မကြာသေးမီက အမေရိကန်နိုင်ငံ၏ အကြီးဆုံးနှင့် အကောင်းဆုံး တက္ကသိုလ် တခုဖြစ်သည့် ကာလီဖိုးနီးယားတက္ကသိုလ် မှ သင်္ချာနှင့် သိပ္ပံနည်းပြဆရာပေါင်း ၁,၈၀၀ ကျော်သည် ၎င်းတို့အားလုံး ကြုံတွေ့ နေရသော ပြဿနာတတရပ်ကို အသေးစိတ်ဖော်ပြ ညည်းညူ ထားသည့် စာတမ်း တစောင်ကို လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြသည်။
ပထမနှစ် ကျောင်းသားများသည် တက္ကသိုလ်တွင် အောင်မြင်စွာသင်ယူနိုင်ရန် လိုအပ်သည့် အခြေခံကျွမ်းကျင်မှုများ မရှိဘဲ ရောက်ရှိလာကြသည်ဟု ၎င်းတို့က ဆိုသည်။ ဘာကလေ တက္ကသိုလ်နယ်မြေတွင်ဆိုလျှင် ကဲကုလပ် သင်ခန်းစာ တက်ရောက်နေသော ကျောင်းသား ၂၀-၃၀ ရာခိုင်နှုန်းခန့် သည် ဘာမှ တတ် မြောက်လာခြင်း မရှိ၍ အလယ်တန်းအဆင့် သင်္ချာဘာသာရပ်များကို ပြန်လည်သင်ကြားပေးနေရသည့်အထိ ဖြစ်နေရကြောင်း ၎င်းတို့က ညည်းညူ ထားကြသည်။
ထို မတိုင်မီက ကာလီဖိုးနီးယားတက္ကသိုလ်၏ ဆန်ဒီယိုဂို နယ်မြေတွင် နိုဝင်ဘာလက ထွက်ပေါ်လာခဲ့သည့် အစီရင်ခံစာတခုတွင် ထိုတက္ကသိုလ်မှ ပညာရှင်များ၏ မှတ်ချက်များကို အံ့အားသင့်ဖွယ် တွေ့ခဲ့ရပြန်သည်။ ၊ အထက်တန်းကျောင်းသား အဆင့်ပင် မရှိသည့် သင်္ချာစွမ်းရည်ဖြင့် တက်ရောက်လာသည့် ပထမနှစ်ကျောင်းသား အရေအတွက်သည် ငါးနှစ်အတွင်း အဆပေါင်း ၃၀ နီးပါး မြင့်တက်လာခဲ့ပြီး ကျောင်းသားရှစ်ဦးတွင် တဦးနှုန်းနီးပါးအထိ ရှိလာခဲ့သည်ဟု ဆိုသည်။ အဆိုပါ နောက်ကျကျန်နေသည့် ကျောင်းသားများထဲတွင် ၇၀ ရာခိုင်နှုန်းခန့်မှာ အသက် ၁၄ နှစ်အရွယ် ကလေးတဦး တွင် ရှိသင့်သည့် အဆင့်တွင်ပင် မရှိကြောင်း ၎င်းတို့က တင်ပြထားသည်။
တက္ကသိုလ်ဝင် ကျောင်းသားများ၏ စာ ပေ တတ်မြောက်မှုအဆင့် သည်လည်း စိတ်ပျက်ဖွယ်ရာ ကျဆင်းလာနေသည်။စာပေဘာသာရပ်ကို သင်ယူနေကြသည့် ကျောင်းသားများသည် စာအုပ်တအုပ်ကိုပင် အဆုံးထိ ဖတ်ရှုနိုင်စွမ်းမရှိကြကြောင်း နည်းပြဆရာများက သတိပေးပြောကြားထားသည်။
ဟားဗတ် တက္ကသိုလ်ကြီးရှိ လူမှုရေးသိပ္ပံနှင့် မနုသာ စာပေဘာသာရပ်ဆိုင်ရာ ပါမောက္ခအချို့သည် သင်ခန်းစာစာသားများကို အတိုချုံ့သင်ကြားပေးရသည် အထိ ဖြစ်လာသည်ဟု ဆိုသည်။ ၎င်းတို့သည် "ရှုပ်ထွေးသော စာပေအရေးအသားများကို ဖတ်ရှုရသည့် အတွေ့အကြုံနှင့် အာရုံစူးစိုက်မှု၊ စဉ်ဆက်မပြတ် အာရုံစိုက်နိုင်စွမ်းတို့တွင် အားနည်းနေကြသည်" ဟု ဖော်ပြထားသည်။ ၎င်းတို့သည် "လွန်ခဲ့သော ဆယ်နှစ်က ကျောင်းသားများ လွယ်ကူစွာ ဖတ်ရှုနိုင်ခဲ့သည့် စာပေများကိုပင် ယခုအခါတွင် ရုန်းကန်နေကြရပြီ ဖြစ်သည်" ဟု ဆိုသည်။
#ဘာတွေဖြစ်ကုန်ပြီလဲ
တစိတ်တပိုင်းအားဖြင့် ကောလိပ်နှင့် တက္ကသိုလ်များသည် အထက်တန်း ကျောင်းများတွင် စတင်ဖြစ်ပေါ်လာသော ပြဿနာများကို အမွေဆက်ခံနေကြရခြင်း ဖြစ်သည်။ ကိုဗစ် ကပ်ရောဂါ ကြောင့် နိုင်ငံအသီးသီးတွင် ကျောင်းများကို ပျမ်းမျှအားဖြင့် အပတ် ၂၀ ကြာ ပိတ်ခဲ့ကြရသည်။ ကျောင်းတက်နိုင်ရန် အလှည့်ကျစနစ်များ နှင့် "အနီးကပ်ထိတွေ့သူများ" အတွက် သီးသန့်ခွဲထားသည့် quarantines တို့က သင်ခန်းစာများကို ပို၍ နှောင့်ယှက်ခဲ့သည်။ ထိုဘေးဒုက္ခအပြီး နှစ်များတွင် အချို့ကျောင်းသားများသည် "အထက်တန်းကျောင်းတက်ခဲ့ခြင်းမရှိသည့်အတိုင်း" ဖြစ်နေခဲ့သည်ဟု ကယ်လီဖိုးနီးယားရှိ ပက်ပါဒိုင်းတက္ကသိုလ် (Pepperdine University) မှ ပါမောက္ခ ဂျက်ဆီကာ ဟူတင် ဝီလ်ဆင် က ဆိုသည်။ "ဒါဟာ တကယ်ကို ကြောက်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုပါ" ဟု သူမက ဆိုသည်။
တိုးပွားလာသော ရွှေ့ပြောင်းနေထိုင်မှုများ နှင့် လည်း သက်ဆိုင်နေသည်။ ရွှေ့ပြောင်းလာသူ လူသစ်များသည် အမေရိကန် ကျောင်းသားများထက် ပိုမိုဆင်းရဲကြပြီး အိမ်တွင် ၎င်းတို့ ဘာသာစကားကိုသာ ပိုမိုပြောဆိုလေ့ရှိကြသည်။ တစ်ဖက်တွင်လည်း ရိုးရာဝါဒီများက ကျောင်းပညာရေး ပြုပြင်ပြောင်းလဲရေးသမားများကို စာမေးပွဲစနစ်နှင့် တာဝန်ခံမှုအစီအစဉ်များကို လျော့ပေါ့ပစ်ခဲ့သည်ဟု စွပ်စွဲကြသည်။ ထို့အပြင် အောင်မြင်မှုရှိခဲ့သည့် သင်ရိုးညွှန်းတမ်းများကို ဖယ်ရှားပြီး၊ လူ ကြားကောင်းယုဲ အနှစ်သာရမရှိသည့် “ပျော့ပျောင်းသော ကျွမ်းကျင်မှုများ” soft skills ကို ဦးစားပေးသည့် ခေတ်စားနေသော သင်ရိုးညွှန်းတမ်းများဖြင့် အစားထိုးခဲ့သည်ဟု ၎င်းတို့က ဝေဖန်ကြသည်။
ယခင် ရုပ်မြင်သံကြားနှင့် ကွန်ပျူတာဂိမ်းများ ကဲ့သို့ပင် ဆိုရှယ်မီဒီယာများသည် လည်း ကလေးများ၏ ဦးနှောက်ကို "ပုံစံပြောင်းလဲ" ပေးနေသည်ဟူသော စိုးရိမ်မှု များ မြင့်တက်လာနေသည်။
အမေရိကန်နိုင်ငံတွင် အပျော်တမ်းစာဖတ်သည်ဟု ဆိုသော ကိုးနှစ်အရွယ် ကလေးငယ်များ၏ အချိုးအစားသည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ၆၀ ရာခိုင်နှုန်းနီးပါး ရှိခဲ့ရာမှ ယခုအခါ ၃၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။ အမှန်စင်စစ်၊ စာတတ်မြောက်မှု ကျဆင်းနေခြင်းမှာ ကျောင်းသူကျောင်းသားများ သို့မဟုတ် တက္ကသိုလ်ကျောင်းသားများတွင်သာ ဖြစ်ပေါ်နေခြင်းမဟုတ်ပေ။ OECD ၏ စမ်းသပ်စစ်ဆေးမှုများအရ အသက်အရွယ်ကြီးရင့်သူများတွင်လည်း ဤလမ်းကြောင်းကို တွေ့ရှိနေရသည်ဟု ဆိုသည်။ လူများသည် ယခင်ကထက် ရှည်လျားပြီး ရှုပ်ထွေးသော စာပေများကို ဖတ်ရှုရန် အလေ့အကျင့်နည်းပါးလာခြင်းကြောင့် ဖြစ်နိုင်သည်ဟု သူက ဆိုသည်။
#AI
ဤပြဿနာများအားလုံးအပြင် ယခုအခါ AI ကလည်း ထပ်မံ တွင်ကျယ် လာပြီ ဖြစ်၍ ပညာရေးတွင် ကျယ်ကျယ်ပြန့်ပြန့် လိမ်လည်မှုများကို အားပေးနေသကဲ့သို့ ဖြစ်နေသည်။ HEPI ဟုခေါ်သည့် မူဝါဒရေးရာ လေ့လာဆန်းစစ်ရေးအဖွဲ့တစ်ခုမှ မတ်လတွင် ထုတ်ပြန်ခဲ့သော စစ်တမ်းအရ ဗြိတိန်နိုင်ငံရှိ ဘွဲ့ကြိုကျောင်းသား ၉၄ ရာခိုင်နှုန်းသည် သင်ခန်းစာများကို လုပ်ဆောင်ရာတွင် AI ကို အသုံးပြုနေကြကြောင်း ဖော်ပြထားသည်။ ၁၂ ရာခိုင်နှုန်းသော ကျောင်းသားများက AI မှ ဖန်တီးပေးသော စာသားများကို အိမ် စာ များတွင် တိုက်ရိုက်ကူးထည့်လိုက်ကြောင်း ဝန်ခံခဲ့ကြပြီး၊ ယင်းမှာ ၂၀၂၄ ခုနှစ်က ၃ ရာခိုင်နှုန်းသာရှိခဲ့ရာမှ မြင့်တက်လာခြင်းဖြစ်သည်။ STEM (သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာ) ဘာသာရပ်များကို သင်ယူနေသည့် ကျောင်းသားများ၏ ထက်ဝက်နီးပါးနှင့် ဝိဇ္ဇာ ဘာသာရပ် ကျောင်းသားများ၏ လေးပုံတစ်ပုံတို့က AI ဖန်တီးပေးသော အကြောင်းအရာများသည် ၎င်းတို့၏ ဘာသာရပ်တွင် "အဆင့်ကောင်းရရှိနိုင်သည်" ဟု ယူဆထားကြသည်။
မေလတွင် ထုတ်ပြန်ခဲ့သော သုတေသနတခုအရ အမေရိကန်နိုင်ငံရှိ တက္ကသိုလ်များတွင် ၂၀၂၃-၂၄ ပညာသင်နှစ်အတွင်း ကျောင်းသား သုံးပုံနှစ်ပုံခန့်သည် AI ကို အသုံးပြုနေကြပြီး၊ ယင်းတို့အနက် ၉ ရာခိုင်နှုန်းခန့်မှာ လိမ်လည်ရန်အတွက် အသုံးပြုနေကြောင်း ခန့်မှန်းရသည်။ စိတ်ပျက်စရာကောင်းသည်မှာ လိမ်လည်မှုနှုန်းသည် စီးပွားရေးပညာ (၁၇ ရာခိုင်နှုန်း) နှင့် သတင်းစာပညာ (၁၆ ရာခိုင်နှုန်း) ကျောင်းသားများတွင် အမြင့်ဆုံးဖြစ်နေခြင်းပင် ဖြစ်သည်။ ယခုအခါတွင် ဤကိန်းဂဏန်းများသည် ပိုမိုမြင့်မားနေမည်မှာ သေချာကြောင်း အဆိုပါလေ့လာမှုကို ရေးသားသူတစ်ဦးဖြစ်သည့် ဘာကလေ တက္ကသိုလ်မှ အီဂေါ် ချီရီကော့ဗ် က ဆိုသည်။
ကျောင်းသားများသည် အနာဂတ်တွင် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်အများစုမှာ AI ဖန်တီးထားသည်များကို ပြုပြင်မွမ်းမံရခြင်းသာ ဖြစ်လိမ့်မည်ဖြစ်၍ ခိုင်မာသည့် အခြေခံကျွမ်းကျင်မှုများ မလိုအပ်တော့ဟု ပညာရှင်အချို့က ပခုံးတွန့်လျက် ပြောဆိုလာကြသည်မှာ အဖြစ်များလာနေသည်။ ယင်း သည် လက်တွေ့ကျသော အမြင်မဟုတ်ဘဲ၊ လက်မြှောက်အရှုံးပေးခြင်းသာ ဖြစ်သည်။
(၂၀၂၆ ဇွန် ၂၅ ရက် အီကောနော်မစ် တွင် ပါရှိသည့် Students are doing worse than you think ဆောင်းပါးမှ ကောက်နှုတ် တင်ပြသည်။)