အိန္ဒိယ၏ "အရှေ့ကို လျှောက်ပါလို့" မဟာဗျူဟာ

by Hla Soewai - Oct 07 2020

အိန္ဒိယသည် ယခုအခါ ၎င်းတို့၏ နယ်ခြားမှတ်တိုင်များ လုံခြုံရေး နှင့် ပတ်ပတ်လည်မှ ဝိုင်းရံ ခံနေရမည့် အရေး ကို ရှောင်ရှားနိုင်ရန် အပူတပြင်း ကြိုးပမ်းအားထုတ်ဖို့ လိုလာနေပြီ ဖြစ်သည်။

 

ထို့အတွက် အရှေ့ဖက် နှင့် အရှေ့တောင်အာရှ နယ်နမိတ်ဖက်တွင် မိတ်‌ဆွေများ ရှိမှ စိတ်ချရမည့် အနေအထား ဖြစ်လာပေသည်။

 

လောလောဆယ်တွင် မြောက်ဖက်ခြမ်း၌ တရုတ်သည် လာဒါး ဒေသအား ဆက်လက်သိမ်းပိုက်ထားနေဆဲ ဖြစ်ပြီး အနောက်ဖက်တွင်လည်း မဟာရန်သူလည်း ဖြစ် တရုတ်၏ မဟာမိတ်လည်း ဖြစ်နေသည့် ပါကစ္စတန်၏ ခြိမ်းခြောက်မှု ကို အမြဲလို ရင်ဆိုင်နေရပြန်သည်။

 

ထို့အတွက် အိန္ဒိယ စစ်ဦးစီးချုပ် (ကြည်း) နှင့် နိုင်ငံခြားရေး အတွင်းဝန်တို့ မြန်မာသို့ ရောက် ရှိလာပြီး နိုင်ငံအတွင်း အိန္ဒိယမှ လုပ်ပေးနိုင်သည်များကို အပြီးသတ် ဆွေးနွေးလာခဲ့ကြခြင်း လည်း ဖြစ်သည်။

 

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးသည် အောက်တိုဘာ ၆ ရက်နေ့တွင် တိုကျိုသို့ ရောက်ရှိလာမည် ဖြစ်ပြီး လေးပွင့်ဆိုင် လုံခြုံရေး ညှိနှိုင်းအစည်းအဝေး Quadruple Security Dialogue (QUAD) ကို တက်ရောက်ကာ အမေရိကန်၊ ဂျပန် နှင့် ဩစတေးလျ နိုင်ငံများနှင့် ဆွေးနွေးရန် ရှိနေသည်။‌ထိုသို့ ဆွေးနွေးရာတွင် ကော်ရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီး နှင့် အရှေ့နှင့် တောင်တရုတ်ပင်လယ်၊ လာဒါးဒေသ အရေးများ ပါဝင်မည် ဖြစ်သည်။

 

တရုတ်သည် လာဒါးဒေသအား တရားမဝင် ဝင်ရောက် သိမ်းပိုက်ခဲ့ပြီးနောက်တွင် အိန္ဒိယ၏ အရှေ့မြောက် ပြည်နယ် တခုဖြစ်သော အာရွန်ချာ ပရာဒက်ရှ်အား တောင်ပိုင်း တိဘက် ပြည်နယ် တစိတ်တပိုင်း အဖြစ် ပြောဆို လာနေပြီ ဖြစ်သည်။ ထို့အတွက် အဆိုပါ ပြည်နယ်အတွင်း အိန္ဒိယမှ စစ်အင်အား တိုးမြှင့်ချထားခဲ့ပြီး ရန်သူများ ဝင်ရောက်စိမ့်ဝင် လာနိုင်မည့် လမ်းကြောင်းများကို ပိတ်ဆို့ခဲ့ရသည်။

 

အိန္ဒိယ နှင့် မြန်မာသည် ၎င်းတို့၏ နယ်ခြားဒေသများ လုံခြုံရေး နှင့် တည်ငြိမ်မှု ရှိရေး၊ တဦး၏ နယ်မြေ ကို တဦးက ရန်လိုသည့် အင်အားစုများ အသုံးချခွင့် မပြုရေး အစရှိသည်တို့ကို ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး စွမ်းအင်၊ ကုန်သွယ်ရေး နှင့် လမ်းပန်းဆက်သွယ်မှု တိုးချဲ့ရေး ကဏ္ဍများတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးများကိုလည်း ဆွေးနွေးခဲ့ကြသည်။

 

မြန်မာ အနေဖြင့် တရုတ်ကို မှီခိုနေရမှု လျော့ချရေး နှင့် အိန္ဒိယအားလည်း တရုတ်ကို တန်ပြန်နိုင်မည့် အင်အားတရပ် အဖြစ် လိုအပ်လျက် ရှိနေသည်။

 

ယခုအခါ အကြမ်းဖက်သမားများကို တရုတ်ပြည် ယူနန် ပြည်နယ်အတွင်း စစ်သင်တန်းများ ပေးလျက်ရှိနေပြီး လက်နက်နှင့် မူးယစ်ဆေးဝါးများသည် မြန်မာနယ်စပ်မှ ဖြတ်ကျော်ဝင်ရောက်နေသည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိနေသည်။

 

၂၀၁၅ ဇွန်လအတွင်းက အိန္ဒိယ ကွန်မန်ဒိုများသည် မြန်မာ ပိုင်နက်အတွင်းရှိ အကြမ်းဖက်သမားများ အခြေပြုရာ စခန်းကြီးတခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ကိုင် ၁၀၀ ကျော်ခန့် သေဆုံးသွားခဲ့ရသည်။

 

တရုတ် နှင့် မြန်မာ သည် နယ်နမိတ်အားဖြင့် ကီလိုမီတာ ၂,၁၂၉ ထိစပ်နေသဖြင့် အလွယ်တကူ ဝင်ထွက်၍ ရနေပြန်သည်။

 

အိန္ဒိယမှ ရရှိခဲ့သော လွန်စွာ အရေးပါသည့် သဘောတူညီချက်တခုသည်ကား စစ်တွေဆိပ်ကမ်းမှတဆင့် အိန္ဒိယရှိ မီဇိုရမ် ပြည်နယ်ထဲသို့ ရေကြောင်းမှတဆင့် ဝင်ထွက်နိုင်မည့် ကုလားတန် မြစ် စီမံကိန်း ပင် ဖြစ်သည်၊ အဆိုပါစီမံချက်အရ စစ်တွေ ဆိပ်ကမ်းမှ အိန္ဒိယ ကုန်စည်များကို ကုလားတန်မြစ်မှတဆင့် ပလက်ဝမြို့သို့ ရေကြောင်းမှ သယ်ယူရန် ဖြစ်ပြီး ထိုမှတဆင့် မီဇိုရမ် ပြည်နယ်ထဲသို့ ကုန်းလမ်းမှတဆင့် ပို့ဆောင်မည်ဖြစ်သည်။

 

လက်ရှိ အခြေအနေများကြောင့် အိန္ဒိယ ပရိုဂျက်ကို သံတမန် အသိုက်အဝန်းက အရေးတယူ ပြောဆိုနေကြခြင်းတော့ မရှိသေးပေ။

 

အိန္ဒိယ နှင့် မြန်မာသည် နယ်နမိတ်အားဖြင့် ၁,၆၄၃ ကီလိုမီတာ ထိစပ်နေပြီး လျိုမြောင် တောင်ကုန်းများ နှင့် သစ်တောကြီးများကြောင့် အဆိုပါ ‌ဒေသများအတွင်း ခိုအောင်းနေကြသော သောင်းကျန်းသူများကို ချေမှုန်းနိုင်ရေးသည် နှစ်ဖက်စလုံးအတွက် အခက်အခဲများ ရှိနေပေသည်။

 

အိန္ဒိယ၏ အရှေ့ကို လျှောက်ပါလို့ မူဝါဒသည် ၂၀၁၄ မှစ၍ ဝန်ကြီးချုပ် မိုဒီ အစိုးရ၏ တရားဝင် နိုင်ငံခြားရေး မူဝါဒ ဖြစ်လာခဲ့သည်။ ထို့အတွက်လည်း အိန္ဒိယအဖို့ အရှေ့တောင်အာရှ နိုင်ငံများနှင့် ပေါင်းကူးဆက်သွယ်နိုင်ရေး အတွက် မြန်မာသည် လွန်စွာ အရေးပါလာခဲ့ရသည်။

 

အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ် မှ အပူတပြင်း တောင်းဆိုနေသည့် ဒုက္ခသည်များ ပြဿနာကို တာဝန်ယူ ညှိနှိုင်းပေးမည်ဆိုသည့် တာဝန်ကို လည်း ယူထားပြီး ဖြစ်သည်။ ဒုက္ခသည်စခန်းများအတွင်း ပါကစ္စတန်ရှိ အစွန်းရောက် အဖွဲ့အစည်းများ စိမ့်ဝင်လာနိုင်မှု အပေါ် အိန္ဒိယက စိုးရိမ်မကင်း ဖြစ်လျက် ရှိနေသည်။

 

ယခု အိန္ဒိယ အဆင်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်အတွင်း စွမ်းအင်ကဏ္ဍတွင် တရုတ်၏ ခြေရာလက်ရာများကို တန်ပြန်နိုင်ရန် အိန္ဒိယမှ သံလျင်တွင် ဒေါ်လာ ၆ ဘီလီယံ တန်ကြေးရှိမည့် ရေနံချက် စက်ရုံ တည်ဆောက် ရင်းနှီးမြုပ်နှံနိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြသည်။

 

ကော်ရိုနာ ဗိုင်းရပ်စ် ကုသရေးတွင် အသုံးပြုနိုင်မည့် ရမ်ဒီစီဗီယား ဆေး ပုလင်း ၃,၀၀၀ ကိုလည်း နိုင်ငံတော် အတိုင်ပင်ခံ လက်ထဲသို့ လွှဲအပ်ပေးခဲ့ပြီး ကာကွယ်ဆေးအား ပူးတွဲထုတ်လုပ်နိုင်မည့် အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ဗိုင်းရပ်စ် ကာကွယ်ဆေး ရလျင်ရခြင်း မြန်မာအား ခွဲဝေပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်အား ကတိပေးသွားခဲ့သည်။

 

ထို့အပြင် မီဇိုရမ် ပြည်နယ်နှင့် ဆက်သွယ်ရေး ပိုမို ကောင်းမွန်လာစေရန် ချင်းပြည်နယ်အတွင်း တံတား တည်ဆောက်ရေး အတွက် ချေးငွေ ဒေါ်လာ နှစ်သန်း ထောက်ပံ့သွားမည်ဟုလည်း ကြေငြာခဲ့သည်။

 

အိန္ဒိယ ကိုယ်စားလှယ် အဖွဲ့သည် ရန်ကုန်ရှိ အိန္ဒိယ သံရုံး၏ ဆက်သွယ်ရေး ရုံးခွဲ ဖွင့်လှစ်သည့် အခမ်းအနားသို့လည်း တက်ရောက်ခဲ့ကြသည်။

 

(ကိုးကား- အောက်တိုဘာ ၅ ရက်နေ့ Asia Times online ပါ " India secures eastern border as threats loom" / The Hindu)