ကလေး သူငယ် ၆ သန်းကျော် ကျောင်းမတက် နိုင် ဖြစ်နေ

by Hla Soewai - Jul 06 2026

မင်းအောင်လှိုင်က တရုတ်ပြည် ခရီးစဉ် အတွင်း ကွန်ပြူတာ လက် တော့ ကို ကလေးများ လက်နှင့် ကိုင်နိုင်လောက်အောင် ပေါ့ပါးနေသင့်သည်ဟု မဟာပညာရှိ ကဝိကြီး အလား ပြောသွားခဲ့သော်လည်း ၎င်း အတုအယောင် သမ္မတ အဖြစ် အုပ်ချုပ်နေသော တိုင်းပြည်တွင်မူ ကျောင်းနေရမည့် အရွယ်ရှိ ကလေး၊ လူငယ် များ ၁၃ သန်း အနက် တဝက်ကျော် ၆.၃ သန်း ခန့်သည် ပညာသင်ကြား နိုင်ခြင်း မရှိကြဟု မဟာဗျူဟာ နှင့် မူဝါဒ ရေးရာ အင်စတီကျု- မြန်မာ (ISP) ၏ အစီရင်ခံစာ အား ကိုးကား၍ ဧရာဝတီ တွင် သတင်း ရေးသားထားသည်။

 

အစီရင်ခံစာတွင် ယခုပညာသင်နှစ်အတွင်း အခြေခံပညာရေး အတွက် စာရင်းသွင်းထားသည့် ကလေးများနှင့် လူငယ်ဦးရေမှာ ၆.၇ သန်းသာရှိပြီး၊ ၂၀၁၉-၂၀၂၀ ခုနှစ် (အာဏာမသိမ်းမီကာလ) က ရှိခဲ့သည့် ၉.၇ သန်းနှင့် နှိုင်းယှဉ်ပါက လျော့နည်းသွားသည်ဟု ဖေါ်ပြထားသည်။

 

ဆင်းရဲနွမ်းပါးမှု၊ လက်နက်ကိုင်ပဋိပက္ခများနှင့် စစ်ဘေးရှောင်ကျောင်းသားများ ကျောင်းအပ်နှံရာတွင် ကြုံတွေ့နေရသည့် စီမံခန့်ခွဲမှုဆိုင်ရာ အခက်အခဲများ ကြောင့် ဖြစ်သည်ဟု ဆိုသည်။

 

မေလအတွင်းက စစ်အုပ်စု၏ ပညာရေးဝန်ကြီးဌာနသည် ၂၀၂၁ ခုနှစ်နောက်ပိုင်းမှစ၍ ပညာရေးစနစ်ပြင်ပတွင် ရောက်ရှိနေသည့် Grade 2 မှ Grade 9 အထိ ကျောင်းသားများအတွက် ဘာသာရပ်ဆိုင်ရာ အရည်အချင်းစစ် စာမေးပွဲကို စတင်ပြုလုပ်ပေးခဲ့သည်။ သို့သော်လည်း အဆိုပါ စာမေးပွဲသည် မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသားများအတွက်သာ အကျုံးဝင်သဖြင့် အထက်တန်းအရွယ် ကျောင်းသားအများစုမှာ ပုံမှန်ပညာရေးစနစ်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်မည့် လမ်းကြောင်း ပိတ်ဆို့နေဆဲဖြစ်သည်။

 

စစ်ဘေးရှောင်နေရသည့် ကျောင်းသားများသည်လည်း ယခင်ကျောင်းများမှ လိုအပ်သည့် ပညာရေးဆိုင်ရာ မှတ်တမ်းများနှင့် ကျောင်းပြောင်းလက်မှတ်များ မရှိပါက ကျောင်းအပ်နှံရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် အာဏာသိမ်းပြီးနောက် စစ်အုပ်စု၏ ပညာရေးစနစ်အောက်တွင် သင်ယူခြင်း သို့မဟုတ် တာဝန်ထမ်းဆောင်ခြင်းကို ငြင်းဆန်ကြသည့် ကျောင်းသားများနှင့် ဆရာများအတွက် ၎င်းတို့၏ ကိုယ်ပိုင်ပညာရေးစနစ်ကို တည်ထောင်ခဲ့သည်။ မြန်မာနိုင်ငံအလယ်ပိုင်းရှိ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော နယ်မြေများတွင် လည်ပတ်နေသည့် ယင်းစနစ်၌ ၂၀၂၃-၂၄ ပညာသင်နှစ်တွင် ကျောင်းပေါင်း ၆,၀၀၀ နီးပါး၌ ကျောင်းသားဦးရေ ၇ သိန်းကျော်ရှိခဲ့သည်။

 

သို့သော်လည်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် အန္တရာယ်များနှင့် စစ်အုပ်စု၏ ကျောင်းများအပေါ် လေကြောင်းတိုက်ခိုက်မှုများမှာ ဆက်လက်၍ မြင့်မားနေဆဲဖြစ်သည်။

 

၂၀၂၅ ခုနှစ်၊ မေလအတွင်းက စစ်အုပ်စု၏ တိုက်လေယာဉ်တစင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ NUG က ဖွင့်လှစ်ထားသော စာသင်ကျောင်းတစ်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကျောင်းသား ၂၂ ဦးနှင့် ဆရာ ၂ ဦး သေဆုံးခဲ့ရပြီး ရာနှင့်ချီသော ကျောင်းသားများ ဒဏ်ရာရရှိခဲ့သည်။

 

ထို့‌ နောက်တွင်တော့ မိဘများသည် မိမိတို့၏ကလေးများကို ကျောင်းသို့လွှတ်ရန် ကြောက်ရွံ့လာခဲ့ကြပြီး၊ ပညာဆက်လက်သင်ယူလိုသော ကျောင်းသားအချို့အတွက်မူ စာသင်ကျောင်းများသည် လျှို့ဝှက်စွာဖြင့် အိမ်တွင် စာသင်ပေးသည့်စနစ်သို့ ပြောင်းလဲကျင့်သုံးခဲ့ကြသည်။

 

သို့သော် NUG ၏ ပညာရေး စနစ် တွင် Grade 12 ပြီးပါက တက္ကသိုလ် ပညာ ဆက်လက် သင်ကြားရေး အတွက် လမ်းဖွင့် ပေးနိုင်ခြင်း မရှိ ဖြစ်နေသည်။

 

အမှန်စင်စစ် NUG ၏ လက်အောက်တွင် တက္ကသိုလ်များနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းအချို့ ရှိနေသော်လည်း ၎င်းတို့သည် အွန်လိုင်းမှတစ်ဆင့်သာ အများစု သင်ကြားပေးနေခြင်း သို့မဟုတ် တောထဲရှိ လျှို့ဝှက်တဲအိမ်များမှတဆင့်သာ လည်ပတ်နေကြခြင်း ဖြစ်သည်။

 

၂၀၂၄ ခုနှစ်၊ ဧပြီလအထိ Myanmar Witness ၏ မှတ်တမ်းများအရ ပညာရေးဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထားသော တိုက်ခိုက်မှုနှင့် အကြမ်းဖက်မှုပေါင်း ၁၇၄ ခုရှိခဲ့ပြီး၊ ယင်းတို့အနက် အများစုမှာ စစ်အုပ်စု တပ်ဖွဲ့များ၏ လက်ချက်ဖြစ်ကာ လူပေါင်း ဒါဇင်နှင့်ချီ သေဆုံး၊ ဒဏ်ရာရရှိခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများထဲတွင် စစ်ကိုင်းတိုင်းသည် အထိခိုက်ဆုံး ဖြစ်သည်။

 

အာဏာသိမ်းခေါင်းဆောင်မှ သမ္မတဖြစ်လာသူ မင်းအောင်လှိုင်သည် ၎င်း၏ အာဏာရှင်စနစ်ကို ဆန့်ကျင်မှုများဖြစ်ပေါ်ရခြင်းမှာ ပညာရေးအားနည်းမှုကြောင့်ဖြစ်ကြောင်း မကြာခဏ အပြစ်တင်လေ့ရှိပြီး ပြည်သူ့ပညာရေးစနစ် မြှင့်တင်ရန် လိုအပ်ကြောင်း အမြဲလို ပြောဆိုခဲ့သူ ဖြစ်သည်။

 

သို့သော်လည်း ISP ၏ အစီရင်ခံစာတွင် ပညာရေးအသုံးစရိတ်မှာ ၂၀၂၄-၂၅ ပညာသင်နှစ်တွင် တိုင်းပြည်ဘတ်ဂျက်၏ ၆.၀၂ ရာခိုင်နှုန်းသာရှိသဖြင့် အာဏာမသိမ်းမီကာလနှင့်စာလျှင် လျော့နည်းနေဆဲဖြစ်ကြောင်း ထောက်ပြထားသည်။ ယခုနှစ်တွင်မူ စစ်အုပ်စု က ၆.၉၂ ရာခိုင်နှုန်းခွဲဝေချထားရန် စီစဉ်ထားသည် ဟု သတင်းတွင် ပါရှိသည်။

 

ပညာရေးအားနည်း၍ ဆန့်ကျင်နေခြင်းဟု မင်းအောင်လှိုင် အပြောသည် ပညာရေး၏ အနှစ်သာရကို လွဲမှားစွာအဓိပ္ပာယ်ဖွင့်ဆိုခြင်း ဖြစ်သည်။ ပညာတတ်မြောက်ခြင်းသည် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိခြင်းကို ဆိုလိုပြီး၊ ယင်းသည် အာဏာရှင်စနစ်အတွက် အမြဲတမ်း စိန်ခေါ်မှုတစ်ခု ပင် ဖြစ်သည်ဟု ခံယူထားကြသူ များ ဖြစ်သည်။

 

ဤအခြေအနေသည် မြန်မာနိုင်ငံအတွက် "ဆုံးရှုံးသွားသော မျိုးဆက်" Lost Generation တခု ပေါ်ပေါက်လာနိုင်သည့် အန္တရာယ်ကို ဖန်တီးနေသည်။ ကျောင်းနေရမည့်အရွယ်တွင် ကျောင်းမနေရခြင်း နှင့် စစ်ပွဲအတွင်း ကြီးပြင်းလာရခြင်းတို့သည် ကလေးငယ်များ၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းနှင့် စဉ်းစားတွေးခေါ်နိုင်စွမ်းကို ရေရှည်တွင် ထိခိုက်စေပြီး၊ နောက်လာမည့် ဆယ်စုနှစ်များအတွင်း နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ကို ပြင်းထန်စွာ ထိခိုက်လာ တော့မည်ဖြစ်၍ အနာဂတ်အတွက် အလွန်စိုးရိမ်စရာကောင်းသည့် အခြေအနေကို ပြဆိုနေသည်။

 

စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ ဒဏ်ချက်များ ဆိုးဝါးစွာ ခံစားခဲ့ကြရမှုသည် နောင်တချိန်တွင် ငြိမ်းချမ်းရေးနှင့် လူမှုအသိုက်အဝန်း တည်ဆောက်ရာ၌ အကြီးမားဆုံး အတားအဆီးတစ်ခု ဖြစ်လာနိုင်သည်။

 

ပညာသင်ကြား နိုင်ခွင့် ရသူ နှင့် မရသူ အကြား လူမှုအဆင့်အတန်းနှင့် အခွင့်အရေးများတွင် ကြီးမားသည့် ကွာဟချက်များ လည်း ပေါ်ပေါက်လာနိုင်သည်။

 

ပညာရေးကို စစ်အုပ်စု မှ ၎င်းတို့ အာဏာ တည်မြဲရေး တစိတ်တပိုင်း အဖြစ် ပစ်မှတ်ထား အသုံးချ နေခြင်းကို ရပ်တန့်ပစ်နိုင်ရန်နှင့် မည်သည့်အဖွဲ့အစည်းကပင် အုပ်ချုပ်သည်ဖြစ်စေ ကလေးငယ်များ၏ အခြေခံအခွင့်အရေးဖြစ်သော ပညာသင်ကြားခွင့်ကို မထိခိုက်စေရန်မှာ အရေးကြီးဆုံးဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!