ခြောက်လအတွင်း စစ်တပ်ကြောင့် အရပ်သား ၇၀၀ ကျော် သေဆုံးခဲ့မှု နှင့် ကုလ ကဏ္ဍ

by Hla Soewai - Jun 29 2026

မြန်မာစစ်တပ်က ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာခဲ့သည့် ပြီးခဲ့သည့် သြဂုတ်လမှစ၍ ဇန်နဝါရီလကုန် ရလဒ် များ ထွက်ပေါ်လာသည့် အချိန်အပိုင်းအခြားကို လွှမ်းခြုံပြုစုထားသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး၏ အစီရင်ခံစာအသစ်တွင် ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်များအရ ထိုကာလအတွင်း "အနည်းဆုံး အရပ်သား ၇၀၂ ဦး သေဆုံးခဲ့ရကြောင်း" အတည်ပြုနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

 

သေဆုံးသူတးများ ထဲတွင် အမျိုးသမီး ၂၂၄ ဦးနှင့် ကလေး သူငယ် ၁၅၃ ဦး ပါဝင်သည်" ဟု အစီရင်ခံစာက ဆိုပြီး "လေကြောင်းတိုက်ခိုက်မှုများသည် ပျက်စီးဆုံးရှုံးမှုနှင့် ဆင်းရဲဒုက္ခများကို ဖြစ်ပေါ်စေသည့် အဓိက လက်သယ် အဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်" ဟု ဖြည့်စွက်ဖော်ပြထားသည်။

 

စစ်တပ်၏ ဂျက်တိုက်လေယာဉ်များ၊ ဒရုန်းများ၊ ပါရာမော်တာ များနှင့် ဂိုင်ရိုကော်ပတာ များ အသုံးပြု၍ တိုက်ခိုက်မှုများကြောင့် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များသည် သေဆုံးသွားရသည့် အရည်အတွက်၏ ၅၇ ရာနှုန်း ရှိနေသည်။

 

ထိုသေဆုံးသူ ၇၀၂ ဦးလုံးမှာ မြန်မာစစ်တပ်၏ လက်ချက်ကြောင့် ဖြစ်သည်ဟု သတ်မှတ်နိုင်ကြောင်းပြောရေးဆိုခွင့်ရှိသူ ရာဗီနာ ရှမ်ဒါဆာနီ အတည်ပြုခဲ့သည်။

 

"ဒါဟာ အခြားသော လက်နက်ကိုင်အဖွဲ့အစည်းတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှု မရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး" ဟု သူမက အလေးအနက် ပြောကြားခဲ့ပြီး၊ အစီရင်ခံစာသည် "ကျွန်မ တို့ လက်လှမ်းမီသ‌ လောက် ရရှိထားသည့် ယုံကြည်စိတ်ချရသော အချက်အလက်များအပေါ် အခြေခံထားခြင်း ဖြစ်၍ ပြည့်စုံ တဲ့ ကိန်းဂဏန်းတော့ မဟုတ်ပါ" ဟု ဖြည့်စွက်ပြောဆိုသည်။ ဆိုလိုသည်က ယခုထက် ပိုများ နိုင်သည်ဟူ၍ ဖြစ်သည်။

 

စစ်တပ်က ငါးနှစ်ကြာ တိုက်ရိုက်အုပ်ချုပ်ခဲ့ပြီး၊ ယခုနှစ်အတွင်း နိုင်ငံရေး မျက်နှာစာတွင် ၎င်းတို့၏ လက်ဝေခံများ အလွယ်တကူ အနိုင်ရရှိစေမည့် ပြင်းထန်စွာ ကန့်သတ်ချုပ်ချယ်ထားသော ရွေးကောက်ပွဲများကို စစ်အုပ်စု က ကျင်းပခဲ့သည်။

 

လွှတ်တော် သို့ ရောက်လာကြ‌ သော ၎င်း၏ ရွေးကောက်ခံ သစ္စာရှိ အမတ်သစ်များက အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြပြီး၊ အဆိုပါ အကူးအပြောင်းကို ဒီမိုကရေစီ စောင့်ကြည့်လေ့လာရေးအဖွဲ့များက ၎င်း၏ ဆက်လက်အုပ်ချုပ်မှုကို ပုံစံပြောင်းလဲရန် လုပ်ဆောင်သည့် လှည့်ကွက်တစ်ခုအဖြစ် ရှုံ့ချခဲ့ကြသည်။

 

အဆိုပါ ရွေးကောက်ပွဲအပေါ် အစကတည်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သော ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ၎င်း၏ အစီရင်ခံစာတွင် ယုံကြည်စိတ်ချရသော ရွေးကောက်ပွဲတစ်ခု ဖြစ်မြောက်ရန်အတွက် လိုအပ်သည့် မရှိမဖြစ် အခြေခံရပိုင်ခွင့်များနှင့် လွတ်လပ်ခွင့်များကို သိသိသာသာ ထိခိုက်စေသည့် ချိုးဖောက်မှုများနှင့် အလွဲသုံးစားမှုများ၏ လမ်းကြောင်းနှင့် ပုံစံများကို သက်သေပြနေသော ဖြစ်ရပ်များကို အတည်ပြုနိုင်ခဲ့ကြောင်းလည်း ဆိုသည်။

 

စစ်တပ်က "ရွေးကောက်ပွဲ ကျင်းပမည့် ကြေညာချက် ထွက်ပေါ်လာချိန်နှင့် ၎င်းတို့ နယ်မြေစိုးမိုးမှုကို အခိုင်အမာ ရယူနိုင်ရန် မြေပြင်တွင် ထိုးစစ်ဆင်မှုများ တိုးမြှင့် ပြုလုပ်လာခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

 

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) သို့ လွှဲပြောင်းတင်ပြရန်နှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများကို ချိုးဖောက် နေသည့် စိုးရိမ်ရသောအခြေအနေများ ကြောင့် မြန်မာနိုင်ငံသို့ လက်နက်များ၊ ဂျက်လေယာဉ်ဆီများနှင့် အသုံးပြုမှုနှစ်မျိုးရှိသော ပစ္စည်းများ (Dual-use items) လွှဲပြောင်းပေးပို့နေခြင်းကို "ရပ်တန့်ရန်နှင့် တားဆီးရန်" နိုင်ငံအသီးသီးကို တိုက်တွန်းနှိုးဆော်ထားသည်။

 

ကုလသမဂ္ဂသည် ထိုသို့ စစ်ရာဇဝတ်မှု များ အား ဗြောင်ကျကျ ကျုးလွန်နေသော မြန်မာ စစ်ဗိုလ်ချုပ်များအား အရေးမယူနိုင် ဖြစ်နေရခြင်းကို လေ့လာသုံးသပ်မည် ဆို က အချက် ငါးချက် ကို တွေ့လာရသည်။

 

(၁) လုံခြုံရေးကောင်စီ တွင် အင်အားကြီးနိုင်ငံများ၏ ဗီတိုအာဏာ ကိုင်စွဲခွင့် ရနေခြင်း။

 

နိုင်ငံတကာအဆင့် ‘ထိရောက်ပြင်းထန်သော အရေးယူမှုများ’ ချမှတ်နိုင်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ပထမဦးစွာ လိုအပ်သည်။ ထိုသို့ အရေးယူနိုင်ရန် တရုတ် နှင့် ရုရှား တို့က ဟန်ချက်ညီစွာ ပိတ်ဆို့တားဆီးနေခဲ့၍ "စိုးရိမ်ပူပန်ကြောင်း ဖော်ပြချက်" နှင့် "အကြမ်းဖက်မှုများ ရပ်တန့်ရန် တိုက်တွန်းချက်" ကဲ့သို့သော သံတမန်ရေးရာ ထုတ်ပြန်ချက်များကိုသာ အောင်မြင်အောင် ထုတ်ပြန်နိုင်သည့် အခြေအနေ ဖြစ်နေသည်။

 

ထို့အတွက် ရာဇဝတ်မှု များ ကျုးလွန်နေသူ များ အဖို့ ‌ဗီတိုအာဏာ စွဲကိုင်ထားသော နိုင်ငံကြီးတနိုင်ငံ၏ တပည့်တပန်း အဖြစ်သာ ခံယူထားမည်ဆိုက လုပ်ချင်သလို လုပ်ခွင့်ရနေသည်၊ ဆက်ဒမ် ဟူစိန် နှင့် ကဒါဖီတို့က မင်းအောင်လှိုင်ကဲ့သို့ မည်သည့် နိုင်ငံကိုမှ လိုချင်တာ ပေးမည်ဆိုကာ တပည့်မခံခဲ့သည့် မာန ကြောင့် ကျရှုံးသွားရခြင်း ဖြစ်သည်။

 

၂။ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ၏ စီရင်ပိုင်ခွင့် အကန့်အသတ်

 

မြန်မာနိုင်ငံသည် ICC ကို တည်ထောင်သည့် ရောမစာချုပ် (Rome Statute) တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် နိုင်ငံမဟုတ်၍ စစ်ခေါင်းဆောင်များကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများဖြင့် အရေးယူရန် အကန့်အသတ်များ ရှိလာသည်၊ ထို့ပြင် ICC သို့ လွှဲပြောင်းပေးရန် လုံခြုံရေးကောင်စီက ဆုံးဖြတ်ရမည် ဖြစ်နေပြန်၍ အထက်တွင် ဖော်ပြခဲ့သည့် ဗီတိုအာဏာပြဿနာကြောင့် ယင်းလမ်းကြောင်းမှာ ပိတ်ဆို့နေသည်။

 

၃။ နိုင်ငံတကာတရားရုံး (ICJ) ၏ သဘာဝနှင့် အရပ်ဘက်ယန္တရားများ

 

ICJ သည် "နိုင်ငံ" ချင်း တရားစွဲသည့် တရားရုံး ဖြစ်သည်။ ထို့အတွက် မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်တဦးချင်းစီကို ဖမ်းဝရမ်းထုတ်ခြင်း သို့မဟုတ် ထောင်ဒဏ်ချမှတ်ခြင်း စသည့် ရာဇဝတ်ကြောင်းအရ အရေးယူပိုင်ခွင့် မရှိဘဲ နိုင်ငံအလိုက် လိုက်နာရမည့် ညွှန်ကြားချက်များကိုသာ ထုတ်ပြန်နိုင်ခဲ့သည်။

 

၄။ ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) ၏ ဆုံးဖြတ်ချက်များတွင် အာဏာသက်ရောက်မှု မရှိခြင်း

 

ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာ အပေါ် ပြင်းထန်သော ကန့်ကွက်ရှုံ့ချမှုများနှင့် ဆုံးဖြတ်ချက်များကို မဲခွဲအတည်ပြုနိုင်သော်လည်း၊ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်များသည် ဥပဒေကြောင်းအရ အာဏာသက်ရောက်မှု (Legally Binding) မရှိ ဖြစ်နေသည်။ သံတမန်ရေးရာအရ ဖိအားပေးမှု သက်သက်သာ ဖြစ်သဖြင့် စစ်ခေါင်းဆောင်များအပေါ် လက်တွေ့ကျကျ အရေးယူနိုင်ခြင်း မရှိပေ။

 

၅။ အာဆီယံ အပေါ် လွှဲအပ်ထားမှုနှင့် "ဒေသတွင်းဖြေရှင်းရေး" မူဝါဒ

 

ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းသည် မြန်မာ့အရေးကို ဒေသတွင်းအဖွဲ့အစည်းဖြစ်သည့် အာဆီယံ၏ ဦးဆောင်မှုဖြင့် ဖြေရှင်းရန် ပုံအပ်ထားသည်။သို့သော် အာဆီယံသည် "အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး" မူဝါဒ ဖြင့် ပြန် ပုတ်ထုတ်ခဲ့ပြန်သည်။

 

ကုလသမဂ္ဂတွင် မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်သည့် ယန္တရားများ ရှိ‌ နေပြီး ၊ တွေ့ရှိလာသော အချက်အလက်များကို အခြေခံ၍ လက်တွေ့အရေးယူရမည့် လုံခြုံရေးကောင်စီသည် ပထဝီနိုင်ငံရေးအကျိုးစီးပွားများကြောင့် အချင်းချင်း လွန်ဆွဲပွဲဖြစ်နေခြင်း သည် မြန်မာစစ်ခေါင်းဆောင်များအပေါ် နိုင်ငံတကာက ဥပဒေကြောင်းအရ ထိရောက်စွာ အရေးမယူနိုင်ရသည့် အဓိကအကျပ်အတည်းကြီးပင် ဖြစ်သည်။

 

မည်သို့ပင် ဆိုစေ စစ်အာဏာရှင် စနစ်ဆိုးကို တိုက်ထုတ် နိုင်မှသာလျင် အရွယ်ရောက်စ မိမိတို့ ရင်သွေးများ အသက်ဆက် ရှင်သန် နိုင်တော့မည်ကို တနေ့တခြား နားလည် သဘောပေါက်လာကြပြီ ဖြစ်သော ပြည်သူများသည် ကိုးကွယ်သည့်ဘာသာ၊ ဓလေ့ထုံးတမ်း၊ အလိုဆန္ဒ၊ လူမျိုးရေး ခွဲခြားသတ်မှတ်မှုအပေါ်တွင် အခြေမခံတော့ဘဲ၊ တူညီသော စီးပွားရေးနှင့် လူမှုရေး အခြေအနေများအပြင် တိုးတက်လိုမှုနှင့် နာလန်ထူလိုမှုဟူသော ပြင်းပြသည့် ဆန္ဒများ ဖြင့် စည်းလုံးလာကြပြီ ဖြစ်သည်။

 

ယင်းသည်က ပင် တော်လှန်ရေး အောင်မြင်ရာ အောင်မြင်ကြောင်း အတွက် အရေးပါလှသော အခြေခံ သော့ချက်ကြီးပင် ဖြစ်ပေတော့သည်။

 

Sometimes it is the people no one imagines anything of who do the things that no one can imagine.

 

Alan Turing

 

“တစ်ခါတရံမှာ ဘယ်သူကမှ ထည့်မတွက်ထားတဲ့၊ မျှော်လင့်မထားတဲ့ လူတွေဟာ ဘယ်သူမှ စိတ်ကူးတောင် မယဉ်ဝံ့တဲ့ အရာမျိုးတွေကို လုပ်ပြသွားတတ်ကြပါတယ်။”

 

အလန် ကျူးရင်း

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!