တရုတ်သည် စစ်ဘေးဒဏ်သင့်နေသည့် အိမ်နီးချင်း နိုင်ငံကို ပြန်လည် တည့်မတ် လာအောင် ပြုပြင်ပေးရန် စိတ်ကူး မရှိဘဲ လက်ရှိ ပဋိပက္ခများကို စိတ်ကြိုက် ထိန်းကျောင်းစီမံနေ၍ရယုံ နှင့်ပင် ကျေနပ်အားရနေသည်ဟု အီကောနော်မစ် မဂ္ဂဇင်းက အတိအကျ ထောက်ပြ ရေးသားလာခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အတွင်း စစ်တပ် အကြီးအကဲအဖြစ် ရှိနေသည့် မင်းအောင်လှိုင်၏ အာဏာသိမ်းမှုကို တရုတ်က 'အဓိက ဝန်ကြီးအဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းမှု' လို့ ခေါ်ဆိုခဲ့ဖူး ပေသည်။ ဇွန်လ ၁၆ ရက်နေ့တွင်တော့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် မင်းအောင်လှိုင် သည် နိုင်ငံ သမ္မတအဖြစ် ဘီဂျင်းကို ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဉ်အတွက် မည်သည့် စကားလုံး အသုံးအနှုန်း အလှအပများကို သုံးပြီး ဆင်ခြေပေးနေဖို့ မလိုတော့ ပေ။ အတိုက်အခံပါတီကြီးများ လုံးဝပါဝင်ခြင်း မရှိဘဲ ပြည်တွင်းစစ်ဖြစ်ပွားနေစဉ်အတွင်း ပြုလုပ်ခဲ့သည့် အတုအယောင် ရွေးကောက်ပွဲအပေါ် တရုတ်ဘက်က ထင်ထင်ရှားရှား နိုင်ငံရေးအရ ထောက်ခံအတည်ပြုပေးလိုက်ခြင်းပင် ဖြစ်သည်။
သို့သော်လည်း ရွေးကောက်ပွဲသည် ကမ္ဘာ့အသိုင်းအဝိုင်း၏ ဖယ်ကြဉ်ခံ ခေါင်းဆောင်တဦး ဖြစ်နေသည့် မင်းအောင်လှိုင်၏ အခြေအနေကို အလုံးစုံ အဆုံးသတ်ပေးနိုင်ခြင်း မရှိသေး ပေ။ တိုးတက်မှုအချို့တော့ ရရှိလာသည်ဟု ဆိုရမည် ဖြစ်သည်။ အာဆီယံသည် ၎င်းအား အဆင့်မြင့်အစည်းအဝေး များတက်ရောက်ခွင့် ပိတ်ပင်ထားဆဲ ဖြစ် သော်လည်း၊ လက်ရှိမှာတော့ စစ်အုပ်စုကို ဆက်လက် ဖယ်ကျဉ်ထားချင်သူ များ နှင့် စိတ်ယိုင်နေလာ နေသည့် အဖွဲ့ဝင်နိုင်ငံများကြား အမြင်ချင်း ကွဲပြားလာနေသည်။
တချိန်က ၎င်းကို လူရာမသွင်းဘဲ ဝိုင်းပယ်ထားဖို့ ဦးဆောင်ခဲ့သည့် အမေရိကန်နိုင်ငံသည် ယခုအခါမတွင် တော့ စိတ်ဝင်စားမှုမရှိဘဲ လစ်လျူရှုထားသည့် အခြေအနေဆီကို ရောက်ရှိသွားခဲ့သည်။ ယမန်နှစ်က မြန်မာနိုင်ငံကနေ တင်ပို့သည့် ကုန်စည် များ အပေါ် ၄၀ ရာခိုင်နှုန်း အခွန်စည်းကြပ်မည်ဟု ခြိမ်းခြောက်ထားသည့် ဒေါ်နယ်ထရမ့်ဆီက စာတစောင်ကြောင့် စစ်အုပ်စုသည် အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ကြသည်။ ထိုစာထဲတွင် မင်းအောင်လှိုင်၏ အမည်ကို ထည့်သွင်းဖော်ပြထား၍ ၎င်းကို သွယ်ဝိုက်ပြီး အသိအမှတ်ပြုလိုက်သည့် သဘောဟု ယူဆသွား၍ ဖြစ်သည်။
နောက်ပိုင်းတွင်တော့ အမေရိကန်သည် စစ်အုပ်စု၏ ခရိုနီအချို့အပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို တိတ်တဆိတ် ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။ တချိန်တည်းမှာပင် အမေရိကန်၏ အကူအညီပေးရေးအေဂျင်စီဖြစ်သည့် USAID ကို ဘတ်ဂျက်ဖြတ်တောက်ပြီး ဖျက်ဆီးပစ်လိုက်တာကြောင့် န်ိုင်ငံ အတွင်းရှိ သာမန်ပြည်သူများသည် စစ်အုပ်စု၏ ဆေးရုံများ နှင့် သတင်းမီဒီယာများကိုသာ အားကိုးအားထားပြုဖို့ တွန်းပို့ခြင်း ခံခဲ့ကြရသည်။
စစ်အုပ်စုသည် လက်ငါးချောင်းပင် မပြည့်သော အားကိုးရာနိုင်ငံ အနည်းငယ်အပေါ်မှာသာ မှီခိုအားထားနေရသည်။ ကုလသမဂ္ဂတွင် သံတမန်ရေးအရ အကာအကွယ်ရ ရန်၊ တိုက်လေယာဉ်များ နှင့် စက်သုံးဆီများ၊ ဒရုန်းများ နှင့် ဒရုန်းရန်ကာကွယ် ရေး၊ ဖြတ်တောက်ရေး ကိရိယာများကို ရရှိရန် အတွက်ပါ ရုရှားနှင့် တရုတ်တို့ကို အမှီပြုနေရပြီး၊ ပြည်တွင်းစစ်တွင် ၎င်းတို့ကို နည်းပညာပိုင်းအရ အသာစီးရ စေခဲ့သည်။ မြန်မာသည် သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချ နိုင်ရန် အတွက် တရုတ်နှင့် ထိုင်းနိုင်ငံတို့အပေါ် မှီခိုနေရပြန်သည်။
တရုတ်သည် မြန်မာ၏ အကြီးမားဆုံး ပြည်ပရင်းနှီးမြှုပ်နှံသူ ဖြစ် နေပြန်၍။ စစ်ဗိုလ်ချုပ်များက တရုတ်တို့ လက်ညိုးညွှန်ရာမှန်သမျှ ပေး နေကြရသည်၊ ထိုအထဲတွင် အိန္ဒိယသမုဒ္ဒရာဆီ ထွက်ပေါက် ရရေးသည် ထိပ်ဆုံးက ပါဝင်လာသည်။
၎င်းတို့ကြားက ဆက်ဆံရေးသည် အပြန်အလှန် အကျိုးစီးပွားအပေါ်သာ အခြေခံထားခြင်း ဖြစ်သည်။ ပြီးခဲ့သည့် နှစ်အတွင်း တရုတ်သည် စစ်အုပ်စု ကို ကူညီရန် နယ်စပ်ဒေသ များရှိ အင်အားတောင့်တင်းသည့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ အပေါ် ၎င်းတို့၏ သြဇာအာဏာကို အသုံးချလာခဲ့သည်။
တော်လှန်ရေးအဖွဲ့ အတော်များများသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် များကို လက်မှတ်ရေးထိုးခဲ့ကြရပြီး နယ်မြေအချို့ကို စစ်တပ်ထံ ပြန်လည်လွှဲ ပြောင်း ပေးခဲ့ရသည်။ စစ်မြေပြင် တွင် ထွက်ပေါ်လာသော ရလဒ်ကောင်းများ အားလုံးသည် တရုတ်ရဲ့ အကူအညီကြောင့်ချည်းတော့ မဟုတ် —၂၀၂၄ ခုနှစ်က စတင်ခဲ့သည့် စစ်မှုမထမ်းမနေရ စနစ်ကြောင့်လည်း စစ်တပ်ရဲ့ အင်အားသည် ယခုအခါ တသိန်းကျော်အထိ တိုးပွားလာခဲ့ပြီ ဖြစ်သည်။
စစ်အုပ်စု သစ္စာခံ တပ်များသည် ပြီးခဲ့သည့် ဧပြီနှင့် မေလ များ အတွင်း စစ်ကိုင်းတိုင်းမြောက်ပိုင်း ရှိ မြို့များကို သိမ်းပိုက်ရင်း ရှေ့တိုးထိုးစစ်ဆင်လာခဲ့သည်။ မိုးရာသီစတင်လာသည် နှင့် အမျှ စစ်တပ်သည် အရှိန်မြှင့်ပြီး ရှေ့ဆက် တိုး လာဖို့ သေချာသလောက်ရှိနေသည်ဟု မြန်မာ့ပဋိပက္ခကို လေ့လာစောင့်ကြည့်နေသည့် အန်သိုနီ ဒေးဗစ် က ဆိုသည်။ လက်ရှိ တွင်တော့ စစ်အုပ်စု တပ်များသည် အိန္ဒိယ၊ ထိုင်း၊ တရုတ်နယ်စပ်တစ်လျှောက် တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားဆဲဖြစ်သည့် ကုန်သွယ်ရေးစခန်းများဆီကို ဦးတည်ရွေ့လျားနေကြပြီ ဖြစ်သည်။
ထိုအ နေအထား သည် ကချင် လွတ်လပ်ရေးတပ်တော် (KIA) အတွက် စိုးရိမ်ဖွယ်ရာ နိမိတ်ဆိုးတစ်ခု ဖြစ်နေသည်။ မြန်မာနှင့် တရုတ် နှစ်နိုင်ငံပေါင်းသည် ကမ္ဘာ့အကြီးစား မြေရှားသတ္တု ထုတ်လုပ်မှု ပမာဏစုစု ပေါင်း ၏ ၉၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပေးနေခြင်းဖြစ်ကြောင်း စင်ကာပူအမျိုးသားတက္ကသိုလ်၊ အရှေ့အာရှအင်စတီကျုမှ ဂျေဆန် ဘက်ဖို့ဒ် က ပြောသည်။ လျှပ်စစ်ကားများ၊ ကာကွယ်ရေးနည်းပညာများနှင့် ဂြိုဟ်တုများတွင် အသုံးပြုသည့် ဤဒြပ်စင်များ၏ ကမ္ဘာ့ထောက်ပံ့မှုပမာဏ ထက်ဝက်နီးပါးမှာ KIA ထိန်းချုပ်ထားသော သတ္တုတွင်းများမှ ထွက်ရှိခြင်း ဖြစ်သည်။ ထို့နောက် အဆိုပါ သတ္တုရိုင်းများကို သန့်စင်ထုတ်လုပ်ရန်အတွက် တရုတ်နိုင်ငံသို့ တင်ပို့ကြရ သည်။
တရုတ်သည် စစ်အုပ်စု၊ KIA နှင့် အခြားသော တော်လှန်ရေးအဖွဲ့များအကြား အာဏာဖြန့်ကျက် စိုးမိုးထားပြီး အချင်းချင်း စိတ်ဝမ်းကွဲပြားနေသော မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် လက်တွေ့ကျသည့် မူဝါဒ ကို ကာလရှည်ကြာ ကျင့်သုံးလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အဖွဲ့အစည်းတိုင်းသည် တရုတ်၏ ဈေးကွက်၊ လက်နက်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများနှင့် တရုတ်၏ မျက်နှာသာပေးမှု အပေါ်တွင် အသီးသီး မှီခိုနေကြရသည်။
သို့ဖြစ်ရာ တရုတ်နိုင်ငံသည် ၎င်းတို့အားလုံးအတွက် မရှိမဖြစ်လိုအပ်သော ပွဲစားလည်း ဖြစ် ကြားဝင်စေ့စပ်ပေးသူလည်း ဖြစ်နေသည်။ တရုတ်အနေဖြင့် KIA ထံမှ မြေရှားသတ္တု သို့မဟုတ် ကျောက်စိမ်း ဝယ်ယူမှုများကို ရပ်တန့်ပစ်မည်ဟု ခြိမ်းခြောက်ခြင်းဖြင့်လည်းကောင်း၊ KIA အသုံးပြုနေသည့် လက်နက်ဝယ်ယူရာ လမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်ခြင်းဖြင့်လည်းကောင်း၊ တရုတ်နယ်စပ်ဘက်ခြမ်းတွင် နေထိုင်ကြသော KIA ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခြင်းဖြင့်လည်းကောင်း ၎င်းတို့အပေါ် ဖိအားပေးနိုင်သည်။ တစ်ချိန်တည်းမှာပင် မင်းအောင်လှိုင်ကိုယ်တိုင် တရုတ်နိုင်ငံသို့ သွားရောက်ကာ ဆွဲဆောင်စည်းရုံးခဲ့ရသည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို အသုံးပြု၍ စစ်အုပ်စုအပေါ်တွင်လည်း ဖိအားပေးနိုင်စွမ်း ရှိနေသည်။
သို့သော်လည်း ထိုသို့ အသာစီးရယူ ထားနိုင်မှု သည် လုံးဝဥဿုံ ထိန်းချုပ်ထားနိုင်ခြင်း ဟူ၍တော့ ပြော၍ မရ ပြန်။ တရုတ်ကွန်မြူနစ်ပါတီ၏ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာတွက်ချက်မှုများတွင် မြန်မာနိုင်ငံသည် ဦးစားပေးအဆင့် နိမ့်ကျသည့်နေရာ၌သာ ရှိနေဆဲဖြစ်ပြီး—အပြီးသတ် တည်ဆောက်ရမည့် စီမံကိန်းကြီးတခုအဖြစ် ရှုမြင်ခြင်းမျိုးမဟုတ်ဘဲ၊ စီမံခန့်ခွဲထိန်းကျောင်းနေရုံမျှသာဖြစ်သည့် စိတ်အနှောင့်အယှက်ဖြစ်ဖွယ် နယ်စပ်ပြဿနာတစ်ခုအဖြစ်သာ သတ်မှတ်ထားခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသည် ၎င်း၏ မြေရှားသတ္တုများ စီးဆင်းနေရန်၊ ၎င်း၏ ပိုက်လိုင်းများနှင့် ရထားလမ်းများ ပွင့်လင်းနေရန်နှင့် တရုတ်နိုင်ငံ၏ အနောက်တောင်ဘက် နယ်စပ်ဒေသတွင် ဒုက္ခသည်များ၊ မူးယစ်ဆေးဝါးများနှင့် ငွေလိမ်ဂိုဏ်း များ ၎င်းတို့နိုင်ငံဘက်သို့ လျှံကျလာခြင်းကို တားဆီးနိုင်လောက်သည့် တည်ငြိမ်မှုမျိုးကိုသာ လိုလားခြင်း ဖြစ်သည်။
အဆိုပါအချက်များ ဖြစ်မြောက်ရန်အတွက် တရုတ်နိုင်ငံအနေဖြင့် ညီညွတ်သော မြန်မာနိုင်ငံ ဖြစ်လာဖို့ မလိုအပ်၊ ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့် အင်အားစုအားလုံးက မဖြစ်မနေ လာရောက်ဆက်ဆံရမည့် 'တစ်ခုတည်းသော အဓိကအဖွဲ့အစည်း' အဖြစ် မိမိကိုယ်မိမိ တည်ရှိနေစေဖို့သာ လိုအပ်ခြင်း ဖြစ်သည်။
မင်းအောင်လှိုင် သည် ဘီဂျင်းသို့ အသွား တွင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ်များ ခေါ်လာသည် ကို ကြည့်လျှင် အဆိုပါ ခရီးစဉ် အတွင်း မြေရှားသတ္တု အပါအဝင် နယ်စပ်ကုန်သွယ်ရေး ကိစ္စရပ်များ၊ လူထုရဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုများကြောင့် ၂၀၁၁ ခုနှစ်ကတည်းက ဆိုင်းငံ့ထားခဲ့ရသည့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံတန် မြစ်ဆုံဆည် စီမံကိန်း ပြန်လည်စတင်ရေး ကိစ္စရပ်များ အပေါ် အဓိက အလေးထား ဆွေးနွေးခဲ့သည်မှာ သိသာထင်ရှား နေသည်။
မြန်မာအပေါ် တရုတ်၏ သြဇာလွှမ်းမိုးမှုသည် စီးပွားရေးလုပ်ငန်းများတွင်သာ မက တော့ဘဲ ပိုမိုကျယ်ပြန့်လာနေသည်။ တရုတ်သည် မြန်မာပြည်တွင်းက မြေအောက်သယံဇာတ မည်မျှထွက်ရှိသည်ဆိုသည့် အချက်ကိုသာမက၊ ၎င်းနှင့်ပတ်သက်၍ နိုင်ငံတကာတွင် မည်သို့သိရှိနိုင်ပြီး မည်သို့ပြောဆိုနိုင်သည်ဆိုသည့် အခြေအနေကိုပါ ပုံဖော်ဖန်တီးလာနေခြင်း ဖြစ်သည်။
ဇွန်လ ၃ ရက်နေ့တွင် တရုတ်နိုင်ငံသည် မြန်မာ့နိုင်ငံရေးကို အထူးပြုလေ့လာပြီး လူသိများထင်ရှားသည့် မြန်မာဖွား ပညာရှင် မင်းဇင် အား တရုတ်နိုင်ငံတောင်ပိုင်း ကူမင်းမြို့သို့ ရောက်ရှိနေစဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်သူ မင်းဇင်သည် သူလျှိုလုပ်မှု ဖြင့် စွပ်စွဲခံခဲ့ရသည်။ ၎င်းကို ဖမ်းဆီးခြင်းမှာ စစ်ကောင်စီ၏ ထိပ်တန်းဝေဖန်ရေးသမားတစ်ဦးကို နှုတ်ပိတ်ပေးခြင်းဖြင့် စစ်အုပ်စု အား မျက်နှာသာပေးလိုခြင်းထက်၊ အမေရိကန်နှင့် တရုတ်နိုင်ငံကြား ဆက်ဆံရေးနှင့် ပို၍ သက်ဆိုင်နိုင်သည်။
သို့သော်လည်း ဤဖြစ်ရပ်သည် တရုတ်နှင့် မြန်မာ့အရေးကို လေ့လာစောင့်ကြည့်နေကြသည့် ပညာရှင်များနှင့် အသိုင်းအဝိုင်းများကြားထဲတွင် ထိတ်လန့်တုန်လှုပ်မှုကို ဖြစ်ပေါ်စေခဲ့သည်။ မြန်မာနိုင်ငံအပေါ် တရုတ်၏ ချုပ်ကိုင်မှု ပိုမိုတင်းကျပ်လာသည်နှင့်အမျှ တရုတ်နှင့် မြန်မာ ဆရာ တပည့် နှစ်ဦး စလုံး၏ သဘောသဘာဝကို နားလည်သဘောပေါက်ရန်မှာ ယခင်ကထက် ပိုမိုခက်ခဲလာနေပြီ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!