မင်းအောင်လှိုင်သည် တရားဝင်ခရီးစဉ်များ အဖြစ် ၎င်းနှင့် ရင်းနှီးကျွမ်းဝင်ပြီးသား နိုင်ငံများသို့ သွားခွင့်ရသည့် အခါတိုင်း တိုင်းပြည် အတွက်ရော၊ ၎င်းအတွက်ပါ အရှက်တကွဲ အကျိုးနည်းစရာ များ လုပ်ခဲ့သည်ချည်း ဖြစ်သည်။
ပူတင်နှင့် ကြုံတောင်ကြုံခဲ တွေ့ခွင့်ရခဲ့သည့် အချိန်မှာပင် စစ်ကြိုခေတ်က စာအုပ်ဟောင်းကြီး ဆွဲထုတ်ပြီး မြတ်စွာ ဘုရားရှင်က အဆွေတော်သည် ကြွက်မင်းကြီး ဘဝ နှင့် ရှိစဉ် နောင်လာလတ္တံသော အချိန်ကာလ တွင် ရုရှား ဆိုသည့် ပြည်ကြီးကို စိုးစံရသော မင်းကြီး ဖြစ်လိမ့်မည်ဟု ဗျာဒိတ် ပေးခဲ့သည် ဆိုကာ ပေါက်ပန်းလေးဆယ်များ ပြောသွားခဲ့သည်။
ဒုတိယ အကြိမ်သွားခွင့်ရသည့် အိန္ဒိယ ခရီးစဉ် တွင်လည်း မထင်မရှား သတင်းဌာန တခု နှင့် အင်တာဗျူး တခုတွင် ဝါကျ တကြောင်း မဆိုထားဘိ ethnic ဆိုသည့် စကားလုံးကိုပင် အသံမထွက် တတ်၍ အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေရှာသည်၊ နောက်ဆုံး ethic နှင့် ပြီးသွားရရှာသည်။ ကျွန်တော် အဖို့ ရှက်လွန်း၍ ကြည့်ပင် မကြည့်ရဲအောင် ဖြစ်ခဲ့ရသည်။
နောက်ဆုံး တရုတ်ခရီးစဉ် တွင်လည်း ရှီကျင့်ဖျင်က ပေးသည့် လက်ဆောင် ဖုန်း တလုံးကို ကျောင်းအုပ်ကြီး၏ ဆုချီးမြှင့်ချင်းကို ခံရသည့်အလား ဝမ်းသာပျော်မြူးနေရှာ သည့် ကျောင်းသားငယ် လေး၏ ဖြစ်သွားပုံသည် အွန်လိုင်းတွင် ပျံ့နှံ့သွားခဲ့သည်။
ထို အ ကြောင်း များ နှင့် ပတ်သက်၍ ဧရာဝတီ မှ ကိုကျော် ဇော်မိုးက "နိုင်ငံကို အရှက်ခွဲ ခဲ့ကြသည့် ပညာမဲ့ ဗိုလ်ချုပ်များ " ခေါင်းစဉ် ဖြင့် ယူကျု့ တွင် ယခုလို ပြောသွားခဲ့သည်။
ခေတ်အဆက်ဆက် ၎င်းတို့ကြောင့် တိုင်းပြည် ဂုဏ် တက်ခဲ့ရသည်ဟူ၍ တကြိမ်တခါမျှပင် မရှိခဲ့၊ မျက်နှာငယ်ပြီး သေးသိမ် ညိုးနွမ်းခဲ့ရသည် ချည်းပင် ဖြစ်သည်။ ထိုသို့ ဖြစ်ရသည့် အဓိက အကြောင်းရင်းမှာ တိုင်းပြည်အာဏာယူထားသည့် စစ်ဗိုလ်ချုပ် ဆိုသူများ၏ ပညာမဲ့မှု ကြောင့်ပင် ဖြစ်သည်။ ပညာမဲ့ခြင်း ဆိုသည်က အတန်းပညာမဲ့ခြင်း မဟုတ်၊ ခေတ်အမြင်၊ အသိပညာ၊ အတတ်ပညာ၊ နှင့် အခြေခံ အကျဆုံး ဖြစ်သည့် common sense ခေါ် ဝေဖန်ပိုင်းခြားနိုင်မှု၊ အမှားအမှန်ကို ခွဲခြား နိုင်မှု ဆိုသည့် ဆင်ခြင်တုံတရား ချွတ်ခြုံ ကျနေမှု ကြောင့် ဖြစ်သည်ဟု ဆိုသည်။
မင်းဇင်
အီကောနော်မစ် မဂ္ဂဇင်းက မင်းဇင် အဖမ်းခံရမှု အပေါ် ယခုလို ရေးသားလာခဲ့သည်။ တရုတ်အာဏာပိုင်များက မင်းဇင်ကို ယခုအချိန်မှ ဘာကြောင့် ဖမ်းဆီးထိန်းသိမ်းရန် ဆုံးဖြတ်ခဲ့သည်ဆိုသည်မှာ ရှင်လင်းစွာ မသိရသေးပေ။ အချို့ကမူ တရုတ်နိုင်ငံသည် ယခုနွေရာသီနှောင်းပိုင်းတွင် ပြုလုပ်မည့် အကျဉ်းသားလဲလှယ်မှုအတွက် ကြိုတင်မျှော်မှန်းပြီး အမေရိကန်နိုင်ငံသားများကို စုဆောင်းထားခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။ အချို့ကမူ ထိုနိုင်ငံရှိ အာဏာပိုင်များသည် မေးခွန်းထုတ်စပ်စုတတ်သည့် သုတေသီများနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသောကြောင့် လုံခြုံရေးအဖွဲ့အစည်းအတွင်းမှ တဦးဦးက ပညာရပ်ဆိုင်ရာ စုံစမ်းလေ့လာမှုကို သူလျှိုလုပ်ခြင်းဟု မှားယွင်းထင်မြင်သွားခြင်းဖြစ်နိုင်သည်ဟု ယူဆကြသည်။
သို့သော် အခြားဖြစ်နိုင်ခြေတခုမှာ အမြဲတမ်းပြုံးရွှင်နေတတ်ပြီး ၎င်း၏အမှတ်အသားဖြစ်သော အနီရောင်မျက်မှန်ကို တပ်ဆင်ထားလေ့ရှိသည့် မင်းဇင် ကြောင့် တရုတ်နှင့် မြန်မာအကြား ပြန်လည်သင့်မြတ်လာသော ဆက်ဆံရေးကို အဖုအထစ်ဖြစ်ကာ ထိခိုက်သွားမည် ကို စိုးရိမ်လာခြင်း ကြောင့် ဖြစ်နိုင်သည်။ ၎င်း၏ သုတေသနလုပ်ငန်းများသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ် အနေဖြင့် စစ်အုပ်စု အပေါ်တွင်ကော၊ ၎င်းတို့ချင်း နယ်စပ်ချင်းထိစပ်နေသည့် ဒေသများမှနေ၍ တော်လှန်ရေးအဖွဲ့များအပေါ်တွင်ပါ လွှမ်းမိုးချုပ်ကိုင်မှု ရယူထားနိုင်ခဲ့ပုံကို မီးမောင်းထိုးပြခဲ့သည်။
ထိုသုတေသနက တရုတ်နိုင်ငံသည် ၎င်းတို့၏ စကားလုံးလှလှပပ ပြောဆိုချက်များထက် ပိုမိုကိုယ်ကျိုးရှာတတ်သော အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်ကြောင်း ဖော်ထုတ်ပြသခဲ့ပြီး၊ မြန်မာနိုင်ငံအတွင်း အသာစီးရရှိစေရန် စစ်အုပ်စု နှင့် အခြားလက်နက်ကိုင်အဖွဲ့အစည်းများကို တဖွဲ့နှင့်တဖွဲ့ ကြိုးဆွဲကစားနေပုံကိုလည်း ဖော်ပြနေသည်။ ထို့အပြင် တရုတ်၏ လွှမ်းမိုးမှုကို တွန်းလှန်ရန် ရုန်းကန်နေရသည့် စစ်အုပ်စု၏ အားနည်းချက်ကိုလည်း ဖွင့်ချပြရာ ရောက်ခဲ့သည်။
ရှီကျင့်ပင် နှင့် မင်းအောင်လှိုင်တို့ နှစ်ဦးစလုံးက ၎င်းတို့ မကြာမီက တွေ့ဆုံခဲ့ကြရာတွင် မဟာမိတ်ပြုမှုကို ခိုင်မာတောင့်တင်းသည့် ပုံစံမျိုးဖြစ်အောင် အစွမ်းကုန် ကြိုးပမ်းပြခဲ့ကြသည်။ သို့သော်လည်း မင်းအောင်လှိုင်သည် ၎င်း၏နိုင်ငံအတွင်းရှိ တော်လှန်ရေးအဖွဲ့များကို တရုတ်နိုင်ငံက ထောက်ပံ့ကူညီနေမှုအပေါ် ကာလရှည်ကြာကတည်းက မကျေမနပ်ဖြစ်ကာ ဒေါသထွက်နေခဲ့ခြင်း ဖြစ်သည်။ တဖက်တွင်လည်း တရုတ်အရာရှိများက မင်းအောင်လှိုင်သည် ၎င်းတို့၏ အကျိုးစီးပွားအပေါ် ရန်လိုသူတစ်ဦးအဖြစ် ရှုမြင်ကြောင်း မြန်မာ့အရေးလေ့လာသုံးသပ်သူများကို ပြောပြခဲ့ဖူးသည်။
မင်းဇင်သာ ထိုအကြောင်းများကို လေ့လာခွင့် ရခဲ့ပါက အတင်းအကျပ် လက်ထပ်ပေးထားရသည့် အိမ်ထောင်ရေး ကဲ့သို့ပင်၊ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင်တို့အကြား မဟာမိတ်ပြုမှု သည်လည်း ပျော်ရွှင်စရာမကောင်းသော ဆက်ဆံရေးမျိုးသာဖြစ်ကြောင်း ထောက်ပြလိမ့်မည်သာ ဖြစ်သည်ဟု ရေးသားထားသည်။
မြစ်ဆုံ
မြစ်ဆုံ နှင့် ပတ်သက်၍ အီကောနော်မစ် မဂ္ဂဇင်းက ရေးသားရာတွင် ထို စီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းသည် အမှန်တကယ်တွင် ရေအားလျှပ်စစ်အတွက် မဟုတ်ဘဲ အသာစီးရယူရေး နှင့် အကျပ်ကိုင် အသုံးချနိုင်ရေးအတွက်သာ ဖြစ်သည်။ စစ်အုပ်စု သည် တရုတ်နိုင်ငံအပေါ် ပိုမိုမှီခိုလာရသည်နှင့်အမျှ လူထုက အော့နှလုံးနာမုန်းတီးနေသော ဤစီမံကိန်းကို အသုံးချကာ တရုတ်၏ မျက်နှာသာပေးမှုကို ဝယ်ယူရန်နှင့် ဆည်များ တည်ဆောက်မည့် ကချင်ပြည်နယ်၏ နယ်မြေအများအပြားကို စိုးမိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို ဖိအားပေး ကျပ်ညှပ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
ဤစီမံကိန်းသည် တရုတ်နိုင်ငံနှင့် ညှိနှိုင်းရာတွင် အရေးပါသော အလျှော့အတင်းလုပ်စရာ ဖဲချပ်တစ်ခု ဖြစ်လာသလို၊ ကန့်ကွက်ဆန့်ကျင်မှုများကို နှိပ်ကွပ်ရန်အတွက်လည်း ဆင်ခြေဆင်လက်တခု ဖြစ်လာခဲ့သည်။
စစ်အုပ်စု သည် မြစ်ကြီးနားမြို့နှင့် ဆည်တည်ဆောက်မည့်နေရာကို ထိန်းချုပ်ထားသော်လည်း ပတ်ဝန်းကျင်ရှိ တောတောင်များမှာမူ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) စိုးမိုးရာ နယ်မြေများ ဖြစ် နေသည်။ စစ်အုပ်စု အနေဖြင့် ဤစီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းအားဖြင့် KIA ကို နယ်မြေတချို့ လက်လွှတ်ပေးလာရမည့် ထိပ်တိုက်ရင်ဆိုင်မှုမျိုးဖြစ်လာအောင် ရန်စပြီး ဆွပေးရန် မျှော်လင့်နေခြင်းလည်း ဖြစ်နိုင်သည်။ နှစ်ဖက်စလုံးသည် ကုန်သွယ်ရေးနှင့် လက်နက်ခဲယမ်းများအတွက် တရုတ်အပေါ်၌သာ မှီခိုနေကြရသည်။
ဤဆည်စီမံကိန်းကို စတင်အဆိုပြုစဉ်က ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပို့လွှတ်ရန် သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယနေ့အချိန်တွင် တရုတ်နိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်နိုင်စွမ်း (အထူးသဖြင့် ဈေးနှုန်းချိုသာသော နေရောင်ခြည်စွမ်းအင်နှင့် လေစွမ်းအင်တို့မှ) သည် ၎င်းတို့နိုင်ငံ၏ အမြင့်ဆုံး လျှပ်စစ်လိုအပ်ချက်ထက်ပင် ကျော်လွန်နေပြီ ဖြစ်၍ တရုတ်အတွက် အရေးမပါလှတော့။
သို့သော် စစ်အုပ်စုသည် ကေအိုင်အေ အား အပစ်အခတ် ရပ်စဲရေး ဖိအားပေးနိုင်ရန် မြစ်ဆုံ နှင့် အလဲအလှယ် လုပ်ချင်နေသည်။
တရုတ်ကမူ လောလောဆယ်တွင် စီးပွားရေး စင်္ကြန် လမ်းမ ကြီးနှင့် ကျောက်ဖြူရေနက် စီမံကိန်းကိုသာ ပြန်စရန် လိုလားနေသည်။ ၎င်းတို့အလိုရှိသည့်အတိုင်း ဖြစ်လာအောင် တွန်းအားပေး လုပ်ဆောင်နိုင်မည့် အလားအလာလည်း ရှိနေသည်။
Mi-17
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမရွာအနီး ထောက်ပို့ ပစ္စည်းများ နှင့် စစ်အင်အား လာရောက် ဖြည့်တင်းသည့် မင်းအောင်လှိုင် တပ်၏ Mi-17 ရဟတ်ယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များက ဇွန်လ ၂၃ ရက်နေ့ ညနေပိုင်းမှာ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ မှ သတင်းထုတ်ပြန်သည်။ တော်လှန်ရေး တပ်ဖွဲ့ များသည် FPV ဒရုန်းကို ကျွမ်းကျင်စွာ အသုံးချ လာနိုင်ပြီ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!