကို စွက်ဖက်တိုက်ခိုက်ကြ" ဟု အော်ဟစ်ကြသည်။ လုပ်ငန်းစုကြီးများအား လိမ္မာပါးနပ်စွာ အကာအကွယ်ပေး နေသူများက "ကျူးဘားအခြေအနေမှာ အလွန်စိုးရိမ်စရာကောင်းသည်" ဟု ပြောဆိုကြသည်။ ဆိုလိုရင်းမှာ "ကျူးဘားကို ဖျက်ဆီးပစ်ရမည်" ဟု ဖြစ်ကြောင်း ကျွန်ုပ်တို့အားလုံး သိရှိကြသည်။
သို့ဆိုလျှင် ထိုမကောင်းသော ပုံစံကို ဖျက်ဆီးရန်အတွက် ရန်လိုသော လုပ်ရပ်များမှတပါး အခြားမည်သည့်ရွေးချယ်စရာများ ရှိ နေပေဦးမည်နည်း။ ရှိနေသည့် တခုမှာ စီးပွားရေးသက်သက်ဟု ဆိုနိုင်သည်။ ၎င်းသည် မြောက်အမေရိက ဘဏ်များနှင့် ပေးသွင်းသူများက စီးပွားရေးလုပ်ငန်းရှင်များအားလုံး၊ အမျိုးသားဘဏ်များနှင့် ကျူးဘားနိုင်ငံတော်ဘဏ်တို့အပေါ် ချေးငွေကန့်သတ်လိုက်ခြင်းဖြင့် စတင်လာသည်။ ဤသို့ဖြင့် မြောက်အမေရိက၏ ချေးငွေများမှာ ကန့်သတ်ခံလိုက်ရပြီး၊ လုပ်ဖော်ကိုင်ဖက်များ၏ ကြားဝင်မှုမှတစ်ဆင့် အနောက်ဥရောပနိုင်ငံအားလုံးကိုလည်း ထိုနည်းတူ မူဝါဒကို ကျင့်သုံးစေရန် ကြိုးပမ်းကြသည်။ သို့သော် ဤတခုတည်းဖြင့်မူ မလုံလောက်ပေ။
ချေးငွေများ ပိတ်ပင်လိုက်ခြင်းသည် စီးပွားရေးအပေါ် ပထမဆုံးသော ပြင်းထန်သည့် ထိုးနှက်ချက်တခု ဖြစ်စေသော်လည်း၊ ထိုနိုင်ငံသည် တနေ့စာ တနေ့ ရုန်းကန်နေထိုင်ရသည့် အခြေအနေမျိုးနှင့် ကျင့်သားရနေပြီးဖြစ်သည့်အတွက် ပြန်လည်နာလန်ထူမှုမှာ လျင်မြန်ပြီး ကုန်သွယ်မှု ပမာဏမှာလည်း ပြန်လည်မျှတသွားသည်။
ထို့ကြောင့် ဖိအားပိုမိုပေးရန် လိုအပ်လာသည်။ သကြားတင်ပို့ခွင့် အခွင့်အရေး သည် ထိုကစားပွဲ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်။ ဟုတ်ပြီ၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဟုတ်ပြီ။ လက်ဝါးကြီးအုပ်သူတို့၏ ကိုယ်စားလှယ်များက ၎င်းတို့၏ တွက်ချက်စက်များဖြင့် စာရင်းဇယားအားလုံးကို အသည်းအသန် တွက်ချက်ကြပြီးနောက် နောက်ဆုံးကောက်ချက်တခုကို ရရှိလိုက်သည်။ ကျူးဘား၏ သကြားတင်ပို့ခွင့်ကို လျှော့ချခြင်းမှာ အလွန်အန္တရာယ်များပြီး၊ လုံးဝပယ်ဖျက်ပစ်ခြင်းမှာလည်း မဖြစ်နိုင်ဟူ၍ ဖြစ်သည်။
အဘယ်ကြောင့် အလွန်အန္တရာယ်များသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် နိုင်ငံရေးအရ မှားယွင်းရုံသာမက၊ အခြားသော သကြားတင်သွင်းသည့် နိုင်ငံ ၁၀ နိုင်ငံ သို့မဟုတ် ၁၅ နိုင်ငံ၏ လောဘကို လှုံ့ဆော်ပေးသလို ဖြစ်သွားမည်ဖြစ်ပြီး၊ ထိုနိုင်ငံများအားလုံးသည် ၎င်းတို့တွင်လည်း (သကြားတင်ပို့ခွင့်) ပိုမိုရသင့်သည်ဟု ယူဆလာကာ ၎င်းတို့ကြားတွင် များစွာသော မကျေနပ်မှုများကို ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သောကြောင့်တည်း။
သကြားခွဲတမ်းကို ဖျက်သိမ်းဖို့ဆိုသည်က မဖြစ်နိုင်။ အဘယ်ကြောင့်ဆိုသော် ကျူးဘားသည် အမေရိကန်ပြည်ထောင်စုအတွက် သကြားကို အကြီးမားဆုံး၊ အထိရောက်ဆုံးနှင့် ကုန်ကျစရိတ်အသက်သာဆုံး ထောက်ပံ့ပေးနေသည့် နိုင်ငံဖြစ် နေသည်။ ထို့အပြင် သကြားထုတ်လုပ်ရေးနှင့် ကုန်သွယ်ရေးမှနေ တိုက်ရိုက်အကျိုးအမြတ် ခံစားနေရသည့် လုပ်ငန်းစုများ၏ ရာခိုင်နှုန်း ၆၀ သည် အမေရိကန်ပိုင် လုပ်ငန်းများ ဖြစ် နေကြသည်။ ကုန်သွယ်မှုလိုငွေပြမှုတွင်လည်း အမေရိကန်ဘက်ကသာ အမြတ်ထွက်နေပြန်သည်။ ရောင်းမှ ဝယ်နိုင်မှာဖြစ်ပြီး၊ လက်ရှိချုပ်ဆိုထားသည့် စာချုပ်ကို ချိုးဖောက်လိုက်မည် ဆိုက မကောင်းသည့် စံနမူနာတစ်ခု ဖြစ်သွား ပေလိမ့်မည်။
အမေရိကန်သည် ဈေးကွက်ပေါက်ဈေးထက် ၃ ဆ နီးပါး ပိုပေးဝယ်နေသည် ဆိုသည် ပြောစကားသည် အမှန်တော့ သကြားကို ဈေးသက်သက်သာသာနဲ့ ထုတ်လုပ်နိုင်စွမ်း မရှိသည့် ၎င်းတို့၏ အားနည်းချက်ကြောင့်သာ ဖြစ်ပေသည်။
လုပ်ခလစာ မြင့်မားခြင်းနှင့် မြေဆီလွှာ၏ ကုန်ထုတ်စွမ်းအား နိမ့်ကျခြင်းတို့ကြောင့် ထိုမဟာအင်အားကြီးနိုင်ငံ ကြီး သည် ကျူးဘားနိုင်ငံ၏ ဈေးနှုန်းအတိုင်း သကြားထုတ်လုပ်နိုင်ခြင်း မရှိပေ။ ဤသို့ ကုန်ပစ္စည်းအတွက် ပိုမိုမြင့်မားသော ဈေးနှုန်းကို ပေးချေခြင်းဖြင့် ကျူးဘားနိုင်ငံတင်မကဘဲ အကျိုးခံစားခွင့်ရှိသူအားလုံးအပေါ် ဝန်ပိစေမည့် စာချုပ်များကို သူတို့ အတင်းအကျပ် ချမှတ်နိုင်ကြသည်။
ကျူးဘား၏ သကြားခွဲတမ်းကို ဖျက်သိမ်းရန်မှာ မဖြစ်နိုင်ပေ။ လက်ဝါးကြီးအုပ်သမားများအနေဖြင့် သကြားရှားပါးမှုကို ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ကြံခင်းများကို ဗုံးကြဲဖျက်ဆီးသည့် စီးပွားရေးနည်းလမ်းကို အသုံးပြုလိမ့်မည်ဟု ကျွန်ုပ်တို့ မယူဆပါ။ ၎င်းသည် တော်လှန်ရေးအစိုးရ၏ အာဏာတည်မြဲမှုအပေါ် ယုံကြည်စိတ်ချမှုကို ပျက်ပြားစေရန် တွက်ချက်ထားသည့် လုပ်ဆောင်ချက်တခုသာ ဖြစ်သည်။ (မြောက်အမေရိက ကြေးစားစစ်သား၏ အလောင်းသည် ကျူးဘားအိမ်တအိမ်ကိုသာ သွေးစွန်းစေသည်မဟုတ်၊ ထိုစစ်သားကို စေလွှတ်ခဲ့သည့် နိုင်ငံ၏ နိုင်ငံရေးမူဝါဒကိုပါ သွေးစွန်းစေခဲ့သည်။ ထို့ပြင် သူပုန်တပ်မတော်အတွက် ရည်ရွယ်ထားသော လက်နက်များ ကြီးမားစွာ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဘာများ ပြောစရာရှိသေးသနည်း။)
ကျူးဘားစီးပွားရေးအပေါ် ဖိအားပေးနိုင်သည့် နောက်ထပ်အားနည်းချက်တခုမှာ ဝါဂွမ်းကဲ့သို့သော ကုန်ကြမ်းပစ္စည်းများ ထောက်ပံ့ရေးကိစ္စပင်ဖြစ်သည်။ သို့သော် ကမ္ဘာပေါ်တွင် ဝါဂွမ်းကို လိုအပ်သည်ထက် ပိုမိုထုတ်လုပ်နေသည်မှာ ထင်ရှားပြီး ဖြစ်သဖြင့် ဤသဘောသဘာဝမျိုး၏ အခက်အခဲမှန်သမျှမှာ ခဏတာမျှသာ ဖြစ်ပေလိမ့်မည်။
လောင်စာဆီသည်လည်း အနည်းငယ် အလေးထားစရာ ကိစ္စဖြစ်သည်။ နိုင်ငံတနိုင်ငံကို လောင်စာဆီ ပြတ်လပ်စေခြင်းဖြင့် ၎င်းနိုင်ငံကို လှုပ်ရှားမှုမရှိအောင် ပိတ်ပင်တားဆီးထားနိုင်သည်မှာ ဖြစ်နိုင်ခြေရှိသည်။ ကျူးဘားသည် ရေနံကို အလွန်နည်းပါးစွာသာ ထုတ်လုပ်နိုင်သည်။ ကျူးဘား၌ ရေနံချေးအချို့ ရှိပြီး ၎င်းကို အသုံးပြု၍ ရေနွေးငွေ့ဖြင့် မောင်းနှင်သည့် စက်ယန္တရားများကို လည်ပတ်နိုင်သလို၊ ယာဉ်များတွင် အသုံးပြုနိုင်သည့် အရက်ချက်ဆီ အချို့လည်း ရှိသည်။
ထို့အပြင် ကမ္ဘာပေါ်တွင် ရေနံပမာဏ အမြောက်အမြား ရှိနေသေးသည်။ အီဂျစ်က ရောင်းချပေးနိုင်သည်၊ ဆိုဗီယက်ယူနီယံက ရောင်းချပေးနိုင်သည်၊ မကြာမီတွင် အီရတ်လည်း ရောင်းချပေးနိုင်ဖွယ် ရှိသည်။ ထို့ကြောင့် စီးပွားရေးသက်သက်ဗျူဟာဖြင့် ရည်မှန်းချက်အောင်မြင်ရန် ဖိအားပေးဖို့က မဖြစ်နိုင်ပေ။