ပြီးခဲ့သည့်နှစ်အတွင်း လအတော်ကြာက၊ အေးစက်လာသည့် အိမ်ထောင်ရေးဘဝကြောင့် အထီးကျန်နေရသော အသက် ၃၅ နှစ်အရွယ် ယူကရိန်း အိမ်ရှင်မတဦးသည် ယူကရန်းတောင်ပိုင်း သိမ်းပိုက်ခံနယ်မြေတခုတွင် တပ်စွဲထားသည့် ချက်ချင် တပ်မှူး အာခ်မတ် နှင့် WhatsApp မှတဆင့် စာများအပြန်အလှန် ပေးပို့ခဲ့ကြသည်။
၎င်းတို့ နစ်ဦး သည် မိမိတို့၏ နေ့စဉ်ဘဝများ၊ စိတ်ပျက်အားလျော့မှုများအကြောင်းနှင့် စစ်ပွဲပြီးဆုံးချိန်တွင် ဘာတွေလုပ်ချင်သလဲဆိုသည့် အကြောင်းအရာများကို ရေးသားခဲ့ကြသည်။ သူမက ရှေ့တန်းစစ်မျက်နှာအခြေအနေကို မေးမြန်းသည့်အခါ အာမတ်ခ်ကလည်း ပြောပြခဲ့သည်။
“ကျွန်မဆီ ဓာတ်ပုံတစ်ပုံလောက် ပို့ပေးပါဦး၊ ရှင်ဘယ်လိုနေထိုင်ရလဲဆိုတာ ကြည့်ချင်လို့ပါ” ဟု သူမက ပြောခဲ့သည်။
တနေ့သော မွန်းလွဲပိုင်းတွင် စစ်တန်းလျား အတွင်း ရိုက်ကူးထားသည့် ဓာတ်ပုံကို သူမ လက်ခံရရှိခဲ့ပြီး ဓါတ်ပုံထဲတွင် အာမတ်ခ် နှင့် အခြားစစ်သားတဦး ကင်မရာကိုကြည့်ကာ ပြုံးနေကြသည်။ ၎င်းတို့နောက်ကွယ်ရှိ နံရံပေါ်တွင်မူ ထိုတပ်ဖွဲ့တပ်စွဲထားသည့် တည်နေရာကို ပြသနေသော စစ်သုံး မြေပုံတစ်ခုကို ပင်အပ်ဖြင့် တွဲချိတ်ထားသည်။
အမှန်တကယ်တွင် ထိုအိမ်ရှင်မဆိုသည်မှာ မရှိခဲ့။ “သူမ” ဆိုသည်မှာ ယူကရိန်းစစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးညွှန်ကြားမှုဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေပြီး၊ မိမိနိုင်ငံကို လာရောက်သိမ်းပိုက်သည့် ရုရှား စစ်သား များထံမှ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် စနစ်တကျ ကြိုးပမ်းနေသည့် ဆာဟီ ဟုခေါ်သော လူလတ်ပိုင်း အရွယ် အရာရှိတစ်ဦးသာ ဖြစ်သည်။
အာခ်မတ် ထိုဓာတ်ပုံကို ပေးပို့ပြီးနောက် သိပ်မကြာမီမှာပင် ဓာတ်ပုံမှတဆင့် ပေါ်ထွက်သွားသည့် ကိုဩဒိနိတ် (တည်နေရာ) အချက်အလက်များအတိုင်း ယူကရန်းဒရုန်းတစင်း တန်းတန်းမတ်မတ် ဝင်ရောက်သွားခဲ့သည်။
၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် စတင်တည်ထောင်ခဲ့ပြီးကတည်းက ယူကရိန်းလုံခြုံရေးဌာန၏ အမျိုးသားအကယ်ဒမီ သည် ထောက်လှမ်းရေးသတင်းရင်းမြစ်များကို မွေးမြူပျိုးထောင်ရန် အေးဂျင့်များကို လေ့ကျင့်သင်ကြားပေးခဲ့သည်။ ယခုအခါ သင်တန်းသားများအနေဖြင့် လက်ရှိနယ်မြေသိမ်းပိုက်ထားသော ရုရှား စစ်သားများနှင့် အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်မှုများ တည်ဆောက်ရန် လိုအပ်သည့် သင်တန်းသစ်တခု ရှိနေသည်ဟူသော ကောလာဟလများလည်း ထွက်ပေါ်နေသည်။
သို့သော် ယူကရိန်း အေးဂျင့်တစ်ဦးသည် စစ်သားတဦးနှင့် အွန်လိုင်းပေါ်တွင် စကားပြောဆိုနေဆဲ ဖြစ်နေစဉ်မှာပင်၊ ဒရုန်းတစင်းက ထိုစစ်သားရှိရာ တည်နေရာသို့ ဝင်ရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အခိုက်အတန့်များ ရှိလာခဲ့သည်။
“ကျွန်မတို့ မြေပေါ်ကို ခြေချလာတဲ့ ရုရှားစစ်သားတိုင်းဟာ ဒီလိုမျိုး စိုးရိမ်စိတ်လွန်ကဲတဲ့ စိတ်ခြောက်ခြားမှုကို မြိုသိပ်မရ၊ မရပ်မနားဘဲ နေ့ရက်တိုင်းရဲ့ စက္ကန့်တိုင်းမှာ သယ်ဆောင်သွားစေချင်ပါတယ်။ သူတို့အနေနဲ့ ဈေးထဲက အဘွားအိုကိုကြည့်ကြည့်၊ ဘတ်စ်ကားဒရိုင်ဘာကိုကြည့်ကြည့်၊ ဆေးခန်းက ဆရာဝန်ကိုကြည့်ကြည့်၊ ဒါမှမဟုတ် လမ်းပေါ်က သာမန်လမ်းသွားလမ်းလာကိုပဲ ကြည့်ကြည့်—အဲဒီလူတိုင်းရဲ့ဆီမှာ သူတို့ကိုယ်တိုင် ပျက်စီးခြင်းသို့ ဆိုက်သွားနိုင်ခြေ ရှိတယ် ဆိုတာကို သဘောပေါက် နေရင် ကျေနပ်ပြီ" ဟု သိမ်းပိုက်ခံ ယူကရိန်း နယ် မြေ အတွင်းရှိ တော်လှန်ရေး ရဲမေ တဦးက ပြောသည်။
အတ္တလန်တစ် မဂ္ဂဇင်းပါ ယူကရိန်း မြေအောက်ထောက်လှမ်းရေး ကွန်ရက်တခုသည် ရုရှားသိမ်းပိုက်ထားသော နယ်မြေအတွင်းပိုင်းအထိ ဒရုန်းများဖြင့် တိကျစွာ တိုက်ခိုက်နိုင်ရန်အတွက် လှည့်ဖြားခြင်းနှင့် ပျားရည် ထောက်ခြောက် ဆင် နည်းဗျူဟာများကို အသုံးပြုလျက်ရှိသည် ကြောင်း ရေးသားထားသည်ကို သတိထားဖွယ် အဖြစ် ကောက်နှုတ်တင်ပြခြင်း ဖြစ်သည်။