အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများသည် ဇူလိုင်လ ၂၁ ရက်မှ ၂၂ ရက်အထိ မနီလာမြို့တွင် တွေ့ဆုံရန် ပြင်ဆင်နေကြစဉ်မှာပင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အာဆီယံအဖွဲ့၏ ချဉ်းကပ်ပုံတွင် တိတ်တဆိတ်နှင့် အရေးပါသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာမည့် အလားအလာများ တွေ့လာရသည်။
မြန်မာနိုင်ငံတွင် အာဆီယံအဖွဲ့မှ ချဉ်းကပ်ဆောင်ရွက်နေသည့် ဘေးထွက်သဘောတူညီချက်များသည် တကယ်တမ်း အာဏာကို မည်သည့် နေရာတွင် ရှိ နေသည်ကို လွဲချော်သွားစေနိုင်သည့် အန္တရာယ်ရှိနေကြောင်း South China Morning Post သတင်းစာ က ထောက်ပြ ရေးသားလာခဲ့သည်။
ယခုအခါ အာဆီယံသည် ၎င်းတို့၏ ဘုံရပ်တည်ချက် ငါးချက် ကို ပြင်ရတော့မည့် အရှက်တကွဲ အကျိူးနည်း အခြေအနေ နှင့် ကြုံလာနေရပြီ ဖြစ်သည်။ ထို့အတွက် အာဆီယံအနေဖြင့် စုပေါင်းဖိအားပေးသည့်မူဝါဒမှ တဦးချင်းစီအလိုက် ချဉ်းကပ်သည့် မူဝါဒသို့ ပြောင်းလဲလာခြင်းသည် စစ်အုပ်စု အား နေရာပေးရာရောက်ပြီး အာဆီယံ၏ စုပေါင်းထိရောက်မှုကို အားနည်းသွားတော့မည် စိန်ခေါ်မှု ကြီး နှင့် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရတော့မည် ဖြစ်သည်။
ဤစိန်ခေါ်မှုမှာ မြန်မာနိုင်ငံအတွင်း ပြောင်းလဲနေသည့် လက်တွေ့အခြေအနေများကြောင့် ပိုမိုကြီးမားလာသည်။ အာဆီယံ၏ သံတမန်ရေးရာ ဆောင်ရွက်ချက်အများစုသည် နေပြည်တော်အပေါ် သြဇာလွှမ်းမိုးနိုင်ပါက မြန်မာနိုင်ငံ တခုလုံးကို လွှမ်းမိုးနိုင်လိမ့်မည်ဟု ဆက်လက်ယူဆနေဆဲ ဖြစ်သည်။ ထိုယူဆချက်မှာ တဖြည်းဖြည်းနှင့် ခိုင်မာမှုမရှိတော့ပေ။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ပဋိပက္ခမှာ ပထဝီဝင်နှင့် နိုင်ငံရေးနယ်ပယ်နှစ်ရပ်လုံးတွင် သိသိသာသာ ကျယ်ပြန့်လာခဲ့ပြီး၊ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် နယ်မြေများ၌ အုပ်ချုပ်ရေးစနစ်သစ်များ ပေါ်ပေါက်လာမှုကို အရှိန်အဟုန်မြှင့်တင်ပေးလျက်ရှိသည်။
အာဏာသည် ဗဟိုအစိုးရယန္တရား တခုတည်းတွင် စုစည်းနေတော့ခြင်းမရှိဘဲ၊ အုပ်ချုပ်ရေးနှင့် နယ်မြေထိန်းချုပ်မှုအဆင့်ဆင့်ကို ကျင့်သုံးနေသည့် အဖွဲ့အစည်း ပေါင်းစုံထံသို့ ပြန့်နှံ့ရောက်ရှိသွားပြီဖြစ်သည်။ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ၊ ရခိုင်နှင့် အခြားတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် နယ်မြေများ တလျှောက်တွင် ဒေသန္တရအာဏာပိုင်များသည် စစ်အုပ်စု နှင့် လုံးဝကင်းကွာ၍ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများပေးခြင်း၊ နယ်မြေများကို စီမံခန့်ခွဲခြင်းနှင့် နိုင်ငံရေးအရ အာဏာကျင့်သုံးခြင်းတို့ကို လုပ်ဆောင်နေသည့် အုပ်ချုပ်ရေးဖွဲ့စည်းပုံများကို တည်ထောင်ထားကြသည်။
ယခုအခါ ပေါ်ထွက်လာနေသည်မှာ "အောက်ခြေမှစသည့် ဖက်ဒရယ်စနစ်" ဟု မကြာခဏ ဖော်ပြလေ့ရှိသည့် အခြေအနေဖြစ်ပြီး၊ ၎င်းသည် ဗဟိုမှ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးဖြင့် အတင်းအကျပ် သွတ်သွင်းခြင်းမဟုတ်ဘဲ အောက်ခြေမှစတင်၍ တည်ဆောက်ထားသည့် အုပ်ချုပ်ရေးပုံစံသစ်များပင် ဖြစ်သည်။
နိုင်ငံ၏ သွားရာ လမ်းကြောင်းသည် ဗဟိုချုပ်ကိုင်မှု လျော့နည်းပြီး နိုင်ငံရေးအရ ကွဲပြားမှုများရှိသော အခြေအနေဆီသို့ ပိုမိုဦးတည်နေပြီး၊ နေပြည်တော်သည် အာဏာ လက်ဝယ်ရှိ အဖွဲ့အစည်း များစွာအနက် တခုအဖြစ်သာ ရှိတော့သည်။
သို့သော်လည်း အာဆီယံ၏ သံတမန်ရေးရာ ဆောင်ရွက်ချက်များသည် နိုင်ငံအချင်းချင်း ဆက်ဆံရေးပုံစံတွင်သာ ဆက်လက်မြဲမြံနေဆဲဖြစ်ရာ၊ နေပြည်တော်ကိုသာ အဓိကဆက်သွယ်ရန် အလွယ်ကူဆုံးနှင့် အကျွမ်းတဝင်ရှိဆုံး နေရာအဖြစ် သတ်မှတ်ထားဆဲ ဖြစ်သည်။
ဤသည်ကပင်အာဆီယံရဲ့ အမှား ဖြစ်လာသည်။ အာဆီယံဖက်က နေပြည်တော်ကိုပဲ အစိုးရလို့ သတ်မှတ်ပြီး ဆက်ဆံနေဆဲ ဖြစ်သည်။ ဒါက အဓိက အမှားပါပဲ။ နေပြည်တော်အား တခုတည်းသော အာဏာရှိသည့် နေရာ အဖြစ် အဓိကထား ဆက်ဆံနေမည်ဆိုက မြန်မာ၏ တကယ့်လက်တွေ့အခြေအနေများနှင့် လွဲချော်သွား ပေ လိမ့်မည်။
နိုင်ငံတစ်ဝန်းတွင် အာဏာကို လက်ကိုင်ထားဆဲဖြစ်သော အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံခြင်းမရှိဘဲ အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်နှင့် တခုခု လုပ် ပေးနိုင်လိမ့်မည်ဟု မျှော်လင့်၍မရပေ။ အာဆီယံသည် မိမိ၏ ကျဆင်းလာနေသော ဂုဏ်သိက္ခာ ကို ပြန်လည် အဖတ်ဆယ်ရန် ကြိုးပမ်း ရင်း ပိုမိုကျယ်ပြန့်သော နိုင်ငံရေး အသွင်ကူးပြောင်းမှုကို လွဲချော်သွားစေနိုင်သည့် အန္တရာယ်ရှိနေသည်။
အာဆီယံအတွက် စိန်ခေါ်မှုမှာ မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် သက်သက်မဟုတ်ဘဲ၊ ၂၀၂၁ ခုနှစ်နောက်ပိုင်း အခြေခံကျကျ ပြောင်းလဲသွားပြီဖြစ်သော မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရန်ပင် ဖြစ်သည်။ နိုင်ငံ၏ ပြောင်းလဲနေသော နိုင်ငံရေးအခင်းအကျင်းကို ပိုမိုကျယ်ပြန့်စွာ နားလည်သဘောပေါက်မှုမရှိပါက၊ အာဆီယံသည် နေပြည်တော်အတွက် ပိုမိုအားကောင်းသော သံတမန်ရေးရာ အနေအထားကို ဖန်တီးပေးသကဲ့သို့ ဖြစ်သွားနိုင်ပြီး၊ တဖက်တွင်လည်း အာဆီယံအဖွဲ့၏ စုပေါင်းညှိနှိုင်းနိုင်စွမ်းအား လျော့ကျသွားစေကာ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးအနာဂတ်ကို ပုံဖော်မည့် အင်အားစုများအပေါ် အာရုံစိုက်မှု လျော့နည်းသွားစေမည့် အန္တရာယ်ရှိနေသည်ဟု သုံးသပ်ရေးသားထားသည်။
အာဆီယံသည် မီးခဲပေါ် ဖင်ခု ထိုင်ထားသလို ဖြစ်နေရခြင်းမှ ၎င်းတို့၏ အခြေခံမူဝါဒဖြစ်သော "အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ခြင်း" နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ကျော်မကောင်း ကြားမ ကြောင်း ဖြစ် နေသော ကိစ္စရပ်များသည် တခုနှင့်တခု ဆန့်ကျင်ဘက်ဖြစ်နေခြင်း ကြောင့်ပင် ဖြစ်သည်။ ဝင်စွက်ဖက်လျှင် အဖွဲ့၏ မူဝါဒကို ချိုးဖောက်ရာရောက်ပြီး၊ မစွက်ဖက်ဘဲနေပြန်လျှင်လည်း နိုင်ငံတကာ၏ ဝေဖန်မှုများကို ခံရသည့်အပြင် ဒေသတွင်း တည်ငြိမ်ရေးကို ထိခိုက်စေသည့်အတွက် အာဆီယံမှာ အလွန်တရာ အကျပ်ရိုက်နေရခြင်းဖြစ်သည်။
ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူတို့ကဲ့သို့သော ဒီမိုကရေစီ လိုလားသော နိုင်ငံများက အရေးယူရန် ဖက်က ရှိနေပြီး၊ ကျန် နိုင်ငံများကမူ အာဆီယံ၏ စည်းလုံးညီညွတ်မှုကို အဓိကထားကာ စစ်အုပ်စုနှင့် ဆက်လက်ထိတွေ့ဆက်ဆံရန်နှင့် ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းရန် တိုက်တွန်းကြ၍ ဆုံးဖြတ်ချက် တညီတညွတ်တည်း မချနိုင် ဖြစ်နေကြပြန်သည်။
၎င်းတို့ကိုယ်တိုင် ချမှတ်ခဲ့သော ဘုံသဘောတူညီချက်ကို စစ်အုပ်စု က အလေးမထားခြင်းကြောင့် အာဆီယံ၏ ဂုဏ်သိက္ခာနှင့် ယုံကြည်ခံရမှု ကျဆင်းနေရသည်။ ၎င်းတို့၏ စေ့စပ်ညှိနှိုင်းရေး လမ်းကြောင်းမှာ အလုပ်မဖြစ်တော့သည့်အတွက် မည်သို့ ဆက်လက်လုပ်ဆောင်ရမည်ကို မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေသည်။
နောက်တကြောင်းက သတင်းစာတွင် ရေးသားထားသလို အာဆီယံမှ မြန်မာနိုင်ငံ၏ အာဏာသည် နေပြည်တော်တွင်သာ ရှိသည်ဟု ယူဆပြီး နေပြည်တော်ကိုသာ အဓိကထား ဆက်ဆံနေခြင်းသည် အဓိက အမှားတစ်ခု ဖြစ်နေ၏။ လက်တွေ့တွင် အာဏာသည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးအင်အားစုများထံ ပြန့်နှံ့သွားပြီဖြစ်သည်။ ဤအချက်ကို အာဆီယံက ပွင့်ပွင့်လင်းလင်း လက်ခံဖို့ နှောင့်နှေးနေခြင်းက အာဆီယံ၏ သံတမန်ရေးရာကို အကျပ်အတည်းထဲ ပိုမိုတွန်းပို့နေသည်။
ပြုပြင်ပြောင်းလဲရန် ကြိုးစားလျှင်လည်း အဖွဲ့တွင်း သဘောထားကွဲလွဲမှုကြောင့် အခက်တွေ့ရပြီး၊ လက်ရှိအတိုင်း ဆက်သွားလျှင်လည်း အာဆီယံ၏ အရေးပါမှုသည် အလွန်အမင်း လျော့ကျသွားမည့် အန္တရာယ်ရှိနေသည့်။
တဖက်က မည်သည့်အလျှော့ပေးမှုကိုမျှ မလုပ်ဘဲ အာဏာကို ဆက်လက်တင်းခံနေသည့် စစ်အုပ်စုအား အာဆီယံက လူ လဲ ပြီး သွားရောက်ညှိနှိုင်းနေခြင်းသည် "အင်အားသုံးဖိနှိပ်သူကို ဒူးထောက် တောင်းပန်နေသလို" ဖြစ်နေသည်။ ဤလုပ်ရပ်က စစ်အုပ်စုကို အားပေးရာရောက်ပြီး၊ ၎င်းတို့၏ အပြုအမူများကို ပြင်ဆင်ရန် မလိုအပ်ဟု ထင်မြင်သွား နိုင်၍ အကြမ်းဖက်မှု များ တိုးပွားလာအောင် သွယ်ဝိုက် အားပေးသလို ဖြစ်လာနေသည်။
သံတမန်ရေးအရ "ထိတွေ့ဆက်ဆံခြင်း" ဆိုသည်မှာ နှစ်ဖက်စလုံး အပြန်အလှန် အကျိုးပြုသည့် အခြေအနေမှသာ အောင်မြင်နိုင်သည်။
စစ်အုပ်စုအား နိုင်ငံတကာစင်မြင့်မှ အထီးကျန်ဖြစ်စေခြင်း၊ အာဆီယံအစည်းအဝေးများတွင် တက်ရောက်ခွင့် တားမြစ်ခြင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ၌ တရားဝင်မှု (Legitimacy) လုံးဝမရရှိအောင် ပိတ်ပင်ခြင်း၊ ထိုသို့ လုပ်နေသူ များကို ပြင်းပြင်းထန်ထန် ရှုတ်ချခြင်း တို့သည်သာ ပို၍စွမ်းအားရှိနိုင်သည်။
အာဆီယံ၏ လက်ရှိချဉ်းကပ်ပုံမှာ စစ်ကောင်စီကို အသက်ရှူပေါက် ပေးလိုက်သလို ဖြစ်နေသည့်အတွက် ပြည်သူများ၏ ဒေါသနှင့် မကျေနပ်ချက်များမှာ အထူးပင် သဘာဝကျပါသည်။ "ဘာမှမလုပ်ဘဲ တင်းခံနေသူများကို ဆက်၍ အလျှော့ပေးနေခြင်း" သည် အာဆီယံ၏ ဂုဏ်သိက္ခာကိုပါ တဖြည်းဖြည်း လုံးပါး ပါးသွားနိုင် ပေသည်။
ပြည်သူများ၏ တရားသော စစ် မုချ အောင်ရမည်!!!