အခန်း (၁၆)
အမေ သည် စိတ်ထဲတွင် အတွေးတခုခုကို ရှင်းရှင်းလင်းလင်း သိမြင်လာတိုင်း မိမိ၏ ကြမ်းတမ်းရိုင်းစိုင်းလှစွာ ဖြတ်သန်းခဲ့ရသည့် အတိတ်အတွေ့အကြုံများကို ပြန်လည်တွေးတောရင်း ထိုအတွေးကို မှန်ကန်ကြောင်း အတည်ပြုလေ့ရှိသည်။ ယခုလည်း ဖခင်က သူမအား ကြမ်းတမ်းစွာ ပြောဆိုခဲ့ဖူးသည့် ထိုနေ့ကကဲ့သို့ ပြန်လည်ခံစားလိုက်ရသည်။
ထိုစဉ်က ဖခင်ဖြစ်သူက—
"နင်က ဘာလို့ မျက်နှာဆူပုပ်နေရတာလဲ? နင့်ကို လက်ထပ်ချင်တဲ့ လူအ နုံအတစ်ယောက်တော့ တွေ့ထားပြီပဲ။ သူ့ကိုသာ ယူလိုက်စမ်းပါ။ မိန်းကလေးမှန်ရင် လင်ယောက်ျား ရှိရစမြဲပဲ၊ မိန်းမမှန်ရင်လည်း သားသမီးမွေးရမှာပဲ၊ ပြီးတော့ ကလေးအားလုံးဟာ မိဘတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာကြတာချည်းပဲ!"
ဟု ပြောခဲ့သည်။ ထိုစကားများကို ကြားရပြီးနောက် သူမ၏ရှေ့တွင် အကြောင်းပြချက်မရှိဘဲ မှောင်မိုက်ခြောက်သွေ့လှသော လွင်တီးခေါင်ပြင်ကို ဖြတ်သန်းသွားရမည့် ရှောင်လွှဲ၍မရသော လမ်းကြောင်းတခုကို မြင်ယောင်လာခဲ့သည်။ ယခု လက်ရှိအချိန်တွင်လည်း သူမ ထိုကဲ့သို့ပင် ခံစားနေရရှာသည်။
ကျရောက်လုနီးဖြစ်သော ကပ်ဘေးဆိုးသစ် တခုကို ကြိုတင်တွေးကြောက်ရင်း သူမသည် စိတ်ကူးထဲမှ လူတယောက်ကို ရည်ရွယ်၍ စကားလုံးများ တီးတိုး ရေရွတ် နေမိလေသည်။
ဤသည်က သူမ၏ ရင်ထဲတွင် တင်းကျပ်နေသော ကြိုးတမျှင်ကဲ့သို့ တုန်ခါနေသည့် အသံတိတ် ခံစားချက်ဝေဒနာကို ပေါ့ပါးသွားစေခဲ့သည်။
နောက်တစ်နေ့ နံနက်စောစော၊ ပါဗယ်နှင့် အန်ဒရေတို့ ထွက်သွားပြီး မကြာမီမှာပင် ကော်ဆူနိုဗာသည် တံခါးကို ထိတ်လန့်တကြား လာရောက်ခေါက်ပြီး အမောတကြီး အော်ဟစ်ပြောဆိုလာသည် —
"အိုင်ဆေး အသတ်ခံရပြီ။ မြန်မြန်လာ။"
အမေဖြစ်သူ တုန်လှုပ်သွားပြီး လူသတ်သမား၏ နာမည်သည် သူမ၏ စိတ်ထဲတွင် ဖျတ်ခနဲ ပေါ်လာခဲ့သည်။ "ဘယ်သူသတ်တာလဲ" သူမက ပုခုံးပေါ်သို့ ခြုံစောင်ကို ကမန်းကတမ်း ခြုံလိုက်ရင်း လိုရင်းတိုရှင်း မေးလိုက်သည်။
"သတ်တဲ့လူက အိုင်ဆေး ဘေး ထိုင်ပြီး ငိုချင်းချနေမှာမဟုတ်ဘူး။ သူ့ကို ရိုက်သတ်ပြီး ထွက်ပြေးသွားပြီပေါ့"
လမ်းပေါ်တွင် မာရိယက ယခုလို ပြောလိုက်သည်။
“အခု သူတို့တတွေ တခါပြန်ပြီး လူသတ်သမားကို ဒေါင်းတောက် အောင် လိုက်ရှာကြတော့မှာ။ ညတုန်းက ညည်းတို့လူတွေ အိမ်မှာရှိနေကြတာ တော်သေးတာပေါ့။ အဲဒါကို ငါကိုယ်တိုင် သက်သေခံရဲတယ်။ သန်းခေါင်ကျော်လောက်က ငါ ဒီနားကနေ လမ်းလျှောက်ဖြတ်သွားရင်း ပြတင်းပေါက်ထဲ လှမ်းကြည့်လိုက်တော့ ညည်းတို့အားလုံး စားပွဲမှာ ဝိုင်းထိုင်နေကြတာ တွေ့သားပဲ။”
“ဘာတွေ လျှောက်ပြောနေတာလဲ မာရိယာရယ်။ ခေါင်းထဲတောင် မထည့်ဝံ့စရာတွေကို။ သူတို့အပေါ် ဘယ်သူက အဲဒီလိုမျိုး ထင်ရက်မှာလဲ” ဟု နောက်တယောက်က ထိတ်လန့်တုန်လှုပ်စွာဖြင့် ဖြတ်ပြောလိုက်သည်။
“အဲဒါဆို ဘယ်သူက သတ်တာလဲ။ ညည်းတို့ လူတွေထဲက တယောက်ယောက်ပဲ ဖြစ်ရမှာပေါ့!” ဟု ကိုရ်သူနိုဗာက သူ့စိတ်ထဲ ပေါ်လာသည်ကို အမှန်တရားတခုလို သဘောထားကာ ပြောချလိုက်သည်။ “အိုင် ဆေး က သူတို့ကို ချောင်းမြောင်းထောက်လှမ်းနေတယ်ဆိုတာ လူတိုင်းသိတာပဲ။”
အမေသည် ရင်ဘတ်ကို လက်ဖြင့်ဖိကာ အသက်ကို ခက်ခက်ခဲခဲ ရှူလိုက်ရရှာသည်။
"ဘာလို့ အဲဒီဘက်ကို သွားနေတာလဲ? မကြောက်ပါနဲ့! ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ရဲ့ မဆင်မခြင်မှု အကျိုးဆက်ကို ခံရမှာပဲ။ မြန်မြန်သွားရအောင်၊ မဟုတ်ရင် သူတို့ သူ့ကို ခေါ်သွားကြလိမ့်မယ်!"
အမေ သည် မိမိကိုယ်ကိုယ် ဘာကြောင့်သွားနေသလဲဟုပင် မမေးမိဘဲ ဆက်လျှောက်သွားခဲ့ပြီး ဗိုင်ဆိုဗ်ရှီကော့ဗ် အကြောင်း တွေးမိကာ တုန်လှုပ်ချောက်ချားနေမိသည်။ "အဲဒါ--သူ လုပ်လိုက်ပြီပေါ့!" သူမ၏ စိတ်အာရုံထဲတွင် ထိုအတွေးတခုတည်းသာ တဝဲဝဲလည် နေမိသည်။
စက်ရုံနံရံနှင့် မလှမ်းမကမ်းတွင်၊ မကြာသေးမီကမှ မီးလောင်ကျွမ်းသွားသော အဆောက်အအုံတခု၏ မြေနေရာတွင် လူအုပ်စုကြီး စုရုံးနေကြသည်။ သူတို့၏ ခြေထောက်များက မြေပေါ်ရှိ ကျောက်မီးသွေးများကို နင်းချေ နေသလို ဖြစ်နေ၍ ပြာမှုန်များ တလွင့်လွင့် ထွက်ပေါ်လာ နေသည်။ ထိုလူအုပ်ကြီးမှာ ပျားအုံတခု အလား အုံကြွ ဆူညံနေသည်။ လူအုပ်ထဲတွင် အမျိုးသမီးများစွာ ပါဝင်နေသလို ကလေးသူငယ်များက ပို၍ပင် များပြားသည်။ ထို့အပြင် ကုန်စုံဆိုင်ပိုင်ရှင်များ၊ အရက်ဆိုင်မှ စားပွဲထိုးများ၊ ရဲသားများနှင့် ရဲအရာရှိ ပက်လင်တို့လည်း ရှိနေကြသည်။ ပက်လင်မှာ သိုးမွှေးကဲ့သို့ နူးညံ့ပြီး ငွေရောင်သမ်းသော မုတ်ဆိတ်မွေးဖြင့် အရပ်ရှည်ရှည် လူအိုကြီးတဦးဖြစ်ပြီး ရင်ဘတ်တွင်လည်း တံဆိပ်များ တပ်ဆင်ထားသည်။
အိုင်ဆေးသည် မြေပြင်ပေါ်တွင် တပိုင်းတစ လှဲလျောင်းနေသည်။ သူ၏ကျောမှာ မီးလောင်ထားသော တိုင်တတိုင် ကို မှီထားပြီး၊ ဆံပင်မရှိသော သူ၏ခေါင်းမှာ ညာဘက်ပခုံးပေါ်သို့ ငိုက်ကျနေသည်။ သူ၏လက်ယာဘက် လက်မှာ ဘောင်းဘီအိတ်ကပ်ထဲတွင် ရှိနေပြီး၊ လက်ဝဲဘက်လက်ချောင်းများကတော့ မြေကြီးကို တင်းတင်းဆုပ်ကိုင်ထားသည်။
အမေသည် အိုင်ဆေး၏မျက်နှာကို ငေးကြည့်လိုက်သည်။ ဖွင့်ထားသော မျက်လုံးတဖက် ၏ အကြည့်သည် သူ၏ခြေထောက်နှစ်ချောင်းကြားတွင် ပြန့်ကျဲနေသည့် ဦးထုပ်ဆီသို့ ရောက်နေသည်။ သူ၏ပါးစပ်မှာ အံ့အားသင့်နေဟန်ဖြင့် တပိုင်းတစ ဟနေပြီး၊ ခေါင်းချွန်ချွန်နှင့် မျက်နှာအရိုးပေါ်နေသော သူ၏သေးငယ်ပြီး တွန့်လိမ်နေသည့် ခန္ဓာကိုယ်မှာ အနားယူနေသည့်အလား ထင်ရသည်။
မိခင်ဖြစ်သူသည် လက်ဝါးကပ်တိုင်ပုံစံ ရိုသေခြင်းပြုပြီး သက်ပြင်းချလိုက်သည်။ အသက်ရှင်နေစဉ်က သူ့ကို ရွံရှာမိခဲ့သော်လည်း ယခုမူ သူ့အပေါ် သနားစိတ်အနည်းငယ် ဖြစ်ပေါ်လာသည်။
"သွေးတောင်မထွက်ပါလား!" ဟု လူတယောက်က တိုးတိုးလေး ပြောလိုက်သည်။ "လက်သီးနဲ့ ထိုးချလိုက်တာပဲ ဖြစ်ရမယ်။"
အမျိုးသမီး ကြီးတစ်ဦးက ရဲသား၏လက်ကို ဆွဲပြီး "အ သက်များ ရှိ နေသေးတာလား မသိဘူး" ဟု ပြောလိုက်၍ "ဝေး ဝေး သွား နေစမ်းပါ ဗျာ!" ဟု ရဲသားက သူမလက်ကို ရုန်းထုတ်ရင်းက အော် ပြောလိုက်သည်။
"ဆရာဝန်လာပြီး သွားပြီ၊ သေပြီလို့ ပြောသွားတယ်" ဟု တယောက်က ထိုအမျိုးသမီးအား ပြောလိုက်သည်။ ထိုအခိုက်တွင် အသံမာမာ ဖြင့် ခပ်ရွဲ့ရွဲ့ ပြောလိုက်သည့် အသံတသံ ထွက်လာသည်။ "သတင်းပေးကောင်ရဲ့ ပါးစပ်ကို ပိတ်လိုက်တာပဲ။ ခံရမှာပေါ့!"။
ထိုအခါ ရဲသားတယောက်သည် သူ၏ပတ်လည်တွင် စုရုံးနေကြသော အမျိုးသမီးများကို တွန်းဖယ်လိုက်ပြီး "ဘယ်သူလဲ။ အဲဒီလို ပြောလိုက်တဲ့ကောင် ဘယ်သူလဲ" ဟု ခြိမ်းခြောက်သည့် အသံဖြင့် မေးလိုက်သည်။
လူအုပ်ကြီးမှာ သူ့ရှေ့တွင် ရှဲသွားကြသည်။ အချို့မှာ အလျင်အမြန် ထွက်ပြေးကြပြီး လူအုပ်ထဲမှ တယောက်က လှောင်ရယ် ရယ်မောသံ ထွက်လာသည်။
အမေ သည် အိမ်သို့ ပြန်လာခဲ့သည်။ "ဘယ်သူမှ စာနာသနားတဲ့လူ မရှိကြပါလား" ဟု သူမ တွေးမိသည်။ နီကိုလိုင်၏ ပုံသဏ္ဍန်သည် သူမရှေ့တွင် အရိပ်တခုလို ပေါ်လာသည်။ သူ၏ ကျဉ်းမြောင်းသော မျက်လုံးများတွင် သွေးအေးအေး နှင့် ရက်စက်မည့် အရိပ်အယောင်များ ပေါ်လွင်နေပြီး၊ သူ၏ လက်ယာလက်ကို ဒဏ်ရာရထားသည့်အလား လိမ်ညှစ်နေသည်ကို မြင်ယောင်နေမိသည်။
ပါဗယ်နှင့် အန်ဒရေးတို့ ညစာစားရန် ရောက်လာသောအခါအ မေက "ဘယ်လိုလဲ၊ အိုင်ဆေး ကို သတ်တဲ့လူကို မိပြီတဲ့လား" ဟု မေးလိုက်သည်။ "အဲဒီအကြောင်း ဘာသတင်းမှ မကြားရသေးဘူး" ဟု ရုရှားလေး က ပြန်ဖြေသည်။ သူတို့နှစ်ယောက်လုံး စိတ်ဓာတ်ကျပြီး စိတ်ညစ်နေကြသည်ကို သတိထားမိသည်။
"နီကိုလိုင်အကြောင်းကော ဘာမှ မပြောကြဘူးလား" ဟု အမေက တိုးတိုးလေး ထပ်မေးလိုက်သည်။ ပါဗယ်သည် သူမအား ပြတ်သားသော အကြည့်ဖြင့် စိုက်ကြည့်ရင်း "မရှိပါဘူး၊ သူ့အကြောင်း ဘာမှမပြောကြဘူး။ ဒီအမှုနဲ့ ပတ်သက်ပြီး သူ့ကို ဘယ်သူမှလည်း စဉ်းစားမနေကြဘူး။ သူ မရှိဘူး၊ မနေ့က မြစ်ဘက်ကို သွားတယ်၊ အခုထိ ပြန်မလာသေးဘူး။ ကျွန်တော် မေးမြန်းကြည့်ပြီးပြီ" ဟု ပြောသည်။
"တော်ပါသေးရဲ!" ဟု အမေက သက်ပြင်းချရင်း ပြောသည်။ "ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ!"။
ရုရှား လေးသည် သူမကို ကြည့်ပြီး ခေါင်းငုံ့သွားသည်။ အမေက "သူ့မျက်နှာက အံ့ဩနေတဲ့ပုံစံမျိုး ဖြစ်နေတယ်။ သူ့ကို ဘယ်သူမှလည်း မသနားကြဘူး၊ သူနဲ့ပတ်သက်ပြီး ကောင်းတဲ့စကား တခွန်းမှလည်း မပြောကြဘူး။ သူက အလွန်သေးကွေးပြီး ကြွေစလေးတစလို သနားစရာ ကောင်းနေတယ်။ တခုခု ပေါ် ချော်လဲပြီးတော့ အဲဒီမှာတင် လဲကျသွားသလိုပဲ!"