တရုတ် နယ်စပ် မှတ်တိုင်များ မူဆယ် ဈေး နား ထိ ရောက်လာပြီဟု ဆို

by Hla Soewai - Jun 29 2026

ယခု လအတွင်း တရုတ်ဘက်မှ နယ်စပ်မှတ်တိုင်များသည် မြန်မာနိုင်ငံပိုင်နက်အတွင်းသို့ ပိုမိုတိုးဝင်လာပြီး၊ နယ်စပ်စည်းရိုး မကာရန်မီ စိုက်ထူလေ့ရှိသည့် အလံတိုင်များမှာ မူဆယ်မြို့အစပ်အထိ ရောက်ရှိလာပြီ ဖြစ်သည်ဟု ဒေသခံများ၏ အပြော ကို ကိုးကား၍ ဧရာဝတီ သတင်း တွင် ဖေါ်ပြလာခဲ့သည်။

 

အဆိုပါအလံတိုင်များသည် ဂျီဂေါင် နှင့် ကပ်လျက်ရှိသော မင်္ဂလာမူဆယ်ဈေးဘေးရှိ ဘောလုံးကွင်းအထိ ရောက်ရှိနေပြီဟု ဆိုသည်။

 

ရွှေလီမြစ် သည် ဂျီဂေါင်ကို ဝန်းရံစီးဆင်းနေပြီး သဘာဝနယ်နိမိတ်တခု အလား တည်ရှိနေသည်။ ဤမြစ်ကွေ့ကြောင့် ဂျီဂေါင်သည် အရှေ့ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်တို့တွင် မူဆယ်မြို့ဖြင့် ဝန်းရံလျက်ရှိသည်။ အချို့နေရာများတွင် ဂျီဂေါင်နှင့် မူဆယ်ကို ရေပြင်နှင့် စည်းရိုးတို့ဖြင့် မီတာ ၅၀၀ အောက်သာ ကွာဝေးသော အကွာအဝေးဖြင့်သာ ခွဲခြားထားသည်။ ဂျီဂေါင်သည် ရွှေလီမြစ်ပေါ်ရှိ တံတားတစင်းဖြင့် တရုတ်ပြည်မကြီးနှင့် ဆက်သွယ်ထားသည်။

 

တရုတ် အလုပ်သမား များသည် မြန်မာနိုင်ငံပိုင်နက်အတွင်းသို့ အလံတိုင်များကို ပိုမိုနက်ရှိုင်းစွာ စိုက်ထူလာကြပြီး ဂျီဂေါင်၏ နယ်နိမိတ်ကို မြောက်ဘက်သို့ တိုးချဲ့လာသလို ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။ ဂျီဂေါင်၏ မြောက်ဘက်၊ မင်္ဂလာမူဆယ်ဈေးမှ ၆ မီတာအကွာတွင် အလံတိုင်များ ရောက်ရှိနေပြီ ဆိုသည်ကို ဒေသခံတဦးက ယခုလို ပြောပြလာသည်။

"ကျွန်တော် အလံတိုင်တွေကို မြန်မာ့ပိုင်နက်ထဲမှာ လွန်ခဲ့တဲ့ နှစ်လ၊ သုံးလလောက်ကတည်းက သတိထားမိတာပါ။ အဲဒီတုန်းကတော့ အဝေးကြီးမှာပဲ ရှိပါသေးတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ရက်ပိုင်းက မင်္ဂလာမူဆယ်ဈေးနားက ဘောလုံးကွင်းမှာ ဘောလုံးသွားကန်တော့ အလံတိုင်တွေက အများကြီး ပိုနီးလာတာကို တွေ့လိုက်ရတယ်။ ၂၀ ပေလောက်ပဲ ဝေးတော့တယ်" 

 

၂၀၂၅ အတွင်း မင်းအောင်လှိုင်အား မြန်မာ ပြည်၏ ခေါင်းဆောင် အဖြစ် ပြောင်‌ ပြောင်တင်းတင်း ထောက်ခံ လာပြီး ချိန်မှစ၍ တရုတ်သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်တစ်၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ် (ပန်ဆိုင်း)၊ မူဆယ်နှင့် နမ့်ခမ်းမြို့နယ်များအပါအဝင် နယ်စပ်တလျှောက် နယ်စပ်စည်းရိုးများကို တဖြည်းဖြည်းချင်း တိုးချဲ့ကာရန်လျက်ရှိသည်။ အဆိုပါမြို့နယ်များသည် ၎င်းတို့၏ လက်ကိုင်တုတ် တပ်များ ဖြစ်သော ဝ နှင့် နှင့် MNDAA တို့ ထိန်းချုပ်ထားသော နယ်မြေများဖြစ်သည်။

 

ဒေသခံရွာသားများ၏ ပြောကြားချက်အရ အဆိုပါမြို့နယ်များအတွင်းရှိ စည်းရိုးများသည် မြန်မာနိုင်ငံပိုင်နက်အတွင်းသို့ မီတာ ၁၅ မှ ၁၀၀ အထိ တိုးဝင်ကာရန်ထားပြီး၊ လယ်ယာမြေများ၊ နေအိမ်များ၊ လမ်းကြောင်းများနှင့် ရေလမ်းကြောင်းများ ပါသွားကြောင်း သိရသည်။ လက်နက်ကိုင်အဖွဲ့များ၏ ကြောက်ရွံ့သဖြင့် ၎င်းတို့အဖို့ ပွင့်ပွင့်လင်းလင်း မပြောဆိုဝံ့ကြဟု သိရသည်။

 

ကိုးကန့် ဒေသခံများ၏ အပြောအရ လက်နက်ကိုင်အဖွဲ့များသည် တရုတ်ဆောက်လုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။ "နှစ်ဖက်လုံးက ပူးပေါင်းဆောင်ရွက်နေတာဆိုတော့ သူတို့မှာ သဘောတူညီချက်တစ်ခု ရှိနေတာ သေချာပါတယ်။ သာမန်ပြည်သူတွေကတော့ လက်နက်ကိုင်အဖွဲ့တွေကို ကြောက်ရွံ့ပြီး ဆန္ဒမပြရဲကြဘူး" ဟု ချင်းရွှေဟော်မြို့မှ အမျိုးသမီးတစ်ဦးက မေလအတွင်း ဧရာဝတီ သို့ ပြောခဲ့သည်ဟူ ဆိုသည်။ UWSA ထိန်းချုပ်ထားသည့် နမ့်တစ်မြို့တွင်လည်း ယခင်က နယ်နိမိတ်အဖြစ် သတ်မှတ်ထားသော ချောင်းသည် တရုတ်နိုင်ငံပိုင်နက်အတွင်းသို့ ပါသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

 

တကယ်တမ်း တွင် ကိုးကန့်အဖွဲ့သည် ၎င်းတို့၏ နယ်မြေအတွင်း တရုတ်စီးပွားရေးလုပ်ငန်းများကို ခွင့်ပြုပေးခြင်း၊ တရုတ်ဘာသာစကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ခြင်းနှင့် နေ့စဉ် ငွေကြေးသုံးစွဲမှုများတွင် တရုတ်ယွမ်ငွေကို သုံးစွဲခွင့်ပြုခြင်းများ ကြောင့် တရုတ် ပိုင်နက် သဖွယ် ဖြစ်လာ ခဲ့သည်။

 

တရုတ်-မြန်မာ နယ်စပ်သည် ကီလိုမီတာ ၂,၀၀၀ ကျော် ရှည်လျားပြီး ၁၉၆၀ ခုနှစ်က ချုပ်ဆိုခဲ့သော နယ်စပ်သဘောတူစာချုပ်အရ နယ်စပ်တလျှောက်တွင် ၁၀ မီတာ ကျယ်ဝန်းသော ကြားခံနယ်မြေ တခုကို သတ်မှတ်ထားပြီး၊ အဆိုပါနယ်မြေအတွင်း အမြဲတမ်းအဆောက်အအုံများ ဆောက်လုပ်ခြင်းကို တားမြစ်ထားသည်။ ငါးနှစ် တကြိမ်လည်း နယ်စပ် မျဉ်းများကို နှစ်နိုင်ငံ ပူးတွဲ စစ်ဆေး ရမည် ဖြစ်သည်။ သို့သော် ၁၉၈၄-၈၆၊ ၁၉၉၂-၉၅ အတွင်း နှစ်ကြိမ်သာ စစ်ဆေးခဲ့ပြီး ၂၀၂၀ NLD အစိုးရ လက်ထက်တွင် တတိယ အကြိမ် ထပ်မံ စစ်ဆေးရန် စီစဉ်ထားပြီး ဖြစ်သည်ဟု ဆိုသည်။

 

ထိုသို့ နယ်မြေ ကျူးကျော်မှုများ ဖြစ်ပေါ်နေသော်လည်း MNDAA၊ UWSA၊ မြန်မာစစ် အုပ်စုတို့ ဘက်မှ တစုံတရာ ကန့်ကွက်ခဲ့ကြခြင်း မရှိပေ။ စစ်တပ် လက်အောက်ခံ စာနယ်ဇင်း ကောင်စီ မှ ထို အကြောင်းခြင်းရာ များ ဖေါ်ပြ ရေးသားပါက နှစ်နိုင်ငံ ဆက်ဆံရေး ကို ထိခိုက်နိုင်သည်ဟု မီဒီယာများကို ခေါ်ယူ သတိပေးလာခဲ့သည်ဟု ဧရာဝတီ တွင် ရေးသားထားသည်။

 

တရုတ် ကို မှီခို ရပ်တည် နေရသော မင်းအောင်လှိုင် တို့ အဖွဲ့ အတွက်ကား ဘီဂျင်းသည် ၎င်းတို့၏ ဂုဏ်သိက္ခာကို ထောက်ထား၍ အလွန်အကျွံ လုပ်မလာပါစေ နှင့်ဟုသာ ဆုတောင်းနေကြတော့မည် ဖြစ်သည်။

 

နယ်စပ်နေ ပြည်သူများ အဖို့က မည်သူ့ကို အဖေ ခေါ်ရမှန်း မသိ ဖြစ်လာနေ၍ စီးပွားရေးအရသာမက လူမှုရေးအရပါ နစ်နာဆုံးရှုံးမှုများကို ဖြစ်လာ နေသည်။ တရုတ်သည် နယ်စပ်လုံခြုံရေး (အထူးသဖြင့် ဆိုက်ဘာလိမ်လည်မှုများ တိုက်ဖျက်ရေးနှင့် တရားမဝင်ကုန်သွယ်မှုများ ထိန်းချုပ်ရေး) ကို အကြောင်းပြပြီး ၎င်းတို့၏ နယ်စပ်ကို တဖက်သတ် ပြန်လည်ပုံစံထုတ် ရေးဆွဲနေခြင်း ဟု ပြော၍ ရပေသည်။

 

မြန်မာနိုင်ငံ၏ လက်ရှိမတည်ငြိမ်မှုများကို အခွင့်ကောင်းယူကာ ၎င်း၏ နယ်နိမိတ်ကို တဖြည်းဖြည်း တိုးချဲ့နေခြင်းသည် Salami Slicing Strategy ခေါ် အသားလွှာကို နည်းနည်းစီ လှီးဖြတ်ခြင်း နည်းဗျူဟာ ကို ကျင့်သုံးလာခြင်းလည်း ဖြစ်သည်။

 

တရုတ်သည် ၎င်းတို့အား မြန်မာ ပြည်သူများက မုန်းတီးလာလေလေ မင်းအောင်လှိုင် အား ထိန်းရင်းကျောင်းရင်းက ကုပ်ကပ် ထောက်ခံသွားလေလေ ဖြစ်လာနေသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!