အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် နှင့် စစ်ဦးစီးချုပ် မြန်မာသို့ ရောက်ရှိ

by Hla Soewai - Oct 06 2020

အိန္ဒိယ နိုင်ငံ၏ အနောက်မြောက် ဒေသ လုံခြုံရေးသည် အရေးပါလာသည်နှင့်အမျှ မြန်မာ နှင့် လုံခြုံရေး၊ ကာကွယ်ရေး၊ နယ်ခြားဒေသ ဖွံ့ဖြိုးရေး အစီအစဉ်များ၊ ပဋိပက္ခများ ဖြစ်ပွားနေသော ရခိုင်ပြည်နယ်အတွင်း အိန္ဒိယမှ အကောင်အထည် ဖေါ်နေသော ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆွေးနွေးရန် ရောက်ရှိလာခြင်း ဖြစ်သည်ဟု သိရသည်။

 

၎င်းတို့၏ နှစ်ရက်ကြာ ခရီးစဉ်အတွင်း အိန္ဒိယ ကြည်းတပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အမ်အမ် နာရာဗာနီ နှင့် နိုင်ငံခြားရေး ဝန်ကြီး ဌာန အတွင်းဝန် ဟတ်ရှ် ရှရင်လား တို့သည် နေပြည်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

 

အိန္ဒိယ ဗဟို အစိုးရ အား ဆန့်ကျင်တိုက်ခိုက်နေသည့် သောင်းကျန်းသူများအား လွှဲပြောင်းပေးရေး အပါအဝင် နှစ်နိုင်ငံအကြား ရာဇဝတ်သားများ အပြန်အလှန် လွှဲအပ်ရေး ဆိုင်ရာ စာချုပ်ကို အပြီးသတ် ရေးဆွဲနိုင်ရန်လည်း ဆွေးနွေးကြမည် ဖြစ်သည်။ အိန္ဒိယ သောင်းကျန်းသူများသည် တရုတ်လက်နက်များ ကိုင်ဆောင်ထားပြီး ‌ခေါင်းဆောင်များသည် ယူနန်ပြည်နယ်အတွင်းရှိ ရွှေလီတွင် နေထိုင်နေကြသည်ဟု ဆိုသည်။

 

အိန္ဒိယ နှင့် ကာကွယ်ရေး ဆိုင်ရာ ဆက်ဆံမှု ပိုမို နက်ရှိုင်းလာနေသည်နှင့်အမျှ အိန္ဒိယမှ ပေးပို့ရန် ရှိနေသော မိုးလေဝသ တိုင်းတာရေးတွင် အသုံးပြုမည့် လေယာဉ်များ အတွက် အဖွဲ့တဖွဲ့လည်း ယခုလအတွင်း ရောက်ရှိလာမည်ဟု သိရသည်။

 

ကုလားတန် မြစ်ကြောင်း စီမံကိန်း အတွက် နှစ်ပေါင်း ၂၀ ခန့် စောင့်ဆိုင်းနေရသည့် ကမ်းရိုးတန်း သင်္ဘောသွားလာရေး သဘောတူညီချက်ကို အပြီးသတ် ချုပ်ဆိုနိုင်ရန် မျှော်လင့်နေသည်ဟု လည်း ဆိုသည်။ ထို့အတွက် စစ်တွေ ဆိပ်ကမ်းမှတဆင့် အိန္ဒိယ သင်္ဘောများ မီဇိုရမ် ပြည်နယ်ထဲ ဝင်ရောက်နိုင်ပေမည်။

 

အက်ဒမန် ပင်လယ်အတွင်း ကမ်းလွန်ရေနံ ရှာဖွေရေး အတွက် အိန္ဒိယမှ ဒေါ်လာ ၁.၄ ဘီလီယံ ရင်းနှီးမြုပ်နှံပြီး ဖြစ်သည့် စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး အတွက်လည်း ဆွေးနွေးကြမည် ဖြစ်သည်။

 

မြန်မာ ခေါင်းဆောင်ပိုင်းက တရုတ်နှင့် ဆက်ဆံနေရမှုများကြောင့် အိန္ဒိယ နှင့် နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်စရာ အကြောင်းမရှိကြောင်း ရှင်းလင်းစွာ ပြောထားခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် မိမိတို့၏နယ်မြေများကို အိန္ဒိယ သောင်းကျန်းသူများအသုံးပြုခြင်း နှင့် မူးယစ်ဆေးဝါး တရားမဝင် ကူးသန်းရောင်းဝယ်နေခြင်းများကို ဟန့်တားသွားမည် ဟုလည်း အာမခံထားခဲ့သည်။

 

ပါကစ္စတန် အခြေစိုက် အကြမ်းဖက် အုပ်စုများ မှ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်ခြားရှိ ဒုက္ခသည် စခန်းများ အတွင်း စိမ့်ဝင်ကာ အစွန်းရောက် သဘောတရားများ ပို့ချလာမည့်အရေးကို ဟန့်တားနိုင်‌ရေးအတွက် ဆွေးနွေးကြမည် ဖြစ်သည်။ယခု ခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေး၏ လက်ရှိ အနေအထားကို အပြည့်အဝ သုံးသပ် ဆွေးနွေးခွင့် ရမည် ဖြစ်ပြီး ရှေ့လျောက် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းရေးများကို ခိုင်မာအောင်တည်ဆောက် သွားရန် ရည်ရွယ် ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ကြေညာချက်တွင် ပါရှိသည်။

 

၂၀၁၂ မေလ အတွင်း အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ၏ ခရီးစဉ်အတွင်း အိန္ဒိယ-မြန်မာ နယ်ခြားဒေသ ဖွံဖြိုးမှု နားလည်မှု စာချွန်လွှာ တရပ် လက်မှတ်ရေးထိုး နိုင်ခဲ့သည်။ အဆိုပါ နားလည်မှု စာချွန်လွှာအရ ချင်းပြည်နယ်နှင့် နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများအတွင်း အကောင်အထည်ဖေါ်မည့် ဖွံဖြိုးရေး စီမံချက်ပေါင်း ၁၄၀ အတွက် အိန္ဒိယမှ နှစ်စဉ် ဒေါ်လာ ၅ သန်း ထောက်ပံ့သွားရန် ရှိနေသည်ကို ယခုအခါ ၂၀၂၂ အထိ သက်တမ်း တိုးမြှင့်လိုက်ကြောင်းလည်း သိရသည်။

 

ရခိုင်ပြည်နယ်အတွင်းတွင်လည်း အိန္ဒိယမှ ဖွံ့ဖြိုးရေး စီမံချက်များ အကောင်အထည် ဖေါ်သွားရန် ရှိနေပြီး လုပ်ငန်းခွင် လေ့ကျင့်ရေး သင်တန်းကျောင်း၊ အမှိုက် မီးရှို့စက်၊ ဆိုလာစွမ်းအင် ပရိုဂျက်များ၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်း ခေတ်မီတိုးတက်ရေး နှင့် လမ်းဖေါက်လုပ်ရေးများ အပါအဝင် ပရိုဂျက် ၁၂ ခု ပါဝင်သည်ဟု သိရသည်။

 

အိန္ဒိယ မှ ကော်ရိုနာ ဗိုင်းရပ်စ် အတွက် ကူးစက်မှု လျော့ကျရေး၊ ကာကွယ်ဆေး ထုတ်လုပ်မှု၊ ဖြန့်ဖြူးနိုင်မှု၊ နည်းပညာနှင့် ဆေးဝါး ပစ္စည်းများ အပါအဝင် စွမ်းဆောင်ရည် တည်ဆောက်နိုင်မှု များ ဆွေးနွေးကြမည် ဖြစ်သည်။

 

ထိုင်း-မြန်မာ-အိန္ဒိယ အဝေးပြေး လမ်းမ ဖေါက်လုပ်ရေးများလည်း ပါဝင်သည်။

 

အိန္ဒိယ - -မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးသည် ပမာဏ အားဖြင့် ဒေါ်လာ ၁.၅ ဘီလီယံ ရှိနေသည်။

 

လောလောဆယ်တွင် အိန္ဒိယ နှင့် တရုတ် ဆက်ဆံရေးသည် နယ်ခြား တင်းမာမှုများကြောင့် အနိမ့်ဆုံး အဆင့်သို့ ရောက်ရှိနေချိန် ဖြစ်ပြီး ကော်ရိုနာ ဗိုင်းရပ်စ်ကြောင့် ခရီးစဉ်များ ကန့်သတ်ထားချိန် လည်း ဖြစ်နေချိန်တွင် အိန္ဒိယ ၏ မြန်မာ ခရီးစဉ်သည် အဓိပ္ပါယ် အပြည့်အဝ ရှိနေကြောင်း အိန္ဒိယ သတင်းစာများက ဖေါ်ပြနေကြသည်။

 

မြန်မာသည်လည်း တရုတ်မှ လက်နက်များ နိုင်ငံတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထံ အမြဲလို ဝင်ရောက်လာနေမှု အပေါ် စိတ်အနှောက်အယှက် ဖြစ်နေခဲ့သည်။ ပြီးခဲ့သည့် လ အနည်းငယ်က ထိုင်း စစ်တပ်မှ မြန်မာနိုင်ငံအတွင်း ခိုးသွင်းရန် ရှိနေသော တရုတ်လက်နက် အမြောက်အမြားကို သိမ်းဆည်း ရမိသွားခဲ့သည်။

 

ဗိုလ်ချုပ်ကြီး နာရာဗာနီသည် အိန္ဒိယ၊ တရုတ် နှင့် မြန်မာ နယ်ခြားမျဉ်း ဆုံရာ ဒစ်ဖူး တောင်ကြား အရပ် လုံခြုံရေး ဆိုင်ရာ များကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။ ထိုအရပ်တွင် ၁၉၆၀ ၌ မြန်မာ နှင့် တရုတ် တို့က နယ်ခြားမျဉ်း ‌ရေးဆွဲခဲ့သော်လည်း အိန္ဒိယ မှ အသိအမှတ်ပြုထားခြင်း မရှိသေးကြောင်း သိရသည်။

 

အဆင်မြင့် အိန္ဒိယ ကိုယ်စားလှယ် အဖွဲ့သည် မြန်မာ သို့ ရွေးကောက်ပွဲ မတိုင်မီ နောက်ဆုံး ရောက်ရှိလာမည့် နိုင်ငံခြား ဧည်သည်တော်များလည်း ဖြစ်ပေသည်။

 

ကိုးကား - The Times of India / The Hinunistan Times / The Indian Express / India Today / Decand Herald