လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရုံသက်သက်ဖြင့် စစ်ပွဲတပွဲ သည် အောင်နိုင်ရရိုး လော

by Hla Soewai - Jun 29 2026

အထက်ပါ ခေါင်းစဉ် ဖြင့် ၂၀၂၆ ဇွန်လ ၂၃ ရက်နေ့ထုတ် ကမ္ဘာကျော် အတ္တလန်တစ် မဂ္ဂဇင်းကြီးက မေးခွန်းထုတ်လိုက်သည်။

 

ဖေဖော်ဝါရီလအတွင်းက အမေရိကန်နှင့် အစ္စရေးတို့ အီရန်အပေါ် စစ်ပွဲစတင်ဆင်နွှဲခဲ့စဉ်က ၎င်းတို့၏ အကြံအစည်က ရိုးရှင်းလှ ပေသည်။ အီရန်ပြည်သူလူထု ထကြွပုန်ကန်ပြီး အစိုးရကို ဖြုတ်ချသည်အထိ ဖြစ်စေ၊ သို့မဟုတ်ပါကလည်း လက်ရှိအစိုးရက အမေရိကန်၏ တောင်းဆိုချက်များကို အရှုံးပေး အလျော့ပေးလာသည်အထိ ဖြစ်စေ အီရန်နိုင်ငံကို ဗုံးကြဲတိုက်ခိုက်ရန် ဖြစ်သည်။ 

 

သို့သော် ထိုနှစ်ခုစလုံး ဖြစ်လာမည်မဟုတ်ကြောင်းကို မကြာမီမှာပင် ထင်ရှားလာခဲ့သည်။ အီရန်ပြည်သူများသည် ၎င်းတို့ကို ဖိနှိပ်ထားသော အစိုးရအပေါ် တော်လှန်ပုန်ကန်ခြင်း မပြုခဲ့ကြပေ။ အီရန်အစိုးရသည်လည်း ကျားကုတ် ကျားခဲ ခုခံကာ ရေလက်ကြားကို ပိတ်ပစ်ခဲ့ပြီး၊ အမေရိကန်အနေဖြင့် မိမိတို့နိုင်ငံကို ကျူးကျော်ဝင်ရောက်ရန် သို့မဟုတ် အရေးပါသော အခြေခံအဆောက်အအုံများကို တိုက်ခိုက်ရန် လက်တွန့်လိမ့်မည်ဟု လောင်းကြေးထပ် တွက်ဆ ခဲ့ကြသည်

 

ထို့ကြောင့် အမေရိကန် စစ်ဗျူဟာရေးဆွဲသူများသည် ကြုံတွေ့နေကျ ဖြစ်သည့် အမှားတခုကို ကျူးလွန်ခဲ့ကြပုံရသည်—၎င်းမှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရုံသက်သက်ဖြင့် စစ်ပွဲတစ်ခုကို အနိုင်ရရှိနိုင်သည်ဟု ယူဆခဲ့ခြင်း ဖြစ်သည်။

 

ပထမကမ္ဘာစစ်အပြီးတွင် အမေရိကန်၊ အီတလီနှင့် ဗြိတိန်နိုင်ငံတို့မှ စစ်ဘက်ဆိုင်ရာ သီအိုရီသမားများသည် လေကြောင်းအင်အား ဖြင့်သာ ကြည်းတပ်နှင့် ရေတပ်တို့၏ လိုအပ်ချက်ကို လျှော့ချနိုင်သည် သို့မဟုတ် လုံးဝပယ်ဖျက်နိုင်သည်ဟူသော အယူအဆဘက်သို့ စုပြုံ ရပ်တည်ခဲ့ကြသည်။ ၎င်းတို့၏ အဓိကအဆိုပြုချက်မှာ စစ်ပွဲများကို ဗုံးကြဲလေယာဉ်များနှင့် တိုက်ခိုက်ယုံ သက်သက်ဖြင့်သာ လုံးဝနီးပါး အနိုင်တိုက်နိုင်သည်ဟူ၍ ဖြစ်သည်။

 

အီတလီဗိုလ်ချုပ် ဂျူလီယို ဒူးဟေး က သူ၏ ၁၉၂၁ ခုနှစ်ထုတ် “Il dominio dell’aria” ဟူသော စာအုပ်တွင် လေကြောင်းစိုးမိုးမှုကို ဦးစွာရရှိသည့် မည်သည့်နိုင်ငံမဆို ရန်သူ့မြို့ပြများကို ပြာကျအောင် ဗုံးကြဲနိုင်မည်ဖြစ်ပြီး၊ ထိုနည်းဖြင့် ရန်သူကို အညံခံလာအောင် ဖိအားပေးနိုင်လိမ့်မည်ဟု ဆင်ခြေပေး တင်ပြခဲ့သည်။ 

 

ပထမကမ္ဘာစစ်အတွင်း ဗျူဟာမြောက် ဗုံးကြဲတိုက်ခိုက်မှု သီအိုရီကို ရှေ့ဆောင်လမ်းပြခဲ့ပြီး ဗြိတိန်တော်ဝင်လေတပ်၏ ဖခင်ကြီးဟု ခေါ်ဆိုကြသည့် မာရှယ် ဟျူး ထရန့်ချတ် ကလည်း လေကြောင်းအင်အားသည် ကြည်းတပ်များအတွက် စစ်ကူပေးရုံသက်သက်မဟုတ်ဘဲ ရန်သူ၏ တိုက်ခိုက်လိုစိတ်ကိုပါ ရိုက်ချိုးဖျက်ဆီးပစ်နိုင်သည်ဟု ယူဆခဲ့သည်။

 

 ဗျူဟာမြောက် ဗုံးကြဲတိုက်ခိုက်မှုကို အားပေးထောက်ခံသူ အမေရိကန်ဗိုလ်ချုပ် ကာတစ် လီမေး ကမူ လွှမ်းမိုးချုပ်ကိုင်နိုင်သည့် ပြင်းထန်သော စုစည်းအင်အားကို အသုံးပြုခြင်းသည် စစ်ပွဲတစ်ခုတွင် အနိုင်ရရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ၎င်းက ရန်သူကို တဖြည်းဖြည်းချင်း အရှိန်မြှင့်တိုက်ခိုက်မည့်အစား မြို့ပြဗဟိုချက်များကို မီးလောင်ဗုံးများသုံး၍ ချက်ချင်းလက်ငင်း ပြင်းထန်ပြတ်သားစွာ အပြတ်ချေမှုန်းသည့် နည်းလမ်းကို ပိုမိုနှစ်သက်သဘောကျခဲ့သည်။

 

ဗုံးကြဲတိုက်ခိုက်မှုဖြင့် အလုံးစုံစစ်ပွဲ ဆင်နွှဲရေးဟူသော ထို သီအိုရီများကို ဒုတိယကမ္ဘာစစ်နှင့် ၎င်း၏နောက်ပိုင်းကာလများတွင် လက်တွေ့စမ်းသပ်ခဲ့ကြရာတွင် အရှက်တကွဲ ဆိုးဆိုးရွားရွား ကျရှုံးခဲ့ရမှု နှင့်သာ ရင်ဆိုင်ခဲ့ကြရသည်။ 

 

ဂျာမနီက လန်ဒန်မြို့အပေါ် ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း ဗြိတိန်ပြည်သူများကို အညံခံလာအောင် မလုပ်နိုင်ခဲ့ပေ။ မဟာမိတ်တပ်ဖွဲ့များက ဂျာမနီနိုင်ငံကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းသည်လည်း နာဇီတို့၏ တိုက်ခိုက်လိုစိတ်ကို ရိုက်ချိုးမပစ်နိုင်ခဲ့ပြန်—နောက်ဆုံးတွင် ဂျာမနီတို့ ပြိုလဲပျက်စီးသွားရခြင်းမှာ ဆိုဗီယက် တပ်နီ တော်၏ ဖမ်းဆီးခြင်းကို ခံရမည် အရေး ကြောက်ရွံ့လာမှု နှင့် အတူ အမေရိကန်တပ်ဖွဲ့များထံ လက်နက်ချမည်ဆိုက သက်သာရာ သက်သာကြောင်း ဖြစ်လာနိုင်သည်ဆိုသော အယူအဆ ကြောင့်ပင် ဖြစ်သည်။

 

ဂျပန်၏ ဖြစ်ရပ်တွင်မူ ရေကြောင်းပိတ်ဆို့မှုနှင့် မြို့ပြများကို မီးလောင်ဗုံးများဖြင့် တိုက်ခိုက်မှုတို့ ပေါင်းစပ်လာခဲ့သည်။ အကယ်၍ စစ်ပွဲသည် ၁၉၄၆ ခုနှစ်အထိသာ ဆက်လက်ရှည်ကြာသွားပါက ဂျပန်ပြည်သူ သန်းပေါင်းများစွာ သေဆုံးမည့်အရေးနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ သို့သော်လည်း ဟီရိုရှီးမားနှင့် နာဂါဆာကီတို့အပေါ် အနုမြူဗုံးကြဲချမှု၊ ၎င်းအပြင် ဆိုဗီယက်တို့၏ မန်ချူးရီးယားကျူးကျော်မှုတို့ ဖြစ်ပွားပြီးသည့် နောက်ပိုင်းကျမှသာ ဂျပန်နိုင်ငံသည် ခြွင်းချက်မရှိ လက်နက်ချ အညံခံမှုကို သာ ရွေးချယ်ခဲ့တော့သည်။

 

ဗီယက်နမ်စစ်ပွဲတွင်လည်း ဗျူဟာမြောက် ဗုံးကြဲတိုက်ခိုက်မှုသည် ကျရှုံးခဲ့ရပြန်သည်။ ထိုစစ်ပွဲအတွင်း အမေရိကန်သည် ဗုံးတန်ချိန် စုစုပေါင်း ၇.၆ သန်းခန့် ကြဲချခဲ့ပြီး၊ ၎င်းပမာဏသည် ဒုတိယကမ္ဘာစစ်အတွင်း ဥရောပနှင့် ပစိဖိတ် စစ်မျက်နှာများတလျှောက် အမေရိကန်စစ်တပ်က ကြဲချခဲ့သည့် ဗုံးတန်ချိန် ၂.၇ သန်းခန့်နှင့် နှိုင်းယှဉ်ပါက များစွာသာလွန်နေသည်။ 

 

၁၉၇၂ ခုနှစ်၏ “ခရစ္စမတ် ဗုံးကြဲမှုများ” သည်ပင် မြောက်ဗီယက်နမ်နိုင်ငံကို စည်းရုံးသိမ်းသွင်းရန် မလုံလောက်ခဲ့ပေ။ အမှန်စင်စစ် ၁၉၇၃ ခုနှစ် ပါရီငြိမ်းချမ်းရေးသဘောတူစာချုပ်သည် အမေရိကန်တို့ စစ်ပွဲကြောင့် အလွန်အမင်း နွမ်းနယ်ပန်းလျလာရခြင်း၏ ရလဒ် ကြောင့်သာ ထွက်ပေါ်လာခဲ့ရခြင်း ဖြစ်သည်။ ထိုသဘောတူစာချုပ်သည် ၁၉၇၄-၇၅ ခုနှစ်များတွင် မြောက်ဗီယက်နမ်က တောင်ဗီယက်နမ်ကို သိမ်းပိုက်အောင်နိုင်ရေးအတွက် လမ်းခင်းပေးခဲ့သည်။

 

၁၉၉၀ ပြည့်လွန်နှစ်များတွင် တိကျသေချာလွန်းသော “အတိအကျ” အစုလိုက်အပြုံလိုက် ဗုံးကြဲတိုက်ခိုက်မှုနည်းပညာ (mass precision bombing) ပေါ်ထွန်းလာခြင်းကြောင့် စစ်ပွဲ၏ စည်းမျဉ်းများ ပြောင်းလဲသွားပြီဖြစ်ကြောင်းနှင့် နောက်ဆုံးတွင် လေကြောင်းအင်အားသက်သက်ဖြင့်တင် လုံလောက်သွားပြီဖြစ်ကြောင်း အချို့သော လေ့လာဆန်းစစ်သူများကို ကောက်ချက်ချလာကြပြန်သည်။ 

 

သို့သော် လေကြောင်းဗုံးကြဲမှုဖြင့် အနိုင်ရခဲ့သည်ဆိုသော နမူနာဖြစ်ရပ်များသည် အပြင်ပန်း မြင်ရသကဲ့သို့ မဟုတ်။ ပထမ ပင်လယ်ကွေ့စစ်ပွဲသည် နာရီ ၁၀၀ ကြာ မြန်ဆန်ပြင်းထန်သော အမေရိကန်ကြည်းတပ်၏ ကူဝိတ်နိုင်ငံတွင်း ထိုးစစ်ဆင်မှု ပြီးဆုံးသွားသည့်နောက်ပိုင်းကျမှသာ နိဂုံးချုပ်ခဲ့သည်။

 

 ၁၉၉၉ ခုနှစ် ဆားဘီးယားနိုင်ငံတွင် စလိုဘိုဒန် မီလိုဆီဗစ် က နေတိုး အဖွဲ့၏ တညီတညွတ်တည်းတောင်းဆိုချက်များကို အညံခံလိုက်ရခြင်းမှာ ၎င်း၏အာဏာစက် ဆက်လက်ရှင်သန်ရေးအတွက် စိုးရိမ်မှုနှင့် ကြည်းတပ်ဖြင့် အမှန်တကယ် ကျူးကျော်ဝင်ရောက်လာနိုင်သည့် ခြိမ်းခြောက်မှုတို့ကြောင့် ဖြစ်သည်။ 

 

အာဖဂန်နစ္စတန်ရှိ လေကြောင်းစစ်ဆင်ရေး အောင်မြင်ခဲ့ရခြင်းမှာလည်း အမေရိကန်အတွက် မြေပြင်တွင် နယ်မြေများရရှိရန်နှင့် ထိန်းချုပ်ရန် တိုက်ပွဲဝင်ပေးမည့် “မြောက်ပိုင်းမဟာမိတ်အဖွဲ့” ကဲ့သို့သော မဟာမိတ်များ ရှိနေခဲ့သောကြောင့် ဖြစ်သည်။ ဖြစ်ရပ်တိုင်းတွင် မြေပြင်ပေါ်၌ တပ်ဖွဲ့ဝင်များ ရှိနေခဲ့ခြင်း သို့မဟုတ် ကြည်းတပ်ဖြင့် တိုက်ခိုက်လာနိုင်သည့် ယုံကြည်စိတ်ချရသော ခြိမ်းခြောက်မှုမျိုး ရှိနေခဲ့ခြင်းကြောင့်သာ ဖြစ်သည်။

 

အမေရိကန် လေကြောင်းစစ်ဆင်ရေးများ၏ စိတ်ဓာတ်ရေးရာဆိုင်ရာ သက်ရောက်မှုများ၊ ၎င်းတို့၏ စွမ်းဆောင်ရည်နှင့် အကန့်အသတ်များနှင့် ပတ်သက်၍ ၁၉၉၆ ခုနှစ်တွင် ရန်းဒ်ကော်ပိုရေးရှင်း (RAND Corporation) က ပြုလုပ်ခဲ့သော လေ့လာမှုတရပ်၌ — အခြားသော တွန်းအားပေးသည့် အချက်အလက်များ ရှိမနေပါက လေကြောင်းအင်အားသက်သက်ဖြင့် ရန်သူကို မိမိတို့ အလိုကျ အခြေအနေများ ပေါ်ထွက် လာအောင် ဖိအားပေးနိုင်ခြေ မရှိကြောင်း ခေါင်းဆောင်များကို သတိပေးထားခဲ့သည်။

 

 မိမိတို့သည် စစ်မြေပြင်တွင် ရှုံးနိမ့်တော့မည်ဟူသော ရန်သူ၏ ယုံကြည်ချက်၊ ဆက်လက်တိုက်ခိုက်နေသော်လည်း မိမိတို့၏ အခြေအနေ တိုးတက်ကောင်းမွန်လာမည် မဟုတ်ဟူသော အချက်၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပျက်စီးဆုံးရှုံးရမည့် အခြေအနေသည် အလျော့ပေး လိုက်လျောရခြင်းထက် ပိုမိုဆိုးရွားနိုင်ခြေရှိသည်ဟူသော အချက်၊ နှင့် ခုခံကာကွယ်ရန် သို့မဟုတ် ထိရောက်သော တန်ပြန်ထိုးစစ် ဆင်နွှဲရန် မျှော်လင့်ချက် လုံးဝမရှိတော့ခြင်း စသည့် အချက်များ ကြောင့်သာ ထွက်ပေါ်လာနိုင်စရာ ရှိသည်။

 

အီရန်ကို တိုက်ခိုက်မည့် အမေရိကန်၏ အစီအစဉ်သည် စကတည်းက ကျရှုံးရန် သေချာနေခဲ့ပြီး ဖြစ်သည်၊ အကြောင်းမှာ လေကြောင်းစစ်ဆင်ရေးကို အောင်မြင်စေနိုင်မည့် ပြင်ပတွန်းအားပေးချက် တခုတ‌ လေ မျှ မပါဘဲ လေကြောင်းအင်အားတခုတည်းအပေါ်၌သာ မှီခိုအားထားခဲ့သောကြောင့် ဖြစ်သည်။

 

 အီရန်အစိုးရကို ဖြုတ်ချရန်အတွက် အစုလိုက်အပြုံလိုက် ကြည်းတပ်ဖြင့် ကျူးကျော်ဝင်ရောက်လာနိုင်သည်ဟူသော ယုံကြည် လောက်ဖွယ် ခြိမ်းခြောက်မှုမျိုး မြေပြင်တွင် မရှိခဲ့ပေ။ ထို့ကြောင့် အမေရိကန် တို့အဖို့ ပြည်တွင်းတော်လှန်ပုန်ကန်မှု ဖြစ်လာလျှင်ဖြစ်၊ မဖြစ်လာပါက ဘာမှလုပ်၍မရသည့် အခြေအနေမျိုးသာ ကျန်တော့သည်။

 

ထို့ပြင် အမေရိကန်နိုင်ငံအနေဖြင့်လည်း — လက်နက်ချအညံခံလိုက်ခြင်းက ဆက်လက်ခုခံနေခြင်းထက် ဆုံးရှုံးမှုပိုနည်းနိုင်သည်ဟု အီရန်တို့ တွက်ဆလာစေလောက်မည့် — အစုလိုက်အပြုံလိုက် အသေအပျောက်နှင့် ဆင်းရဲဒုက္ခမျိုးကို ဖြစ်ပေါ်အောင် လုပ်ဆောင်ရန် ဝန်လေးခဲ့သည်။ 

 

အမေရိကန်အစိုးရသည် ရေပေးဝေရေးစက်ရုံများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် မြေပြင်ဆက်သွယ်ရေးလမ်းကြောင်းများ (တံတားများနှင့် ရထားလမ်းများ) ကဲ့သို့သော အရေးပါသည့် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ယေဘုယျအားဖြင့် ရှောင်ကြဉ်ခဲ့သည်။ ထို့အပြင် အီရန်၏ အခြေခံအဆောက်အအုံ အများစုကို အမြဲတမ်း ပျက်စီးသွားစေရန်အတွက် နျူကလီးယား လျှပ်စစ်သံလိုက်လှိုင်းတုန်ခါမှု (nuclear electromagnetic-pulse) လက်နက်မျိုး ဖောက်ခွဲပစ်ခြင်းကဲ့သို့သော ပြင်းထန်လွန်းသည့် အစွန်းရောက်နည်းလမ်းမျိုးကို အသုံးပြုရန်လည်း ဆန္ဒမရှိခဲ့ပေ။

 

ဆားဘီးယား သို့မဟုတ် အာဖဂန်နစ္စတန်တို့နှင့် မတူသည်မှာ၊ အီရန်တွင် ပြန်လည်တိုက်ခိုက်နိုင်စွမ်းနှင့် အမေရိကန်နိုင်ငံကို အထိနာအောင် အကြီးအကျယ် တုံ့ပြန်နိုင်စွမ်း ရှိနေခြင်း ဖြစ်သည်။ စစ်ပွဲ၏ ရလဒ်သည် ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုကို မည်သူက ပိုမိုကြံ့ကြံ့ခံနိုင်မည်နည်း ဆိုသည့် အချက်ပေါ်တွင်သာ အဆုံးအဖြတ်ပေးမည် ဖြစ်ကြောင်းကို အီရန်တို့သည် အစကတည်းက အပြည့်အဝ သဘောပေါက်ထားခဲ့ကြသည်။ အီရန်အစိုးရတွင် (၎င်းတို့ဘက်က) အောင်နိုင်မည့် ခိုင်လုံသော ဗျူဟာအမြင် အမြဲရှိခဲ့ပြီး၊ ပဋိပက္ခတစ်ခုလုံးတစ်လျှောက် ထိုဗျူဟာအတိုင်း ယုတ္တိရှိရှိနှင့် တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ကြသည်။

 

အမေရိကန် စစ်ဘက် ထိပ်တန်းခေါင်းဆောင်များသည် စစ်ပွဲဆင်နွှဲခြင်းနှင့် ပတ်သက်၍ ဘက်စုံထောင့်စုံမှ ဆယ်စုနှစ်ပေါင်းများစွာ လေ့လာခဲ့ကြသူများဖြစ်ရာ ဒေသတွင်း ပဋိပက္ခ ကာလရှည်ကြာသွားနိုင်သည့် ဖြစ်နိုင်ခြေကို ၎င်းတို့ သဘောပေါက်ထားခဲ့ကြမှာ အသေအချာပင် ဖြစ်သည်။ အမှန်စင်စစ်၊ ဗိုလ်ချုပ် ဒန် ကိန်း သည် အီရန်နိုင်ငံကို တိုက်ခိုက်ခြင်း မပြုရန် ထရမ့်အစိုးရအဖွဲ့ကို သတိပေးခဲ့ကြောင်း သတင်းများအရ သိရှိရသည်။

 

သို့သော် သမ္မတ ထရမ့်နှင့် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက် တို့သည် အလေးမထားခဲ့ကြပေ။ ဟက်ဂ်ဆက်သည် စစ်မြေပြင် အတွေ့အကြုံဟူ၍ အငယ်တန်းအရာရှိတဦး ကြုံခဲ့ရသည့် အဆင့်မျိုးသာ ရရှိခဲ့ဖူးသူ ဖြစ်သည်။ ၎င်းသည် စစ်ပွဲများကို အနိုင်ရရှိစေသည်မှာ သေချာစွာ စဉ်းစားတွေးခေါ်ထားသည့် မဟာဗျူဟာထက် နည်းပညာဆိုင်ရာ အင်အားနှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတို့သာ ဖြစ်သည်ဟု ယုံကြည်နေပုံရသည်။ 

 

စစ်မြေပြင်ရှိ ကြည်းတပ်ဗိုလ်ကြီးတဦးအတွက်မူ မိမိတပ်ဖွဲ့ဝင်များ အပစ်ခံနေရမှုကို ဖြေရှင်းရန် အိမ်တလုံးပေါ်သို့ ပေါင် ၂,၀၀၀ ရှိသော ဗုံးတစ်လုံး ကြဲချလိုက်ခြင်းဖြင့် ဖြေရှင်း နိုင်သည်ဟု မြင်နိုင်သော်လည်း၊ ဗိုလ်ချုပ်အဆင့်ရှိ စစ်ဘက်အရာရှိကြီးတဦးကမူ ထိုသို့လုပ်ဆောင်ခြင်းသည် နောက်အပတ်တွင် ရန်သူပေါင်း နောက်ထပ် ၁၀၀ ကျော်ကို တိုးပွားလာစေမည့် စွန့်စားရမှုမျိုးဖြစ်ကြောင်း သဘောပေါက်နားလည်သည်။

 

အလွဲလွဲ အချော် ချော် ဖြစ်ခဲ့ရသော အီရန် စစ်ပွဲ၏ နောက်ဆက်တွဲအကျိုးဆက်များသည် ကပ်ဘေးသင့်သကဲ့သို့ ဆိုးရွားလွန်းလှသည်။ အမေရိကန်၏ ခဲယမ်းမီးကျောက် လက်နက်တိုက်များ ပြုန်းတီးကုန်ခမ်းသွားခဲ့ရပြီး၊ ၎င်း၏ စစ်ဘက်ဆိုင်ရာ ဂုဏ်သတင်းမှာလည်း အဖတ်ဆယ်မရအောင် ပျက်စီးသွားခဲ့ရကာ၊ နိုင်ငံခြားရေးဆက်ဆံရေးများမှာလည်း ပြတ်တောက်လုနီးပါး တင်းမာသွားခဲ့ရသည်။

 

အီရန်ခေါင်းဆောင်ပိုင်းသည် သမိုင်းတစ်လျှောက် ၎င်းတို့အတွက် အကောင်းဆုံးသော မဟာဗျူဟာမြောက် အနေအထားသို့ ရောက်ရှိသွားခဲ့သည်။

 

အမေရိကန် တို့ အဖို့မူ လေကြောင်းအင်အားသက်သက်ဖြင့် စစ်ပွဲတစ်ခုကို မအောင်နိုင်ဟူသော သင်ခန်းစာဟောင်းကြီးကို ခါးခါးသီးသီးနှင့် ပြန်လည်သင်ယူလိုက်ရခြင်းပင် ဖြစ် ပေတော့သည်။