နယူး‌ယောက်တိုင်း ၏ အညာ တော်လှန်ဒေသ ခရီးစဉ်

by Hla Soewai - Jun 29 2026

နယူးယောက် တိုင်း သတင်းစာ မှ ဟာနာ ဘိခ်ျ နှင့် ဓါတ်ပုံ သတင်းထောက် ဒန်ယယ်လ် ဘရူးလက်ခ် တို့ မှ နေ့စဉ်လို ဗုံးကြဲ တိုက်ခိုက်ခံနေရသည့် အညာဒေသ သို့ သေနတ် သံ ဗုံးသံများ ကြားမှ စွန့်စွန့်စားစား ခရီး နှင်ကာ သတင်းရယူခဲ့ပုံကို ဓါတ်ပုံများ ဝေဝေဆာဆာ နှင့် ဆောင်းပါးရှည်ကြီး တပုဒ် ကို ဖွင့်ချ ရေးသားလာခဲ့သည်ကို ယနေ့ထုတ် နယူးယောက် တိုင်း သတင်းစာကြီးတွင် The War Forgotten by the World Is an Apocalypse Now ယခုအခါ ကပ်ဘေးဆိုက်နေပြီဖြစ်သော ကမ္ဘာကြီး၏ အမေ့လျော့ခံ စစ်ပွဲ ဟူသော ခေါင်းစဉ် ဖြင့် ဝေဝေဆာဆာ ပါရှိလာခဲ့ပြီ ဖြစ်သည်။

 

နယ်စပ်ဒေသများသို့သာ နိုင်ငံခြား သတင်းထောက်များ ရောက်လာလေ့ရှိသော်လည်း ဟာနာ ဘိခ်ျ သည် အညာဒေသ သို့ စွန့်စွန့်စားစား ဝင်ရောက်လာခဲ့သော ထိတ်တန်း သတင်းစာကြီး၏ ပထမဦးဆုံး သတင်းထောက်ပင် ဖြစ်သည်။

 

စစ်ဗိုလ်ချုပ်များ နိုင်ငံကို စစ်အာဏာရှင်စနစ်သို့ အပြည့်အဝသို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး၊ အပိုင်းပိုင်းကွဲထွက်စေကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို မီးမွှေးပေးနေချိန်လည်း ဖြစ်သည်။

 

အီရန်၊ ယူကရိန်း၊ လက်ဘနွန်နှင့် အခြားသော ကမ္ဘာ့ပဋိပက္ခများအပေါ် အာရုံစိုက်မှုများအောက်တွင် မေ့လျော့ ခံ‌ နေရသည့် လူဦးရေသန်း ၅၀ ခန့်ရှိသော မြန်မာနိုင်ငံသည် တိတ်တဆိတ် ပြိုလဲပျက်စီးသွားခဲ့ပြီဖြစ်သည်။

 

ဟာနာ ဘိခ်ျ က မြန်မာ အား အမေ့လျော့ခံဟူသော အသုံးအနှုံးသည် လုံးလုံးလျားလျား မမှန်ဟု ဆိုရမည် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော ဆယ်တစ်နိုင်ငံ ပါဝင်‌ သော အာဆီယံ အဖွဲ့ကြီးက မြန်မာ ကို မမေ့မလျော့ပဲ ရှိနေကြခြင်းကြောင့်ပင် ဖြစ်သည်။

 

သို့သော် ၎င်းတို့သည် တတိုင်းပြည်လုံးက ဖြစ်နိုင်လျှင် မျက် နှာပင် မကြည့်ချင် အောင် ရွံရှာ မုန်းတီးနေသော စစ်ဗိုလ်ချုပ်များကို မည်သို့ မည်ပုံ ပြန်လည် ဆက်ဆံနိုင်မည်နည်း ဆိုသည်ကို အကြိတ်အနယ် ငြင်းခုံ ဆွေးနေးလျက်ရှိနေသည်။

 

မနေ့ကပင် မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန် က ပါလီမန်တွင် ရှင်းလင်းတင်ပြရာတွင် "ယခင် လူများ ထက် ယခု လူများသည် ကျွန်တော်တို့ တင်ပြချက် ‌တွေကို ပို၍ လက်ခံမည့် အရိပ်အယောင် များ ပြသလာနေသည်" ဟု ဆိုသည်။ ဟာဆန်သည် တိုက်ပုံဝတ် မင်းအောင်လှိုင် နှင့် ယူနီဖောင်းဝတ် မင်းအောင်လှိုင်ကို လူတဦး တည်း အဖြစ် မမြင်နိုင်လောက်အောင် ဖြစ်လာသည်။

 

၎င်းတို့ အနေဖြင့် အရှင်းလင်းဆုံး ပြောထားရမည့် အချက်က လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မပေးမချင်း၊ သို့မဟုတ်ကလည်း လူထု ကျေနပ်အောင် တခုခု လုပ်မပေးမချင်း မည်သို့မျှ ပြန်လည် ဆက်ဆံဖို့ စကား စ မလာ ဖို့သာ ဖြစ်သည်။

 

ထိုသို့ အရင်းခံ အကြောင်းတရား ကို မဖြေရှင်းဘဲ ဘူးလုံးနားမထွင်း ဖြစ်နေကြခြင်းပင်။

 

အာဆီယံခေါင်းဆောင်များက အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများအား ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြန်မာနှင့် ပူးပေါင်းလုပ်ဆောင်နိုင်မည့် နည်းလမ်းများကို ရှာဖွေရန် ညွှန်ကြားထားပြီး၊ ယင်းတွင် ငြိမ်းချမ်းရေးအစီအစဉ်၏ စည်းကမ်းချက်များကို ပြင်ဆင်ပြောင်းလဲနိုင်ခြေများလည်း ပါဝင်သည်ဟု အရိပ်အမြွက် ပြောသွားပြန်သည်။

 

မြန်မာ သို့ ရောက်သွားခြင်းသည် လည်း ၎င်းတို့ကို အသိအမှတ် ပြုခြင်း မဟုတ်ဘဲ ဆက်သွယ်ရေး လမ်း ကြောင်း ဖွင့် နိုင်ယုံ သက်သက် သာ ဖြစ်သည်ဟု ပြောပြန်သည်။

 

၎င်းတို့ တောင်းဆိုထားသည့် အချက် ငါးချက်ကို တချက်မျှ လိုက်‌ လျော ခြင်း မရှိဖြစ်‌ နေသည်ကို မည်သို့မည်ပုံ သိက္ခာပြန်ဆယ်ရမည့် အရေးအတွက် ခေါင်းခြောက် နေကြခြင်း ဖြစ်သည်

 

မင်းအောင်လှိုင်၏ တရုတ်ပြည် ခရီးစဉ် အပြီးတွင်တော့ အာဆီယံသည် "ခွေးကို ရိုက်ချင်လျှင်ပင် ခွေးရှင် မျက်နှာ ကြည့်ရသေးသည်" သဘောထား စွဲကိုင်လာပုံ ရသည်။

 

အင်ဒိုနီရှား နှင့် မလေးရှား နိုင်ငံ တို့သည် ရိုဟင်ဂျာ အရေးကို ဒီအတိုင်း ပစ်ထား၍ မရဟု ဆိုကာ ဖင်တကြွ ကြွ ဖြစ်နေရခြင်းပင် ဖြစ်သည်။

 

သူတို့အကြောင်း ခဏ ထား၍ နယူး ယောက် တိုင်း ဆောင်းပါး အကြောင်း ဆက်ပါဦးမည်။ ထိုဒေသများသည် မြန်မာစစ်တပ်၏ မကြာခဏ တိုက်ခိုက်မှုများကို ခံနေရသော်လည်း အခြားနိုင်ငံများနှင့် ဆက်သွယ်ထားသော ကုန်စည်စီးဆင်းမှု လမ်းကြောင်းများလည်း ရှိနေသည်။ လက်နက်ခဲယမ်းများ၊ ထောက်လှမ်းရေးသတင်းအချက်အလက်များ—နှင့် တခါတရံတွင် သတင်းထောက်များပင် ဝင်ရောက်နိုင်ကြပြီ ဖြစ်သည်ဟု ဆိုသည်။

 

အညာဒေသ နှင့် ပတ်သက်၍ စစ်တပ်၏ ဒေါသကို အပြင်းအထန်ဆုံး ခံစားနေရသော်လည်း အကူအညီမဲ့ သီးသန့်ဖြစ်ကျန်ရစ်နေသည်။ ထိုဒေသသည် နိုင်ငံ၏ လူဦးရေအများစုဖြစ်သော ဗမာတိုင်းရင်းသားတို့၏ နေရပ်ဖြစ်ပြီး၊ ဗမာလူမျိုးအများစုဖြင့် ဖွဲ့စည်းထားသည့် စစ်တပ်အတွက် သမိုင်းကြောင်းအရ အားပေးထောက်ခံမှု၏ အဓိကအရင်းအမြစ်လည်း ဖြစ်ခဲ့သည်။ သို့သော် နိုင်ငံကို ပိုမိုဆိုးရွားသော ခေတ်ကာလတခုသို့ ပြန်လည်ဆွဲခေါ်သွားခဲ့သည့် အာဏာသိမ်းမှုကြောင့် အညာဒေသရှိ လူအများစုမှာ စစ်တပ်အား ပြန်လည်ဆန့်ကျင်လာကြသည်။ ဤသို့ "သစ္စာဖောက်သည်" ဟု ယူဆခံရခြင်း၏ အကျိုးဆက်ကို အလူး အလိမ့် ခံစားနေကြရသည်ဟု ဆိုသည်။ အညာ သည် ကမ္ဘာပေါ်တွင် ပါလက်စတိုင်း ဒေသ မှ လွဲလျှင် အဆိုးရွားဆုံး ခံစားနေရသည်ဟုလည်း ရေးသားထားသည်။

 

“ဒီတခါမှာတော့ ဗမာတွေကပါ သူတို့ကို ပြန်ဆန့်ကျင်နေတယ်ဆိုတာကို စစ်တပ်က လက်မခံနိုင်ဘူး” ဟု လမ်းပြ လုပ်ခဲ့သူ ဒေါက်တာ လုံးလုံးက ပြောသည်။ “ဒါကြောင့်မို့လို့ သူတို့က ကျွန်တော်တို့အပေါ်မှာ အဆိုးရွားဆုံး ရက်စက်ပြ နေကြတာပဲ။”

 

ယခင်က ကြေးနီတူးဖော်ရေးလုပ်ငန်းတွင် လုပ်ကိုင်ခဲ့ဖူးသူ အညာဒေသမှ ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသူရိန်က အညာဒေသရှိ တပ်ဖွဲ့များကို အနည်းငယ်မျှသာ စုစည်းနိုင်‌ သေးသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် သူ့တပ်ဖွဲ့ဝင် အင်အား ၈၀ အတွက် သေနတ် ၅ လက်သာ ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ပြောကြားသည်။ (တပ်ဖွဲ့ဝင်များမှာ ၎င်းတို့၏ ကိုယ်ပိုင်ငွေဖြင့် နောက်ထပ် သေနတ် ၁၀ လက်ကို ကြိုးစားရှာဖွေစုဆောင်းထားနိုင်ခဲ့သည်။) ၎င်း၏ တပ်ဖွဲ့ဝင်များသည် သတ္တုအပိုင်းအစများကို အသုံးပြု၍ မော်တာပစ်လောင်ချာများကို တီထွင်ဖန်တီးထားကြသော်လည်း၊ ပစ်ခတ်ရန်အတွက် မော်တာဗုံးသီးများမှာ လုံးဝမရှိပေ။

 

စစ်အုပ်စု ဖက်က အရပ်သားများ ကို ဗုံးကြဲ သတ်ဖြတ်နေသည် ဆိုသည်မှာ ဝါဒ ဖြန့်ချီရေး သက်သက် ဖြစ်သည်ဟု လိမ်ညာ ပြောနေသော်လည်း နယူးယောက်တိုင်း သတင်းစာက မျက်မြင်ကိုယ်တွေ့ ထုတ်ဖေါ်ရေးသား နိုင်ခဲ့ပြီ ဖြစ်သည်။

 

ဟာနာဘိခ်ျ နှင့် ကင်မရာမန်း တို့က ပုံမှန်အားဖြင့် တနေရာ မှ တနေရာသို့ သုံးနာရီကြာ သွားရသည့် ခရီးကို ညအမှောင်ကို အကာအကွယ်ယူကာ ရုပ်ဖျက်ပြီး သုံးည တိုင်အောင် ခရီးနှင်ခဲ့ရသည်ဟုလည်း ဆိုသည်။ယုံကြည်စိတ်ချ၍ ရသည့် ဖုန်းလိုင်းများ မရှိသလို၊ အင်တာနက်လိုင်းများလည်း မရရှိဘဲ ပြင်ပကမ္ဘာနှင့် အဆက်အသွယ် လုံးဝမရှိသလောက်ပင် ဖြစ်သည်။

 

ဗုံးများ နှင့် လက်နက်ကြီးများ နှင့်ပင် တိုက်ခိုက်ယုံမျှ နှင့် အားမရသေး၊ ပတ်ပတ်လည် တွင် မိုင်းများပင် ထောင်သွားခဲ့ကြသေးသည်ဟု သူမ၏ ဆောင်းပါးရှည်ကြီး တွင် ရေးသားထားပေသည်။

 

မြန်မာ ပြည်သူများ၏ အနာဂတ် သည်က ဂျော့ခ်ျ အော်ဝဲလ် ၏ "၁၉၈၄" တွင် ရေးသားထားသလို "အကယ်၍ သင်၏ အနာဂတ် ရုပ်ပုံလွှာကို ပုံ ဖော်ကြည့်ချင်သည်ဆိုက၊ လူ့မျက်နှာပေါ်သို့ နင်းချေနေသည့် စစ်ဖိနပ်တဖက်ကိုသာ စိတ်ကူးကြည့်ပါ။ ယင်းသည် ထာဝရ တလျှောက်လုံးအတွက် ဖြစ်သည်။" ဟူသော စကား အတိုင်း ရင်ဆိုင်နေကြရချိန်လည်း ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!