လေ့လာသူအများစုသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း စစ်အုပ်စု ပြိုလဲတော့မည်ဟု ခန့်မှန်းထားခဲ့ကြသဖြင့်၊ ယခုအခါ အခြေအနေ ပြောင်းပြန် ဖြစ်လာပြီ ဆိုကာ ဝါရှင်တန်ဒီစီတွင် သံတမန်ရေးရာ အသိအမှတ်ပြုမှုနှင့် ပတ်သက်၍ မူဝါဒဆိုင်ရာ ငြင်းခုံမှုများကို ဖြစ်ပေါ်လာခဲ့သည်။ ရှားပါးမြေထွက်သတ္တုများ ရရှိနိုင်ခြင်းကဲ့သို့သော အကျိုးကျေးဇူးများကို ကိုးကား၍ စစ်အုပ်စု နှင့် ထိတွေ့ဆက်ဆံလိုသူများသည် ထရမ့်အစိုးရအဖွဲ့အတွင်း၌ ပရိသတ်ကို ရှာဖွေတွေ့ရှိလာကြသည်။ သို့သော်လည်း ရေရှည်အကျိုးစီးပွားများ မည်သို့ပင်ရှိစေကာမူ အရေးတကြီး သုံးသပ်ရမည်က စစ်တပ်သည် စစ်မြေပြင်တွင် အမှန်တကယ် အနိုင်ရနေသလော၊ အကယ်၍ အနိုင်ရနေပါက စစ်ကောင်စီကို အသိအမှတ်ပြုခြင်းသည် သင့်လျော်ပါမည်လောဟူသည့် အချက်ပင် ဖြစ်သည်။
စစ်ပွဲ၏ လားရာကို အနီးကပ် လေ့လာဆန်းစစ်မည်ဆိုက အဖြေမှာ ပိုမိုရှုပ်ထွေးနေကြောင်း တွေ့ရသည်။ နွေဦးတော်လှန်ရေးအနေဖြင့် ဆက်လက်တိုက်ပွဲဝင်နေပြီး နယ်မြေအမြောက်အမြားကို ထိန်းချုပ်ထားနိုင်သရွေ့၊ စစ်အုပ်စု ပြန်လည် ခေါင်းထောင်လာမှုသည် တကယ်တမ်း မှန်စေဦး ယင်းသည် မလွဲမသွေ အနိုင်ရတော့မည်ဟု ဆိုလိုခြင်းမဟုတ် ဆိုသည်ကို သိရှိလာနိုင်မည်သာ ဖြစ်သည်။
အမေရိကန် မေရီလန်း တက္ကသိုလ် ရှိ တရုတ်၊ အမေရိကန် ရေးရာ ပရိုဂရမ်၏ လက်ထောက် ညွှန်ကြားရေး မှုး လူးကပ်စ် မိုင်ယာက မြန်မာ့စစ်မြေပြင်၏ ပြောင်းလဲမှုများကို တော်လှန်ရေးအင်အားစုများ၏ အားနည်းချက် သုံးရပ်ဖြစ်သည့် မဟာမိတ်အဖွဲ့အစည်းများအတွင်း ကွဲပြားမှုများ၊ လက်နက်ခဲယမ်း လိုအပ်ချက်များ၊ နှင့် တရုတ်နိုင်ငံ၏ ကြားဝင်စွက်ဖက်မှုများဖြင့် ဆန်းစစ်ထားသည်။
ဤအခက်အခဲများသည် ထိခိုက်မှုများရှိသော်လည်း အဆုံးအဖြတ်ပေးနိုင်သည့် အခြေအနေမျိုးသို့ မရောက်သေး၊ ဤသည်ကလည်း နွေဦးတော်လှန်ရေးသည် တကယ့်ကို ခံနိုင်ရည်ရှိနေသောကြောင့် ဖြစ်သည်။
စစ်အုပ်စု၏ မကြာသေးမီက ရရှိခဲ့သော အောင်မြင်မှုများသည် စစ်ကောင်စီ၏ မလွဲမသွေ အောင်နိုင်တော့မည်ဟူ၍ကား ကြိုတင်ဟောကိန်းထုတ်၍ မရ။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုများ ဆက်လက်လုပ်ဆောင်ရင်း တော်လှန်ရေးအင်အားစုများကို ထောက်ခံအားပေးသည့် လက်ရှိချဉ်းကပ်မှုအတိုင်း ဆက်လက်ကိုင်စွဲသင့်သည်ဟု ထောက်ပြလာခဲ့သည်။
၂၀၂၅ ခုနှစ်တွင် စစ်အုပ်စုသည် ခေတ်မီဒရုန်းတပ်ဖွဲ့များကို ပိုင်ဆိုင်လာခဲ့ပြီး လူဦးရေ ထောင်ပေါင်းများစွာကို အဓမ္မစစ်မှုထမ်းခိုင်းစေခဲ့သည်။ ယင်းကြောင့် စစ်အုပ်စုသည် လူအင်အား ပိုမိုရရှိလာကာ လက်ရွေးစင် တပ်ဖွဲ့များကို ထိုးစစ်အတွက် လွတ်လပ်စွာ အသုံးပြုနိုင်ခဲ့သည်၊ တော်လှန်ရေးအင်အားစုများမှာ မူ မြို့သိမ်းတိုက်ပွဲများတွင် ရုန်းကန်နေရကာ လေကြောင်းတိုက်ခိုက်မှုများကို ခံရလွယ်သည့် အခြေအနေသို့ ရောက်ရှိနေချိန်ဖြစ်သည်။
သို့သော် စစ်ကောင်စီ ပြန်လည်သက်ဝင်လာရခြင်း၏ အရေးအကြီးဆုံး အချက်မှာ တော်လှန်ရေးအင်အားစုများ၏ တခုနှင့်တခု ဆက်စပ်နေသော အားနည်းချက် သုံးရပ်ပင်ဖြစ်ပြီး၊ ၎င်းတို့မှာ ၂၀၂၅ မတိုင်မီကပင် ရှိနေခဲ့သော်လည်း ထိုနှစ်၏ နှစ်လယ်ပိုင်းမှစ၍ အရေးပါသော အခြေအနေသို့ ရောက်ရှိလာခဲ့သည်။
ပထမအချက်မှာ တော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းအတွင်းရှိ ကွဲပြားနေမှု များကြောင့် စစ်အုပ်စု၏ တနိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ကျက် တိုက်ခိုက်မှုများကို ရင်ဆိုင်နိုင်မည့် မဟာဗျူဟာ မချမှတ်နိုင် ဖြစ် နေသည်။ ဒုတိယအချက်မှာ တော်လှန်ရေးအင်အားစုများသည် လက်နက်နှင့် ခဲယမ်းမီးကျောက် ပြတ်လပ်မှုများကို ကြာရှည်စွာ ရင်ဆိုင်ခဲ့ရပြီး ယင်းက တိုက်ခိုက်ရေးစွမ်းအားကို လျော့ကျစေခဲ့သည်။ တတိယအချက်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့အပေါ် လွှမ်းမိုးထားနိုင်သည့် တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်အရောက်တွင် တော်လှန်ရေးအင်အားစုများဘက်မှ လှည့်ထွက်သွားခဲ့ပြီး၊ ၎င်း၏ လွှမ်းမိုးမှုကို အသုံးပြု၍ မဟာမိတ်အဖွဲ့ကို ကွဲပြားအောင်နှင့် အားနည်းသွားအောင် လုပ်ဆောင်ခဲ့သည်။ ဤအချက်တစ်ခုချင်းစီသည် စစ်အုပ်စု မည်သို့ ပြန်လည်သက်ဝင်လာပြီး တော်လှန်ရေးကို ပြန်လည်တွန်းလှန်နိုင်ခဲ့သလဲဆိုသည်ကို နားလည်ရန်အတွက် အလွန်အရေးကြီး ပေသည်။
#ကွဲပြားနေမှုများ
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့သည် ဗမာလူမျိုးကြီးဝါဒ လွှမ်းမိုးထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနိုင်ရရှိလာပါက၊ မိမိတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လျစ်လျူရှုပြီး ဗဟိုချုပ်ကိုင်မှု လွန်ကဲသော အစိုးရစနစ်ကို ပြန်လည်ကျင့်သုံးမည်ကို စိုးရိမ်နေဆဲဖြစ်သည်။ တစ်ဖက်တွင်လည်း ဗမာလူမျိုးများပါဝင်သော တော်လှန်ရေးအင်အားစုများ ကိုယ်တိုင်က အစိတ်စိတ်အမွှာမွှာ ကွဲပြားနေကြသည်။
စုစည်းရန် ကြိုးပမ်းမှုများ ရှိသော်လည်း ဤနိုင်ငံရေးအရ ကွဲပြားမှုများကြောင့် စစ်အုပ်ချုပ် ရေး နေရာတွင် အစားထိုးနိုင်မည့် ခိုင်မာသော အမျိုးသားအဆင့် မူဘောင်တစ်ရပ် ပေါ်ပေါက်လာခြင်းကို တားဆီးနေသကဲ့သို့၊ တစ်ဆက်တည်းမှာပင် စစ်မြေပြင်တွင်လည်း တူညီသည့် မဟာဗျူဟာတရပ် ထွက်ပေါ်လာခြင်းကိုလည်း ဟန့်တားနေသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် (ကချင် နှင့် အာရက္ခ တပ်တော် မှ လွဲ၍) ဗမာပြည်မအတွင်းပိုင်းသို့ ထိုးစစ်ဆင်ခြင်းမရှိဘဲ မိမိတို့၏ နယ်မြေဒေသများတွင်သာ အာရုံစိုက်နေကြဆဲဖြစ်သည်။ ရလဒ်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကတိပေးခဲ့သော်လည်း အကောင်အထည်ဖော်နိုင်ခြင်းမရှိခဲ့သည့် တနိုင်ငံလုံးအတိုင်းအတာဖြင့် မဟာဗျူဟာ မြောက် ထိုးစစ်များ မဆင်နွှဲ နိုင်တော့ဘဲ၊ တပ်ဖွဲ့အသီးသီးသည် ဒေသအလိုက် အဆက်အစပ်မရှိသော စစ်ဆင်ရေးများကိုသာ မကြာခဏ လုပ်ဆောင်နေကြသည်။
ဗဟိုချုပ်ကိုင်မှုမရှိသော စနစ်သည် စစ်ပွဲအစောပိုင်းကာလများတွင် ချိတ်ဆက်မှုအားနည်းသည့် ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်မှုပေါင်း ထောင်နှင့်ချီ၍ ပြုလုပ်နိုင်ခဲ့သဖြင့် ထိရောက်မှုရှိခဲ့သော်လည်း၊ စစ်တပ်အနေဖြင့် လူအင်အား ပိုမိုရရှိလာပြီး ဒေသတခုချင်းစီကို သီးခြားစီခွဲထုတ် တိုက်ခိုက်နိုင်လာသည့် လက်ရှိအချိန်တွင်မူ ယင်းစနစ်မှာ ယခင်ကကဲ့သို့ ထိရောက်မှု မရှိတော့ပေ။ စစ်တပ်သည် ထို အနေအထားကို ကောင်းစွာ အသုံးချ နိုင်ခဲ့သည်။
#လက်နက်ခဲယမ်းပြတ်လတ်လာမှု
တော်လှန်ရေးအင်အားစုများ၏ ဒုတိယမြောက် အားနည်းချက်မှာ ပစ္စည်းကိရိယာပိုင်းဆိုင်ရာ ဖြစ်သည်။ တော်လှန်ရေးအင်အားစုများသည် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုအောက်ရှိ မှောင်ခိုဈေးကွက်မှတဆင့် ရရှိသော လက်နက်လမ်းကြောင်းကိုသာ အဓိက အားကိုး နေရသည်၊ ၂၀၂၅ တွင် ဘီဂျင်းက ဒီမိုကရေစီလိုလားသော တော်လှန်ရေးအင်အားစုများထံ လက်နက်ဖြန့်ဖြူးပေးနေသည့် ၎င်း၏ လက်ကိုင်တုတ်အဖွဲ့များကို တားမြစ် ပိတ်ပင်လိုက်သောအခါတွင်မူ လက်နက်ပြတ်လပ်မှုပြဿနာမှာ အရေးကြီးသည့်အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
၂၀၂၆ ခုနှစ် ဧပြီလတွင် ဖလမ်းမြို့ကို စစ်အုပ်စုက ပြန်လည်သိမ်းပိုက်ခဲ့ခြင်းသည် ဤအချက်ကို သက်သေပြနေသည်။ တော်လှန်ရေးတပ်ဖွဲ့များသည် ထိုမြို့ကို တနှစ်နီးပါး ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း စစ်တပ်၏ လက်နက်ကြီးများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် ခြေလျင်တပ်များ၏ ထိုးစစ်ဆင်မှုများကို ခြောက်လကြာ ရင်ဆိုင်ပြီးနောက် ဆုတ်ခွာပေးခဲ့ရသည်။ ဆုတ်ခွာခဲ့ရသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက လက်နက်ခဲယမ်း လိုအပ်ချက်မှာ အဓိကအကြောင်းရင်းဖြစ်ကြောင်း ထောက်ပြခဲ့ကြသည်။
တော်လှန်ရေး အင်အားစု များအနေဖြင့် အနီးပတ်ဝန်းကျင် ကျေးလက်ဒေသများကို ဆက်လက်ထိန်းချုပ်ထားပြီး တိုက်ပွဲဝင်နေဆဲဖြစ်သော်လည်း၊ ဤကဲ့သို့သော အခြေအနေများအောက်တွင် မြို့ကြီးပြကြီးများကို ဆက်လက်ထိန်းချုပ်ထားရန်မှာ ပိုမိုခက်ခဲလာနေသည်။
#တရုတ်၏အခန်းကဏ္ဍ
တရုတ်၏ စစ်အုပ်စု အပေါ် ထောက်ခံမှုသည် အခြားသော အားနည်းချက် နှစ်ရပ်ကို ပိုမိုဆိုးရွားလာစေသည့်အတွက် ပြည်တွင်းစစ်တွင် အရေးပါဆုံးသော အချက်ဖြစ်ပေလိမ့်မည်။
၂၀၂၁ ခုနှစ်တွင် ချိန်ဆလုပ်ဆောင်ခဲ့သော မူဝါဒမှသည် အမျိုးသားညီညွတ်ရေးအစိုးရသည် အမေရိကန်ဘက်သို့ အလွန်ယိမ်းယိုင်နေပြီး မြန်မာနိုင်ငံ ပြိုကွဲမှုကို မတားဆီးနိုင်ဟု တရုတ်နိုင်ငံက ကောက်ချက်ချလိုက်သည့်အချိန်တွင် စစ်အုပ်စုကို တက်တက်ကြွကြွ ထောက်ခံသည့်ဘက်သို့ ပြောင်းလဲသွားခဲ့သည်။ မိမိတို့၏ ပထဝီနိုင်ငံရေး အကျိုးစီးပွားများကို မြှင့်တင်ရန်အတွက် ကြိုးဆွဲရာကမည့် ရုပ်သေးရုပ်ကို ရှာဖွေရင်း ဘီဂျင်း သည် ၂၀၂၄ ခုနှစ်မှစ၍ စစ်တပ်ကို ပြတ်ပြတ်သားသား ကျောထောက်နောက်ခံပြုလာခဲ့သည်။ ဤပြောင်းလဲမှုသည် တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ ကြီးမားသော စီးပွားရေးနှင့် နိုင်ငံရေးအရ အလေးသာမှုကို အသုံးပြု၍ တော်လှန်ရေးနှင့် ပူးပေါင်းသည့် အဖွဲ့အစည်းများကို ဖိအားပေးခြင်းနှင့် လက်နက်ရရှိမှုကို ကန့်သတ်ခြင်းတို့အပါအဝင် စစ်မြေပြင်အခြေအနေကို တိုက်ရိုက်ပုံဖော်နိုင်စေခဲ့သည်။
မဟာမိတ်အဖွဲ့အစည်းများအတွင်း ကွဲပြားမှုများနှင့် လက်နက်ခဲယမ်း လိုအပ်ချက်များသည် တော်လှန်ရေးအင်အားစုများအတွက် ပြဿနာများ ဖြစ်နေခဲ့ပြီးဖြစ်သော်လည်း၊ တရုတ်နိုင်ငံ၏ ဖိအားဖြင့် 'ညီနောင်မဟာမိတ်သုံးဖွဲ့' အဖွဲ့ဝင် နှစ်ဖွဲ့ကို စစ်ပွဲအတွင်းမှ ထွက်ခွာသွားစေခဲ့သည်။ ယင်းကြောင့် တော်လှန်ရေးအင်အားစုများမှာ စွမ်းရည်မြင့်မားသော တပ်ဖွဲ့များကို လက်လွတ်ဆုံးရှုံးခဲ့ရပြီး၊ ကိုးကန့်နှင့် တအာင်းတို့၏ ပံ့ပိုးကူညီမှုကို မှီခိုအားထားနေရသည့် အနီးအနားရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များမှာလည်း အထီးကျန်ဖြစ်သွားခဲ့ရသည်။
#တော်လှန်ရေးသည်အရေးနိမ့်သွားခြင်း မရှိ
စစ်တပ် အနေဖြင့် စစ်ရေးအရှိန်အဟုန်ကို ပြန်လည်ရရှိလာသော်လည်း ၂၀၂၆ ခုနှစ်တွင် မြန်မာ့တော်လှန်ရေးအင်အားစုများသည် နိုင်ငံ၏ သုံးပုံတစ်ပုံမှ တစ်ဝက်ခန့်ကို ဆက်လက်ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပြီး တိုက်ခိုက်နိုင်စွမ်းရှိသည့် တပ်ဖွဲ့များလည်း ရှိနေဆဲဖြစ်သည်။
အဓိကကျသော တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများသည် ၂၀၂၆ ခုနှစ် ဧပြီလတွင် မင်းအောင်လှိုင် ကမ်းလှမ်းခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ငြင်းပယ်ခဲ့ကြပြီး၊ တော်လှန်ရေးတပ်ဖွဲ့အများအပြားမှာလည်း ကျေးလက်ဒေသများဘက်သို့ တပ်ဖြန့်ခွဲ၍ ဝင်ရောက်လာခဲ့ကြသည်။
အရေးကြီးသည်မှာ တော်လှန်ရေးအင်အားစုများသည် မဟာမိတ်အဖွဲ့အစည်းများအတွင်းရှိ ကွဲပြားမှုများကို ဖြေရှင်းရန် ကြိုးပမ်းခြင်းအားဖြင့် ၎င်းတို့၏ ကြံ့ခိုင်မှုကို ပြသနိုင်ခဲ့ခြင်း ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ နှင့် အနီးကပ်ဆုံး မဟာမိတ်ပြုထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့လေးဖွဲ့ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့သည် ၂၀၂၆ ခုနှစ်၊ မတ်လတွင် 'ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ' (SCEF) ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ ထိုအဖွဲ့သည် တနိုင်ငံလုံး အတိုင်းအတာဆိုင်ရာ စစ်ရေးမဟာဗျူဟာကို ဦးစွာချမှတ်ရန်နှင့် ထိုမှတစ်ဆင့် ဗဟိုနှင့် ဒေသအသီးသီးအကြား ရှုပ်ထွေးလှသော နိုင်ငံရေးဆိုင်ရာ မေးခွန်းများကို ဖြေရှင်းရန်ကို ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ပြီး၊ တချိန်တည်းမှာပင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်လည်း စုပေါင်းအဖွဲ့အစည်းတစ်ခုအဖြစ် ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်သည်။
တရုတ်နိုင်ငံနှင့် ပတ်သက်၍ ကချင်တို့ မကြာသေးမီက ပြသခဲ့သည့်အတိုင်း တရုတ်၏ ဖိအားပေးမှုကို ရင်ဆိုင်ကျော်လွှားနိုင်သည့် တခုတည်းသော လက်တွေ့ကျသည့် နည်းလမ်းမှာ ရှားပါးမြေထွက်သတ္တုတွင်းများနှင့် 'ခါးပတ်လမ်း' စီမံကိန်းများကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခြင်းပင်ဖြစ်သည်။
အရေးကြီးသည်မှာ ဘီဂျင်းသည် ကိုးကန့်နှင့် တအာင်းတို့ကို စစ်ပွဲအတွင်းမှ ဆုတ်ခွာသွားအောင် ဖိအားပေးနိုင်ခဲ့သော်လည်း အာရက္ခ တပ်တော် သို့မဟုတ် ကချင်တို့အပေါ်တွင်မူ ထိုသို့မလုပ်ဆောင်နိုင်ခဲ့။ ဤအချက်သည် နိုင်ငံတကာ နယ်စပ်နှင့် ပိုမိုဝေးကွာသော ဒေသများတွင် အခြေစိုက်သည့် အဖွဲ့အစည်းများအပေါ် တရုတ်နိုင်ငံ၏ သြဇာသက်ရောက်မှုမှာ ကန့်သတ်ချက်ရှိကြောင်း ဖော်ပြနေသည်။ ရေရှည်တွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ချိုးဖောက်နေမှုများကို ထောက်ရှု၍ တော်လှန်ရေးအင်အားစုများသည် တရုတ်ကို မိမိတို့ဘက်သို့ ဆွဲဆောင်ရန် ကြိုးပမ်းမည့်အစား၊ တရုတ်ထံမှ မြန်မာနိုင်ငံကို ကာကွယ်ပေးသူများအဖြစ် ပိုမိုပြတ်သားစွာ ရပ်တည်ပြသခြင်းက ပိုမိုအကျိုးရှိနိုင်မည်ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!