ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(90)

by Hla Soewai - Jul 06 2026

"တစ်ချိန်တုန်း ကတော့ ငါတို့က ချိုလုံ မှာရှိတဲ့ တရုတ်တွေကို ဝိုင်းထားနိုင်ခဲ့တာပေါ့" ဟု ဗိုလ်ချုပ်က ငွေရှင်းကောင်တာနောက်မှနေ၍ ပြောသည်။ "အခုတော့ သူတို့ကပဲ ငါတို့ကို ဝိုင်းထားကြပြီ"။ ပြောရင်းက ငွေရှင်းကောင်တာ၏ ခလုတ်များပေါ်တွင် လက်တင်ရင်း သက်ပြင်းချလိုက်ပြန်သည်။ သူ့ပုံက ယာယီ စန္ဒရားတလုံး ပေါ်တွင် ကြမ်းတမ်းသော တေးသွားတစ်ခုကို တီးခတ်ရန် အသင့်ဖြစ်နေသည့်ပုံပင်။ 

 

"ငါတို့ ဒီကို ဘာမှမပါဘဲ ရောက်လာခဲ့တဲ့အချိန်ကို မှတ်မိသေးလား" ဟု သူကမေးသည်။ ဗိုလ်ချုပ်ကြီးသည် ဒီကို ဘာမှမပါဘဲ ရောက်လာခဲ့ခြင်း မဟုတ်သော်လည်း "မှတ်မိတာပေါ့ဗျာ" ဟု ကျွန်တော်ဖြေလိုက်သည်။ ဇနီး ဖြစ်သူ မဒမ်သည် ရွှေအသပြာ အမြောက်အမြားကို သူမ၏ အဝတ်အစားများ၊ ကလေးများ၏ အဝတ်အစားများအတွင်း၌ ချုပ်ယူလာခဲ့သလို၊ ဗိုလ်ချုပ်ကိုယ်တိုင်ကလည်း ဒေါ်လာငွေများ အပြည့်ပါသော ခါးပတ်အိတ်ကို ခါးတွင် ပတ်လာခဲ့ခြင်းဖြစ်သည်။

 

 သို့သော်လည်း "မေ့လျော့ခြင်း" ဆိုသည်မှာ အမေရိကန်တို့အတွက် ပန်းသီးမုန့် ကဲ့သို့ပင် အလေ့အကျင့်တခု ဖြစ်နေပြီး၊ ၎င်းတို့သည် အရှက်ရခြင်း ထက် သို့မဟုတ် နိုင်ငံခြားသား ကျူးကျော်သူတို့၏ ထူးဆန်းသော အစားအစာများထက်ပင် ဤသို့ မေ့လျော့ခြင်းကို ပို၍ နှစ်သက်ကြသည်။ ကျွန်ုပ်တို့နည်းတူပင် အမေရိကန်တို့သည်လည်း သူတို့ အကျွမ်းတဝင်မရှိသော အစားအစာများကို သံသယဖြစ်ကြပြီး၊ ထိုအစားအစာများကို ယူဆောင်လာသူ နိုင်ငံခြားသားများနှင့်အတူ တွဲမြင်တတ်ကြသည်။ ကျွန်ုပ်တို့ကဲ့သို့ ဒုက္ခသည်များကို အမေရိကန်တို့ လက်ခံနိုင်စေရန်အတွက် ရှေးဦးစွာ ကျွန်ုပ်တို့၏ အစားအစာများကို သူတို့ စားသုံး၍လွယ်ကူပြီး နှစ်သက်စေရမည် (ဈေးနှုန်းသက်သာပြီး အမည်ခေါ်ရလွယ်ကူဖို့ကလည်း အရေးကြီးသည်) ဆိုသည်ကို ကျွန်ုပ်တို့ အလိုလို သိနားလည်ထားသည်။ 

 

ဤသို့ အစားအစာနှင့် ပတ်သက်သည့် သံသယစိတ်ကို ကျော်လွှားရန်နှင့် ထိုအရာမှတစ်ဆင့် အမြတ်အစွန်းရရန်မှာ မလွယ်ကူသည့်အတွက် ဗိုလ်ချုပ်နှင့် မဒမ် တို့၏ စီးပွားရေးလုပ်ငန်းတွင် ရဲစွမ်းသတ္တိတမျိုး ပါဝင်နေကြောင်း ကျွန်တော် သူ့ကို ပြောပြခဲ့သည်။

 

ရဲရင့်တယ်လို့ ပြောရ အောင်လည်း ကျွန်တော့်အတွက်တော့ ဒါဟာ ဂုဏ်သိက္ခာကျဆင်းစရာ ဖြစ်နေသည်။ "ငါ့ ကို စားသောက်ဆိုင်တဆိုင် ပိုင်ရှင်ဖြစ်လာမယ်လို့ အရင်တုန်းကများ ကြိုတွေးဖူးသလား။"

 

ဗိုလ်ချုပ်က ယခင်က 'ချော့ဆွေ့' ဆိုင်ဖြစ်ခဲ့ဖူးသော ကျဉ်းမြောင်းသည့်နေရာကို လက်ညှိုးထိုးပြလိုက်သည်။ နံရံများတွင် အဆီပြန်၍ ညိုမည်းနေသော အစက်အပြောက်များက အကွက်လိုက် ပေကျံနေဆဲပင်။

 

"မတွေးဖူးပါဘူး၊ ဗိုလ်ချုပ်" ဟု ကျွန်တော်က ပြောလိုက်သည်။

 

"အေးလေ... ငါလည်း မတွေးဖူးပါဘူး။ ဒီလိုဖြစ်မယ့်အစား အနည်းဆုံးတော့ သပ်ရပ်တဲ့ စားသောက်ဆိုင်လေးတဆိုင် ဖြစ်သင့်တာပေါ့။" သူပြောလိုက်သည့် လေသံတွင် ဝမ်းနည်းစရာကောင်းလောက်အောင် စိတ်ပျက်လက်ပျက်ဖြစ်နေသည့် အရိပ်အယောင်များ ပါနေသဖြင့် ကျွန်တော့်စိတ်ထဲတွင် သူ့အပေါ် သနားစိတ်များ ပြန်ဖြစ်လာခဲ့သည်။

 

စားသောက်ဆိုင်ကို ဘာမှ ပြုပြင်မွမ်းမံထားခြင်း မရှိ။ ကြမ်းခင်း ဖယောင်းပုဆိုး များမှာ ပျက်စီးနေပြီး၊ အဝါရောင် ဆေးသားများမှာလည်း မှိန်ဖျော့နေကာ၊ အပေါ်မှမီးသီးများ၏ အလင်းရောင်မှာလည်း မှုန်ဝါနေသည်။

 

"ဒီမှာလုပ်တဲ့ ဝန်ထမ်းတွေက စစ်မှုထမ်းဟောင်းတွေပဲ" ဟု သူက ထောက်ပြသည်။ "ဟိုလူက အထူးတပ်ဖွဲ့ဝင်၊ ဟိုလူက လေထီးတပ်ဖွဲ့ဝင်ပေါ့။"အဟောင်းဆိုင်က ဝယ်လာပုံရသည့် သို့မဟုတ် ရက်ရောသော အထောက်အပံ့ ပေးနေသူ တယောက်ယောက်က ပေးထားပုံရသည့် ကိုယ်ခန္ဓာနှင့် မလိုက်ဖက်သော အင်္ကျီများနှင့် Trucker ခေါင်းစွပ်ဦးထုပ်များကို ဆောင်းထားကြသည့် ထိုဝန်ထမ်းများသည် လူသတ်သမားများဟု လုံးဝမထင်ရပေ။ 

 

သူတို့သည် တရုတ်အစားအစာ ပို့ပေးလေ့ရှိသည့် ဆံပင်ပုံစံ မကျ ညှပ်ခံထားရသော သာမန်လူများ၊ အာမခံမရှိဘဲ ဆေးရုံအရေးပေါ်ဌာနတွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေရသူများ၊ ယာဉ်မောင်းလိုင်စင် သို့မဟုတ် ယာဉ်မှတ်ပုံတင်မရှိသဖြင့် ယာဉ်တိုက်မှုဖြစ်သည့်နေရာမှ ထွက်ပြေးလေ့ရှိသည့် လူများကဲ့သို့ပင် ဖြစ်သည်။

 

ဗိုလ်ချုပ် ကျွန်တော့်ကို ခေါ်သွားသည့် စားပွဲမှာ ခြေထောက် မညီမညာဖြစ်နေသည်။ သူတို့ကိုယ်တိုင်လည်း ထိုစားပွဲလိုပင် ယိုင်နဲ့နဲ့ ဖြစ်နေကြသည်။

 

မဒမ်' ကိုယ်တိုင်က ကျွန်တော့်အတွက် 'ဖော' ခေါက်ဆွဲပြုတ်တစ်ပွဲ လာချပေးပြီး ကျွန်တော်တို့နှင့်အတူ ထိုင်နေသည်။ ကျွန်တော်တို့နှစ်ယောက်စလုံးကခေါက်ဆွဲပြုတ်ကို အရသာရှိရှိ စားသောက်နေတာကို ကြည့်နေကြသည်။ ကျွန်တော် စားကြည့်လိုက်ပြီးနောက် "တကယ်ကို အရသာရှိတုန်းပဲ" ဟု ပြောလိုက်သည်။ သို့သော် မဒမ်ကတော့ သူမ၏ ခင်ပွန်းလိုပင် မျက်နှာပျက်‌ နေ၍ ဘာမျှ တုံ့ပြန်ခြင်းမရှိပေ။

 

"ဒီလောက်ကောင်းတဲ့... ဒီလောက်ကောင်းတဲ့ ဟင်းရည်အတွက်တော့ ဂုဏ်ယူသင့်ပါတယ်..." ဟု ကျွန်တော် ပြောလိုက်သည်။

 

"ဟင်းရည်ရောင်းရတာကို ဂုဏ်ယူရမှာလား" ဟု မဒမ်က မေးသည်။ "ဒါမှမဟုတ် ဒီလို အပေါက်ကျဉ်း လေးလောက်ပဲရှိတဲ့ ဆိုင်ခန်းမျိုးကို ပိုင်ဆိုင်ထားရတာကိုလား။ ကျွန်မတို့ဆိုင်ကို ဖောက်သည်တယောက်က အဲဒီလို ပြောသွားတယ်"။ 

 

"ငါတို့က ပိုင်တာတောင် မဟုတ်ဘူး၊ ငှားထားတာပါ" ဟု ဗိုလ်ချုပ်က ပြန်ပြောသည်။ သူတို့၏ စိတ်ပျက်အားငယ်နေပုံမှာ သူတို့၏ အဝတ်အစားပုံစံနှင့် လိုက်ဖက်နေသည်။

 

မဒမ်သည် ဆံပင်များကို စာကြည့်တိုက်မှူးတစ်ယောက် ဆံထုံးလိုမျိုး စုတ်ချာချာ ထုံးထားသည်။ အရင်ကဆိုလျှင် ခြောက်ဆယ်ကျော်နှစ်များ၏ တက်ကြွလန်းဆန်းသော ခေတ်ကာလကို ပြန်သတိရစေသည့် ခမ်းနားသော ဆံထုံးပုံစံမျိုးဖြင့် အမြဲလိုလို မြင်တွေ့ရလေ့ရှိသည်။ ဗိုလ်ချုပ်လည်း အမျိုးသားဝတ် ပိုလိုရှပ်အင်္ကျီ၊ ပုံစံမရှိသော ကာကီဘောင်းဘီနှင့် အမေရိကန်လူမျိုးများ စီးလေ့ရှိသည့် ဖိနပ်အမျိုးအစားဖြစ်သော စနီကာ ဖိနပ်တို့ကိုသာ ဝတ်ဆင်ထားသည်။ 

 

အချုပ်အားဖြင့် ပြောရလျှင် စူပါမားကတ်၊ စာတိုက် သို့မဟုတ် ဓာတ်ဆီဆိုင်များတွင် ကျွန်ုပ်တွေ့ဖူးသမျှ အခြားသောအသက် ၄၀-၅၀ အရွယ် အမေရိကန်ဇနီးမောင်နှံတိုင်းလိုလို ဝတ်ဆင်လေ့ရှိသည့် ပုံစံမျိုးကို သူတို့ ဝတ်ထားကြသည်။ ထိုသို့ ဝတ်ဆင်ထားပုံမှာ အမေရိကန်လူကြီးအများစုလိုပင် သူတို့ကို အရွယ်ရောက်ပြီးသူများအဖြစ် မဟုတ်ဘဲ အရွယ်မရောက်သေးသည့် ကလေးကြီးများ ပုံပေါက်နေစေသည်။ 

 

ထိုသို့ အရွယ်ရောက်ပြီးသူများသည် ဆိုဒါအချိုရည် ဗူးကြီးများ စုပ်သောက်နေသည်ကို မကြာခဏ မြင်တွေ့ရသောအခါ ထိုအထင်အမြင်မှာ ပို၍ပင် ထင်ရှားလာသည်။ ဤကုန်သည် အလတ်စား စားသောက်ဆိုင်ပိုင်ရှင်များသည် ကျွန်ုပ် ၅ နှစ်ကြာ အတူနေထိုင်ခဲ့ဖူးပြီး၊ ကျွန် တော့် အနေဖြင့် ကြောက်ရွံ့ခဲ့ရရုံ သာမက သံယောဇဉ်လည်းရှိခဲ့သည့် အထက်တန်းလွှာ ဂုဏ်ရောင်ဂုဏ်ဝါ တောက်ပနေခဲ့သည့် မျိုးချစ် ပုဂ္ဂိုလ်မျိုး မဟုတ်တော့ပေ။ သူတို့၏ ဝမ်းနည်းမှုသည် ကျွန်ုပ်၏ ဝမ်းနည်းမှုလည်း ဖြစ်နေသဖြင့် သူတို့ စိတ်ကို ပြန်လည်ရွှင်လန်းလာစေနိုင်မည်ဟု ထင်ရသည့် အကြောင်းအရာတခုဆီသို့ စကားလမ်းကြောင်းကို ပြောင်းလိုက်ရတော့သည်။

 

"ဒါနဲ့ ကျွန်တော်တို့... ဒီစားသောက်ဆိုင်ကနေ တော်လှန်ရေးအတွက် ရန်ပုံငွေရှာပေးတယ်ဆိုတာ ကကော" ဟု မေးလိုက်သည်။ "အလွန်ကောင်းတဲ့ အိုင်ဒီယာမဟုတ်လား" ဟု ဗိုလ်ချုပ်က မျက်နှာရွှင်လန်းစွာဖြင့် ပြန်ပြောသည်။ မဒမ်၏ မျက်လုံးများ မျက်နှာကြက်ဆီသို့ ရောက်သွားသည်ကို မြင်လိုက်ရသောအခါ၊ ထိုအကြံအစည်မှာ အမှန်တကယ်ပင် သူမ၏ အိုင်ဒီယာဖြစ်လိမ့်မည်ဟု ကျွန်တော် သံသယဝင်မိသည်။

 

"ဆိုင်ခန်းက သေးသေးလေးဖြစ်ပေမဲ့ ဒီမြို့မှာ ဒီလိုစားသောက်ဆိုင်မျိုး ပထမဆုံးပဲ" ဟု သူက ဆိုသည်။ "ဒီနိုင်ငံမှာတောင် ပထမဆုံး ဖြစ်ချင်ဖြစ်လိမ့်မယ်။ မောင်ရင်မြင်တဲ့အတိုင်းပဲ၊ ငါတို့ တိုင်းရင်းသားတွေဟာ အိမ်ပြန်ရတဲ့အရသာကို တောင့်တနေကြတာလေ။"

 

မနက် ၁၁ နာရီခွဲသာ ရှိသေးသော်လည်း စားပွဲဝိုင်းတိုင်း၊ ခုံတန်းတိုင်းတွင် လူများပြည့်နှက်နေပြီး တဖက်တွင် တူကိုကိုင်ကာ ကျန်တစ်ဖက်တွင် ဇွန်းကိုကိုင်လျက် ဟင်းရည်သောက်နေကြသည်။ စားသောက်ဆိုင်တစ်ခုလုံးသည် အိမ်၏ အငွေ့အသက်များဖြင့် မွှေးပျံ့နေပြီး ကျွန်တော်တို့၏ မိခင်ဘာသာစကားဖြင့် ပြောဆိုသံများ၊ စားသောက်နေသည့် အသံများနှင့်အတူ ဆူညံပွက်လောရိုက်နေသည်။ "ဒါက ပြောရမယ်ဆိုရင်တော့ အမြတ်မယူတဲ့ လုပ်ငန်းပေါ့ကွာ" ဟု ဗိုလ်ချုပ်က ပြောသည်။ "အမြတ်ငွေ အားလုံးကတော့ တော်လှန်ရေး ဆီကိုပဲ ရောက်သွားမှာပါ။"