ထိုနေ့နံနက်တွင် ဗိုလ်ချုပ် ကော့တွန် နှင့် ကပ္ပတိန် အလက်ဇန္ဒား တို့သည် စေတီဖြူ ရှိရာမှ စတင်ကာ ပင်မခံတပ်ကြီးဆီသို့ ဦးတည်ပြီး တခုထက်တခု ပိုမိုခိုင်ခံ့တောင့်တင်းစွာ အစီအရီ တည်ဆောက်ထားသော ကြံ့ခိုင်လှသည့် ရင်တားခံတပ် များကို အတူတကွ သွားရောက်ကင်းထောက်ခဲ့ကြသည်။
မြို့၏ အုတ်တံတိုင်းများကို ဝန်းရံထားသည့် ပင်မခံတပ်ကြီးမှာ အမြင့် ၁၇ ပေရှိသော ကျွန်းသစ်နှင့် ဝါးလုံးများဖြင့် တည်ဆောက်ထားပြီး အုတ်တံတိုင်းနှင့် ခံတပ်ကို ရက်မတန်းများဖြင့် ချိတ်ဆက်ထားသည်။ ၎င်းခံတပ်ကြီးသည် မြစ်ကမ်းပါးတစ်လျှောက် ကိုက် ၁,၀၀၀ ခန့် ရှည်လျားပြီး ကုန်းတွင်းပိုင်းသို့ ကိုက် ၆၀၀ ခန့်အထိ ကျယ်ဝန်းကာ ပုံသဏ္ဌာန်အားဖြင့် စတုဂံ ထွက်နေသည်။
ခံတပ်ကြီး၏ ရှေ့မျက်နှာစာတွင် အကျယ် ၁၈ ပေနှင့် အနက် ၈ ပေရှိသော ကျုံးတကျုံးရှိပြီး၊ ထိုကျုံး၏ ရှေ့တွင် မြင့်မားသော ဝါးခြံစည်းရိုးတခု ရှိသည်။ ထို့နောက်တွင်မူ စူးချွန်များ စိုက်ထူထားသည့် ၁၈ ပေကျယ်သော မြေလွတ်နေရာ ရှိပြီး၊ ၎င်းနောက်တွင် နောက်ထပ် ခြံစည်းရိုးတစ်ခု၊ ဆူးပင်အတားအဆီးများ နှင့် နောက်ဆုံးခံတပ် ခြံစည်းရိုးတခုတို့ဖြင့် ဆင့်ကဲဆင့်ကဲ တည်ဆောက်ထားသည်။ အမြင့် ပေ ၄၀ ရှိသော မြစ်ကမ်းပါးယံကြီးကလည်း သဘာဝခံတပ်ကောင်းတစ်ခုသဖွယ် ဖြစ်နေပြီး ထိုခံတပ်အတားအဆီးများ၏ နောက်ကွယ်တွင် များပြားလှသော မြန်မာစစ်သည်ရဲမက်တို့ကို လှမ်းမြင်နေရသည်။
မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ကော်တွန် သည် စစ်ပြေငြိမ်းရေးအလံ (အလံဖြူ) ကို ကိုင်ဆောင်စေလျက် မဟာဗန္ဓုလထံသို့ လက်နက်ချရန် ရာဇသံပေးစာတစောင် ပေးပို့ခဲ့ပြီး ပြန်လည်အကြောင်းပြန်ရန် တနာရီ အချိန်ပေးခဲ့သည်။
မွန်းလွဲ ၃ နာရီခွဲတွင် အဆိုပါလက်နက်ချရန် သတ်မှတ်ချက်များကို ယဉ်ကျေးပျူငှာစွာ ငြင်းပယ်သည့် အကြောင်းပြန်စာ ရောက်ရှိလာခဲ့သဖြင့် ကော်တွန်က တိုက်ခိုက်ရန် အမိန့်ပေးခဲ့တော့သည်။
ကမ်းဘဲလ် သည် လွန်ခဲ့သည့် လေးရက်လုံးလုံး သာရဝေါမြို့အောက်ဘက် ကိုက် ၈၀၀ ခန့် ကျယ်ဝန်းသော မြစ်ကြီး၏ အကွေ့မှ ကော်တွန် ၏ ရေတပ်အုပ်စု ထွက်ပေါ်လာမည့် အချိန်ကို စိုးရိမ်စိတ် ကြီးစွာဖြင့် စောင့်ဆိုင်းနေခဲ့သည်။ သူသည် မတ်လ ၁ ရက်နေ့တွင် ရိက္ခာတင်လှေများပေါ်မှ ၎င်း၏ လှည်းများပေါ်သို့ ရိက္ခာများကို နောက်ဆုံးအကြိမ်အဖြစ် ပြန်လည်ဖြည့်တင်းခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် ယခုအချိန်မှစ၍ ပြည်မြို့သို့ ဆက်လက်ချီတက်ရန်အတွက် လိုအပ်သော ရိက္ခာနှင့် ခဲယမ်းမီးကျောက်များမှာ ကော်တွန်၏ ရေတပ်အုပ်စုအပေါ်တွင်သာ မှီခိုနေရသဖြင့် အဆိုပါရေတပ်မပါဘဲ ရှေ့ဆက်ရန်မှာ မဖြစ်နိုင်ပေ။ သို့သော် သူ၏ လှည်းများပေါ်တွင် ၁၅ ရက်စာ ရိက္ခာများသာ ပါရှိသဖြင့် ရက်ရွှေ့စောင့်ဆိုင်းနေရသည့် နေ့ရက်တိုင်းက ထိုရိက္ခာများအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်လာခဲ့သည်။ ဤအခြေအနေက ကမ်းဘဲလ်အား စိတ်ပျက်အားလျော့မှုကို ဖြစ်စေသည့်အပြင် ရှေ့သို့ ချီတက်လို့ ဖြစ်ပါ့မလား ဆိုသည့် စိုးရိမ်ပူပန်စိတ်ကိုလည်း ပို၍ တိုးပွားစေခဲ့သည်။
မတ်လ ၇ ရက်နေ့ နံနက်စောစောတွင် အားလုံး မျှော် လင့် စောင့်စားနေသော အမြောက်ကြီးများ ပစ်ခတ်သံသည် မြစ်ဝှမ်းတစ်လျှောက် တောင်ဘက်ဆီမှ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့ပြီး နေ့လယ် ၂ နာရီအထိ ကြာမြင့်ခဲ့ပြီး နောက်တွင် ငြိမ်သက်သွားခဲ့သည်။
ထို့နောက်တွင်မူ ဗမာလယ်သမားအချို့ ရောက်ရှိလာပြီး အောက်ဘက် ဓနုဖြူတွင် မဟာဗန္ဓုလ လုံးဝဥဿုံ စစ်ရှုံးသွားပြီဖြစ်ကြောင်း သတင်းကောင်းများကို လာရောက်ပြောပြကြသည်။
ဗိုလ်ချုပ် ကမ်းဘဲလ် သည် ထိုသတင်းများကို ဝမ်းမြောက်ဝမ်းသာဖြင့် အမှန်ဟု ယုံကြည်လက်ခံလိုက်သည်။ သူ၏ အောင်မြင်ခဲ့သည့် စစ်နိုင်မှုသမိုင်းကြောင်းများကို ပြန်ကြည့်လျှင် ရလဒ်မှာ ဤသို့မှတပါး အခြားဖြစ်နိုင်ပါဦးမည်လောဟု သူ တွေးတောမိပုံရသည်။
ထို့ကြောင့် စစ်ရှုံး၍ ဆုတ်ခွာလာမည့် ဗန္ဓုလ၏ စစ်တပ်ကြီး ရောက်မလာမီ ပြည်မြို့ကို အမိအရ သိမ်းပိုက်ထားနိုင်ရန်နှင့် ထိုနေရာတွင် ရှိနေသည်ဆိုသော ကျွဲနွားများနှင့် ဆန်စပါးများကို ဗမာတို့က အကုန်အစင် မဖျက်ဆီးပစ်မီ ဦးအောင် သိမ်းဆည်းနိုင်ရန်အတွက်၊ ယခုအချိန်တွင် ပြည်မြို့သို့ ချက်ချင်းချီတက်ရန် အလွန်ပင် အရေးကြီး လာပြီ ဖြစ်ကြောင်း သုံးသပ် လာခဲ့လေသည်။
သို့သော်လည်း သူသည် အမြော်အမြင်ရှိစွာဖြင့် နောက်ထပ်တရက် ထပ်မံစောင့်ဆိုင်းခဲ့ပြီး၊ မတ်လ ၉ ရက်နေ့တွင် ဗန္ဓုလ၏ ကမူးရှူးထိုး ဆုတ်ခွာမှုသတင်းများ ရောက်ရှိလာချိန်၌ ဆုတ်ခွာနေသော မြန်မာစစ်တပ်ကို အချိန်ဆွဲဟန့်တားရန် တပ်ဖွဲ့ခွဲတခုကို နောက်ချန်ထားရစ်ခဲ့ကာ မြောက်ဘက်သို့ တဖန်ပြန်၍ ချီတက်လေသည်။
ခြောက်သွေ့ဆိတ်သုဉ်းပြီး ပျက်စီးနေသော ကျေးရွာများကို ဖြတ်သန်းကာ တောနက်ထဲတွင် တရက်လျှင် ၁၂ မိုင်ခန့်နှုန်းဖြင့် မြောက်ဘက်သို့ နှစ်ရက်တိုင်တိုင် ချီတက်ခဲ့ရာ ဧရာဝတီမြစ်၏ လက်ယာဘက်ကမ်းရှိ ‘ဥဒေါင်း’ မြို့ကြီးသို့ ရောက်ရှိခဲ့သည်။
စနော့ဂရက်စ် က “ကျွန်ုပ်တို့ ရောက်ရှိချိန်မှာ မြို့တစ်ခုလုံး ဆိတ်သုဉ်းနေတာကို တွေ့ရပြီး ကျွန်ုပ်တို့အတွက် အသုံးဝင်မယ့် ပစ္စည်းမှန်သမျှကိုလည်း သယ်ဆောင်သွားကြပြီ… မြို့ရွာတွေကို စွန့်ခွာထွက်ပြေးစေတာဟာ မြန်မာစစ်သူကြီးတွေရဲ့ စနစ်တကျ စီစဉ်မှုတစ်ခုဖြစ်တာ ထင်ရှားပါတယ်… ဒီနေရာမှာပဲ ဘုရင်ကြီးက ပြည်မြို့မှာ သူ့အတွက် နေအိမ်တစ်လုံး ဆောက်လုပ်ဖို့ အမိန့်ပေးထားကြောင်းနဲ့ အကယ်၍ အင်္ဂလိပ်တွေသာ သူ့ရဲ့နေပြည်တော်ဆီကို ဒီလိုရဲတင်းစွာ ဆက်လက်ချီတက်လာရင် သူကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ ထွက်ရောက်ရင်ဆိုင်ပြီး ဒီလိုမဆင်မခြင် လုပ်ရပ်အတွက် နောင်တကြီးစွာ ရစေရမယ်လို့ ကြုံးဝါးထားကြောင်း ပထမဆုံးအကြိမ် ကြားသိခဲ့ရတယ်” ဟု မှတ်တမ်းတင်ခဲ့သည်။
ဤကြုံးဝါးမှုက ရယ်စရာဖြစ်စေခဲ့လျှင်ပင် မြန်မာတို့၏ အစာရေစာဖြတ်တောက်သည့် မြေလှန်စနစ် ပေါ်လစီကမူ ရယ်စရာမဖြစ်ခဲ့ပေ။ အကြောင်းမှာ ထိုဒေသတစ်ဝိုက်မှ မည်သည့် ရိက္ခာမျှ မရရှိနိုင်ခဲ့ဘဲ မတ်လ ၁၁ ရက်နေ့တွင် ကမ်းဘဲလ် ထံ၌ ၁၀ ရက်စာမျှသာရှိသော ရိက္ခာ ကျန်ရှိတော့သောကြောင့် ဖြစ်သည်။