ကျွန်တော်သည် ကျောင်းသားကောင်းတယောက် ဖြစ်ခဲ့ဖူး၍ ကျွန်တော့်ဆရာ ဘာကိုလိုချင်လဲဆိုတာ ကျွန်တော် သိခဲ့သလို၊ ဒါထက်ပိုသည်ကတော့ ကျောင်းသားဆိုးတယောက်နဲ့ နှိုင်းပြီး ရလာသည့် ဆရာ့၏ ချီးမွမ်းမှုကို သဘောကျနှစ်ခြိုက်ခဲ့မိခြင်း ဖြစ်သည်။ နာရီပြင်သမား ဆိုသည်က ကျောင်းသားဆိုးမျိုးပင် မဟုတ်ပါလား။ သူသည် အမေရိကန်တွေ သင်ပေးခဲ့သည်ကို ဆည်းပူး ခဲ့ သော်လည်း ထိုသွန်သင်ချက်များကို ပြတ်ပြတ်သားသားပဲ ပယ်ချခဲ့သူဖြစ်သည်။
ကျွန်တော်ကတော့ အမေရိကန်များ၏ အတွေးအခေါ် များ အပေါ် ပိုပြီးစာနာနားလည်မှု ရှိခဲ့သူ ဖြစ်သည်၊ ကျွန်တော် 'နာရီပြင်သမား' ကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ချိုးနှိမ်ဖျက်ဆီးပစ်နေချိန်တွင် အမေရိကန်များ၏ နေရာတွင် ကျွန်တော့်ကိုယ်ကျွန်တော် မသိစိတ်က အစားထိုး မြင်ယောင်နေမိခဲ့သည်ကို ဝန်ခံရ ပေလိမ့်မည်။
သူသည် အမေရိကန်များကို ခြိမ်းခြောက် နေခြင်း ဖြစ်၍ တဖက်ကကြည့်လျင် ကျွန်တော့်ကိုပါ ခြိမ်းခြောက်နေခြင်းပင် ဖြစ်သည်။ သို့သော်သူ့ကို အနိုင်ယူပြီး ကျွန်တော်ရရှိခဲ့သည့် ကျေနပ်မှုသည် ကြာကြာမခံခဲ့။ နောက်ဆုံးမှာတော့ ကျောင်းသားဆိုးတယောက် ဘာတွေစွမ်းဆောင်နိုင်သလဲဆိုသည်ကို သူက လူတိုင်းကို သက်သေပြသွားခဲ့သည်။
ကိုယ်တိုင်မပိုင်ဆိုင်ရသည့် ကုန်ထုတ်လုပ်မှုဆိုင်ရာ အရင်းအမြစ်များကို ဖျက်ဆီးပစ်ဖို့ နှင့် မိမိကို ချုပ်ကိုင်ထားသည့် ကိုယ်စားပြုစနစ်ကို ချေမှုန်းပစ်ဖို့ ဖြစ်နိုင်ခြေရှိသည် ဆိုခြင်းကို သက်သေပြရင်း သူသည် ကျွန်တော့်ထက် ဉာဏ်သာသွားခဲ့သည်။
သူ့၏ နောက်ဆုံးခြေလှမ်းသည်က ကျွန်တော်သူ့ကို ဝန်ခံချက်စာတမ်း ပြသပြီး တပတ်အကြာ အလုပ်ဆင်းချိန် မနက်ခင်းတခုတွင် ဖြစ်ပွားခဲ့သည်။ အရာရှိများနားနေဆောင်တွင် ရှိ ကျွန်တော့်ဆီ စောင့်ကြည့်ရေးအခန်းထဲက အစောင့်ဆီမှ ဖုန်းဝင်လာသည်။ ကျွန်တော် စစ်ကြောရေး ဗဟိုဌာနကို ရောက်သွားသည့်အချိန်မှာ ကလော့ဒ် လည်း ရောက်နေပြီ ဖြစ်သည်။
'နာရီ သမား' သည် အဖြူရောင်ဘောင်းဘီတိုနှင့် အဖြူရောင် တီရှပ်ကို ဝတ်ဆင်ထားပြီး အဖြူရောင် နံရံဘက်ကို မျက်နှာမူကာ အဖြူရောင် ကုတင်ပေါ်မှာ ကွေးကွေးလေး လဲလျောင်းနေသည်။ ကျွန်တော်တို့ သူ့ကို တဖက်သို့ လှန်လိုက်သည့်အခါမှာတော့ သူ့မျက်နှာတစ်ခုလုံး ညိုမည်းနေပြီး မျက်လုံးတွေကလည်း ပြူးထွက်နေခဲ့ပြီ ဖြစ်သည်။ ပွင့်နေသည့် သူ၏ အာခေါင်အတွင်းပိုင်း အနက်ဆုံးနေရာတွင် အဖြူရောင် အတုံးအခဲတခုကို တွေ့လိုက်ရသည်။
"ကျွန်တော် သန့်စင်ခန်း ခဏလေးပဲ သွားလိုက်တာပါဗျာ" ဟု အစောင့်က တုန်တုန်ရီရီဖြင့် ငိုမဲ့မဲ့ ပြောရှာသည်။ "သူ မနက်စာ စားနေတာလေ။ နှစ်မိနစ်အတွင်းမှာ သူ ဘာလုပ်နိုင်မှာမို့လို့လဲ"
'နာရီသမား' လုပ်သွားခဲ့သည်ကတော့ မိမိကိုယ်ကိုယ် အသက်ရှူကျပ်အောင်လုပ်ပြီး သေကြောင်းကြံစည်သွားခြင်းပင် ဖြစ်သည်။
သူသည် ပြီးခဲ့သည့် အပတ်ကတည်းက အမူအကျင့် ကောင်းမွန်နေခဲ့သည့် အတွက် ကျွန်တော်တို့က သူ မနက်စာအတွက် အလိုရှိသည်များကို ဆုလာဘ်အနေနှင့် ပေးခဲ့ကြသည်။
"ကျွန်တော် ကြက်ဥပြုတ် အကျက်ကြိုက်တယ်" ဟု သူက ပြောခဲ့ဖူးသည်။ ထို့ကြောင့် သူသည် ပထမဆုံး ကြက်ဥနှစ်လုံးကို အခွံနွှာ စားသောက်ပြီးနောက်၊ တတိယမြောက်တလုံးကိုမူ အခွံ ကိုပါ မခွာဘဲ တလုပ်တည်း မျိုချပစ်လိုက်ခြင်း ဖြစ်သည်။
ဟေး... အချောအလှလေးရေ... (ရေဒီယိုမှ သီချင်းသံ ပေါ်ထွက်လာသည်)
"အဲဒီ သောက် သီချင်းကို ပိတ်စမ်း!" ဟု ကလော့ဒ်က အစောင့်ကို အော်ဟစ်ငေါက်ငမ်းလိုက်လေသည်။
"နာရီသမား" အတွက်မူ အချိန်တို့သည် ရပ်တန့်သွားခဲ့လေပြီ။ ကျွန် တော် ကိုယ်ပိုင် အခန်းဖြူလေးထဲတွင် နိုးထလာချိန်ကျမှသာ ထိုသို့ အချိန်ရပ်တန့်သွားခြင်းသည် ကျွန် တော် အတွက်လည်း အကျုံးဝင်နေခဲ့သည်ဆိုသည်ကို သဘောပေါက်လိုက်မိတော့သည်။
ကျွန် တော် ၏ အခန်းထဲမှနေ၍ တဘက်က အခန်းဖြူကို အတိုင်းသား အထင်အရှား မြင်တွေ့နေရပြီး၊ ထောင့်စွန်းရှိ ကင်မရာမှတစ်ဆင့် ကလော့ဒ် နှင့် ကျွန် တော် ကိုယ်တိုင် "နာရီသမား" ၏ ဘေးတွင် မတ်တပ်ရပ်နေကြပုံကို စူးစိုက်ကြည့်နေမိသည်။
"ဒါ မင်းအပြစ်မဟုတ်ပါဘူး" ဟု ကလော့ဒ်က ပြောသည်။ "ငါကိုယ်တိုင်တောင် ဒါကို ထည့်မတွေးမိခဲ့ဘူး။"
သူက ကျွန် တော် ၏ ပုခုံးကို စိတ်သက်သာရာရစေရန် ပုတ်ပေးခဲ့သော်လည်း ကျွန် တော် ဘာမှ ပြန်မပြောမိခဲ့။ ကန့် ဆေး နံ့က ကျွန် တော် ၏ စိတ်အာရုံတခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး စိတ်ထဲတွင်မူ— 'ငါဟာ လူယုတ်မာတစ်ယောက် မဟုတ်ဘူး၊ ငါဟာ လူယုတ်မာတစ်ယောက် မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး... ဒါမှမဟုတ် တနည်းနည်းနဲ့ ငါဟာ တကယ်ပဲ ဖြစ်နေခဲ့တာလား' ဆိုသည့် အတွေးတခုမှအပ ကျန်ရှိသမျှကို မေ့လျော့သွားစေခဲ့သည်။
**************
အခန်း (၁၂)
ကျွန် တော် ဆေးရုံက ဆင်းလာချိန်တွင်မူ ရုပ်ရှင် အဖွဲ့အတွက် ဘာမှ လုပ်ပေးစရာ မလိုအပ်တော့ပေ။ ရုပ်ရှင်ရိုက်ကူးရေး ပြီးဆုံးသွားပြီဖြစ်၍ လက်ကျန်ရှင်းလင်းရေး အလုပ်များအတွက်လည်း ကျွန် တော်အား ရိုက်ကွင်းသို့ ပြန်လာဖို့ မခေါ်တော့။ ထို့ပြင် ဖိလစ်ပိုင်နိုင်ငံမှ ချက်ချင်းထွက်ခွာရန် လေယာဉ်လက်မှတ်တစ်စောင်ကိုပါ အဆင်သင့် ကြိုတင်ဖြတ်ထားပေးသည်ကို တွေ့ရသဖြင့်၊ ကျွန် တော် သည် တလမ်းလုံး ‘ကိုယ်စားပြုမှု’ ဆိုသည့် ပြဿနာကိုသာ တနုံ့နုံ့တွေးတောရင်း ပြန်လာခဲ့ရသည်။
ကုန်ထုတ်လုပ်မှု အင်အားစု ကို မိမိကိုယ်တိုင် မပိုင်ဆိုင်ခြင်းသည် အချိန်မတန်ဘဲ သေဆုံးခြင်းကို ဖြစ်စေနိုင်သော်လည်း၊ မိမိကိုယ်တိုင်၏ ‘ကိုယ်စားပြုမှု အခွင့်အာဏာ’ ကို မပိုင်ဆိုင်ခြင်းသည်လည်း သေခြင်းတရားတမျိုးပင် ဖြစ်သည်။ အကြောင်းမူကား အကယ်၍ ကျွန် တော် တို့၏အကြောင်းကို အခြားသူများကသာ စိတ်တိုင်းကျ ပုံဖော်ကိုယ်စားပြုခွင့် ရသွားမည်ဆိုလျှင်၊ တနေ့သောအခါတွင် သူတို့သည် ကျွန် တော် တို့၏ သေဆုံးခြင်း သမိုင်းကြောင်းများကို မှတ်ဉာဏ်၏ ပါကေးကြမ်းပြင်ပေါ်မှနေ၍ ရေပိုက်ဖြင့် ထိုးကာ အစအနမကျန် ဆေးကြောပစ်ကြလိမ့်မည် မဟုတ်ပါလော။
ရရှိခဲ့သော ဒဏ်ရာများကြောင့် ယခုထက်တိုင် နာကျင်ပြီး ခံရခက် ဖြစ် နေသဖြင့်၊ ယခု ဖြောင့်ချက်ကို ရေးသားနေရင်း ‘ကျွန် တော် ၏ ကိုယ်စားပြုမှုကို ကျွန် တော် ကိုယ်တိုင် ပိုင်ဆိုင်သလော’ သို့မဟုတ် ‘ကျွန် တော် ၏ အပြစ်များကို နားထောင်ပေးနေသည့် အို... အရှင်၊ သင်ကသာ ပိုင်ဆိုင်လေသလော’ ဟု မတွေးဘဲ မနေနိုင်အောင် ဖြစ်ရပါတော့သည်။
လော့စ်အိန်ဂျလိစ် လေဆိပ်မှာ ဘွန် က ကျွန်တော့်ကို စောင့်ကြိုနေတာ မြင်လိုက်ရမှ စိတ် အနည်းငယ် သက်သာရာရသွားခဲ့သည်။ သူက အရင်ကအတိုင်း မပြောင်းလဲ။ ကျွန်တော်တို့၏ တိုက်ခန်းတံခါးကို ဖွင့်လိုက်သည့် အခါ အခြေအနေက ပိုပြီးကောင်းမွန် မလာ သော်လည်း ပိုပြီးတော့ ဆိုးမသွားသည်ကို တွေ့ရ၍ စိတ်အေးသွားမိသည်။ ဖရီဂျီဒဲယား ရေခဲသေတ္တာအဟောင်းကြီးကတော့ ကျွန်တော်တို့၏ ဟောင်းနွမ်းစုတ်ပြတ်နေသည့် ပြကွက်လေးထဲမှာ အဓိကဆွဲဆောင်မှုအဖြစ် ရှိနေဆဲပင်။
လေယာဉ်စီးခဲ့ရ၍ မောပန်းနွမ်းနယ်မှု များ ပျောက်သွားအောင် ဘွန်က ရေခဲသေတ္တာထဲမှာ ဘီယာတွေ အလိုက်တသိ အလုံအလောက် ဖြည့်ထားပေးရှာ သည်။ ဒါပေသိ ကျွန်တော့် ရင်ထဲအထိ စိမ့်ဝင်နေသည့် မမျှော်လင့်ဘဲ ခံစားနေရ သော ဝမ်းနည်းမှုများကို ပျောက်ကွယ်သွားစေဖို့တော့ ထိုဘီယာတွေက မစွမ်းသာခဲ့။
သူ အိပ်ပျော်သွားသော်လည်း ကျွန်တော် မအိပ်နိုင်သေးဘဲ ပါရီမှ အဒေါ်ဖြစ်သူဆီက နောက်ဆုံးရောက်လာသည့် စာကို ဖတ်နေမိသည်။ မအိပ်ခင်မှာပဲ အဒေါ်ဖြစ်သူဆီ ပြန်ရမည့် အစီရင်ခံစာကို တာဝန်ကျေပွန်စွာ ရေးသားလိုက်ရသည်။
"ဟမ်းလက်" (The Hamlet - စစ်ဆင်ရေးအဖွဲ့ငယ်) က အားလုံးအဆင်သင့်ဖြစ်နေပြီလို့ ကျွန်တော် ရေးလိုက်သည်။ ထို့ထက် ပိုအရေးကြီးသည်က "လှုပ်ရှားမှုအဖွဲ့" အနေနှင့် ဝင်ငွေရလမ်းတခု ရှာဖွေနိုင်ခဲ့ပြီ ဖြစ်ကြောင်းပင်။
"စားသောက်ဆိုင်တစ်ဆိုင်လား" ဟု ဘွန်က ပထမဆုံးဘီယာခွက်ကို သောက်ရင်း ထို သတင်းကို ပြောပြစဉ်က ကျွန်တော် မေးခဲ့မိသည်။
"ဟုတ်တယ်လေ။ ဆရာကတော် က တကယ်ကို လက်ရာကောင်းတဲ့ ထမင်းချက်တယောက်ပဲ" လို့ သူက ပြောလာသည်။
သူမ၏ လက်ရာသည် ကျွန်တော် နောက်ဆုံးစားခဲ့ဖူးသမျှထဲမှာ အကောင်းဆုံး ဗီယက်နမ်အစားအစာ ဖြစ်ခဲ့တာမို့၊ နောက်တရက် ဗိုလ်ချုပ်ကြီးဆီ ဖုန်းဆက်ပြီး မဒမ်ရဲ့ လုပ်ငန်းသစ်အတွက် ဂုဏ်ပြုစကားပြောဖို့ လုံလောက်တဲ့ အကြောင်းပြချက် ဖြစ်ခဲ့သည်။
မျှော်လင့်ထားတဲ့အတိုင်း သူက ကျွန်တော့်ကို ကြိုဆိုသည့် အနေနှင့် ဆိုင်မှာ လာရောက်စားသောက်ဖို့ ဖိတ်ခေါ်ခဲ့သည်။ ထိုဆိုင်ကိုတော့ ချိုင်းနားတောင်း၏ ဘရော့ဒ်ဝေး လမ်းပေါ်မှာရှိလက်ဖက်ရည်ဆိုင်တဆိုင်နှင့် တိုင်းရင်းဆေး ဆေးမြစ်ဆိုင်တဆိုင်၏ ကြားထဲ ဖွင့်ထားသည်ကို တွေ့လိုက်ရသည်။