မင်းအောင်လှိုင် ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ၆ နှစ်ဆက်တိုက် ခံနေရသော လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက်မွေးနေ့တွင် နိုင်ငံတဝှမ်းနှင့် ပြည်ပနိုင်ငံအများအပြားရှိ ပြည်သူများနှင့် မိတ်ဆွေများသည် ထိုနေ့ကို ဒေါသတရားများဖြင့် မဟုတ်ဘဲ နှင်းဆီပန်းများ၊ ဖယောင်းတိုင်များနှင့် ဆုတောင်းမှုများဖြင့် တုံ့ပြန်ခဲ့ကြသည်။
နှင်းဆီပန်းသည် လွတ် မြောက်ရေး လှုပ်ရှားမှု၏ ငြိမ်သက်တိတ်ဆိတ်သော ပြယုဂ်တစ်ခု ဖြစ်လာခဲ့သည်။ မြို့ရွာများတွင် ထောက်ခံအားပေးသူများသည် နှင်းဆီပန်းများကို ၎င်းတို့၏ အင်္ကျီများတွင် ထိုးဆင်ခြင်း၊ အိမ်တွင်းဘုရားကျောင်းဆောင်ငယ်များ၌ ပန်းလှူဒါန်းခြင်းနှင့် လမ်းပေါ်ရှိ လူများအား နှင်းဆီတပွင့်စီ ကမ်းပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
မြန်မာနိုင်ငံအတွင်း၌မူ "နှင်းဆီလှုပ်ရှားမှု" ကို ပြည်တွင်းသပိတ်ကော်မတီများက ဦးဆောင်စီစဉ်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ထိန်းချုပ်ရာဒေသများရှိ ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံရေးကို အထူးဂရုပြုကာ သတိထားပါဝင်ကြရန် လည်း တိုက်တွန်းခဲ့ကြသည်။
အမှန်တကယ်လည်း အန္တရာယ် ရှိနေခဲ့သည်။ မွေးနေ့အထိမ်းအမှတ် ပြုလုပ်သူ မည်သူမဆို ဖမ်းဆီးခံရနိုင်ကြောင်း ရဲအဖွဲ့က သတိပေးထားခဲ့သည်။ စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များက လမ်းမများကို စစ်ဆေးခြင်းနှင့် နှင်းဆီပန်းရောင်းချမှုကို ကန့်သတ်ခြင်းများ ပြုလုပ်ခဲ့သော်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် အများပြည်သူသပိတ်ကော်မတီက ဤလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။ ထို့နောက်တွင် စစ်တပ်က မြို့၏အချို့နေရာများကို ပိတ်ဆို့ကာ ညဉ့်နက်သည်အထိ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့နယ်တွင် ရွာပေါင်း ၃၀ မှ လူဦးရေ ၂၀၀ ကျော်သည် သူမအား ဂုဏ်ပြုသောအားဖြင့် မာရသွန်အပြေးပြိုင်ပွဲတစ်ခုတွင် ပါဝင်ခဲ့ကြသည်။ ယင်းမာပင်မြို့နယ်တွင်လည်း ရွာပေါင်း ၉ ရွာမှ ဒေသခံများသည် နှင်းဆီပန်းများ ကိုင်ဆောင်ကာ သူမ ကျန်းမာရေးအတွက်လည်းကောင်း၊ စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် တော်လှန်ရေး အောင်မြင်ရေးအတွက်လည်းကောင်း ကြွေးကြော်ပြီး ၉ မိုင်တိုင်တိုင် ချီတက်ဆန္ဒပြခဲ့ကြသည်။
ပုသိမ်ကြီးမြို့နယ်တွင်မူ ပြည်သူ့ကာကွယ်ရေးရဲဘော်များက "အမေစု" မကြာမီ လွတ်မြောက်ပါစေကြောင်း ရိုးရှင်းစွာ ဆုတောင်းခဲ့ကြသည်။ ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများတွင်လည်း အများပြည်သူတို့၏ မွေးနေ့အထိမ်းအမှတ် ပြုလုပ်မှုများကို တွေ့ရှိရပြီး တော်လှန်ရေးရဲဘော်များလည်း ပါဝင်ခဲ့ကြသည်။ ရဲဘော်တစ်ဦးက အသက် ၈၁ နှစ်အရွယ် ခေါင်းဆောင်ကို ပြန်လွှတ်ပေးရန် စစ်အုပ်စုက ငြင်းဆန်နေခြင်းသည် စစ်တပ်အနေဖြင့် သူမကို မည်မျှအထိ ကြောက်ရွံ့နေသေးသည်ကို ပြသနေခြင်းသာဖြစ်ကြောင်း ပြောပြခဲ့သည်။
ပြည်ပ နေ မြန်မာပြည်ဖွားများအကြားတွင်မူ ထိုနေ့သည် ဘာသာရေးဆန်သော အသွင်သဏ္ဌာန်ကို ပိုမိုဆောင်ခဲ့သည်။ ဂျပန်နိုင်ငံရှိ မြန်မာအသိုက်အဝန်းသည် ဇွန်လ ၁၄ ရက်နေ့တွင် ရှီဇူအိုကာစီရင်စု ရှိ ဂိုတန်းဘ ငြိမ်းချမ်းရေးစေတီတော် ၌ စုဝေးကာ ဘာသာပေါင်းစုံ ဆုတောင်းပွဲတစ်ရပ်ကို ကျင်းပခဲ့ကြသည်။ ဗုဒ္ဓဘာသာ ဆရာတော်တပါးက မိမိတို့၏ ထုံးတမ်းအစဉ်အလာအတိုင်း ဆုတောင်းမှုများကို ဦးဆောင်ပေးခဲ့ပြီး၊ ကရင်ခရစ်ယာန်နှင့် မွတ်စလင်ဘာသာဝင်များကလည်း မိမိတို့၏ သက်ဆိုင်ရာ ကိုးကွယ်ရာဘာသာအလိုက် သူမ၏ ကျန်းမာရေးအတွက် ဆုတောင်းပေးခဲ့ကြသည်။ ထို့ပြင် တက်ရောက်လာသူများက တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းခံထားရမှုမှ သူမ မကြာမီ လွတ်မြောက်ပါစေကြောင်းကိုလည်း ဆုတောင်းခဲ့ကြသည်။
ကနေဒါ နိုင်ငံ ဗန်ကူးဗားမြို့တွင် ဗမာ့ကနေဒီယန်အသင်း က မွေးနေ့မတိုင်မီ ဆုတောင်းပွဲတခုကို ကျင်းပခဲ့ပြီး၊ ကဗျာရွတ်ဆိုခြင်း၊ မိုးပျံပူဖောင်းများ လွှတ်တင်ခြင်းနှင့် မြန်မာ့ရိုးရာအစားအစာများ ရောင်းချကာ ရန်ပုံငွေရှာဖွေခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
ထိုင်းနိုင်ငံတွင်လည်း မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ပြည်ပရောက် အဝေးရောက်အဖွဲ့အစည်းများက စနစ်တကျ ပူးပေါင်းညှိနှိုင်းထားသည့် လှုပ်ရှားမှုတရပ်ကို ဆင်နွှဲခဲ့ကြသည်။
ထင်ရှားသော ဒီမိုကရေစီအရေးလှုပ်ရှားသူတစ်ဦးနှင့် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီသိပ္ပံ (Institute for Peace and Federal Democracy) ကို တည်ထောင်သူ ဒေါက်တာဆာဆာကလည်း မွေးနေ့အထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံနှင့် ယုံကြည်ချက်အသီးသီးရှိသူ ပြည်သူများအား ဆုတောင်းခြင်း၊ အစာရှောင်ခြင်းတို့ ပြုလုပ်ကြရန် ဖိတ်ခေါ်ခဲ့သည်။ လူအများစုအတွက်မူ ထိုနေ့သည် ပျော်ပွဲရွှင်ပွဲနေ့တနေ့ထက် ယုံကြည်ချက်ကို ပြသခြင်းနှင့် အောက်မေ့သတိရခြင်းဆိုင်ရာ လှုပ်ရှားမှု အသွင် ဆောင်လာခဲ့သည်။
ရန်ကုန်ရှိ နိုင်ငံခြားသံရုံးများနှင့် သံတမန်အဖွဲ့အစည်းများသည်လည်း ဤလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။ ဥရောပသမဂ္ဂ (EU)၊ ဗြိတိန်၊ ဂျာမနီ၊ နော်ဝေးနှင့် ဆွစ်ဇာလန်နိုင်ငံတို့သည် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် နှင်းဆီပန်းပုံရိပ်များကို မျှဝေခဲ့ကြပြီး အချို့မှာ ၎င်းတို့၏ ပရိုဖိုင်ပုံများကို နှင်းဆီပုံစံများဖြင့် ပြောင်းလဲခဲ့ကြသည်။ ကနေဒါသံရုံးကမူ သူမအား ချက်ချင်းနှင့် ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန်၊ လုံလောက်သော ဆေးဝါးကုသမှုပေးရန်၊ ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန်နှင့် အကြမ်းဖက်မှုများကို အဆုံးသတ်ရန် တောင်းဆိုခဲ့သည်။ အစိုးရအဖွဲ့အစည်းအများအပြားကလည်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်နှင့် မိမိတို့၏ ယုံကြည်ချက်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးကို ပြန်လည်လွှတ်ပေးရန် ၎င်းတို့၏ တောင်းဆိုချက်များကို ထပ်လောင်းပြောကြားခဲ့ကြသည်။
အနှစ်သာရအရှိဆုံး ပုဂ္ဂိုလ်ရေးခံစားချက်ကို ဖော်ပြခဲ့သူမှာ သားဖြစ်သူ ကင်အဲရစ်ပင် ဖြစ်သည်။ သူသည် မိခင်ဖြစ်သူ အသက်ထင်ရှားရှိနေသေးခြင်း ရှိ၊ မရှိကိုပင် အတည်မပြုနိုင်သေးဘဲ ထိုမေးခွန်းတစ်ခုတည်းအပေါ် အခြေခံကာ ကမ္ဘာလုံးဆိုင်ရာ "အသက်ထင်ရှားရှိကြောင်း သက်သေပြရေး" (Proof of Life) လှုပ်ရှားမှုကို တည်ဆောက်ထားခဲ့သည်။
မွေးနေ့အထိမ်းအမှတ်အဖြစ် သူသည် ထောက်ခံအားပေးသူများအား ၈၁ ကီလိုမီတာ အပြေးပြိုင်ရန်၊ ၈၁ မိုင် စက်ဘီးစီးရန် သို့မဟုတ် ခြေလှမ်းပေါင်း ၈၁,၀၀၀ လမ်းလျှောက်ရန် တိုက်တွန်းသည့် "၈၁ အတွက် ၈၁" (81 for 81) စိန်ခေါ်မှုလှုပ်ရှားမှုကို စတင်ခဲ့သည်။ သူကိုယ်တိုင်လည်း လန်ဒန်မြို့ရှိ ဟိုက်ဒ်ပန်းခြံ ကို ဖြတ်သန်းကာ စကိတ်ဘုတ်ဖြင့် ၈၁ ကီလိုမီတာ မောင်းနှင်ခဲ့ပြီး ဇွန်လ ၁၇ ရက်နေ့တွင် အဆုံးသတ်ခဲ့သည်။ ထိုနေ့အတွက် ဗီဒီယိုသဝဏ်လွှာတခုတွင် သူက မိခင်ဖြစ်သူ၏ "စိတ်ဓာတ်ကို လှောင်ပိတ်ထား၍မရနိုင်" ဟု ပြောကြားခဲ့သည်။ ထို့ပြင် ၎င်း၏ ယခင် ဩစတြေးလျခရီးစဉ်အတွင်း၌လည်း စစ်အုပ်စု သည် မိခင်ဖြစ်သူကို စိတ်ပိုင်းဆိုင်ရာ ဖိအားပေးသည့် ကိရိယာတစ်ခုအဖြစ် အသုံးချကာ "ဓားစာခံသံတမန်ရေး" ကို ကျင့်သုံးနေသည်ဟု စွပ်စွဲပြစ်တင်ခဲ့သည်။
စိုးရိမ်ပူပန်မှု နေများသည် အကြောင်းမဲ့တော့မဟုတ်ပေ။ စစ်အုပ်စုက နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်အား နေပြည်တော်အကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ်ဟု ယူဆရသည့် လျှို့ဝှက်နေရာတစ်ခုသို့ မေလ ၃၁ ရက်နေ့တွင် ပြောင်းရွှေ့လိုက်ကြောင်း ပြောကြားခဲ့သော်လည်း၊ သူမအား ပြင်ပကမ္ဘာနှင့် လုံးဝအဆက်အသွယ်ပြတ်တောက်အောင် ပြုလုပ်ထားခဲ့သည်။
ရှေ့နေများသည် ၂၀၂၂ ခုနှစ်ကတည်းက သူမနှင့် စကားပြောခွင့် မရရှိခဲ့ကြပေ။ သူမအား ဖမ်းဆီးထားခြင်းသည် နိုင်ငံရေးလောကမှ ဖယ်ထုတ်ထားရန်အတွက် လုပ်ကြံဖန်တီးထားခြင်းဖြစ်သည်ဟု အားလုံးက ရှုမြင်ထားကြပြီး ဖြစ်သည်။ ယခုလအစောပိုင်းတွင်မူ NKD ဗဟိုဌာနချုပ်မှ ကျန်ရှိနေသေးသော နောက်ဆုံးအကြွင်းအကျန်များကိုပါ ဖျက်သိမ်းဖယ်ရှားခြင်း ခံခဲ့ရသည်။
လူ့အခွင့်အရေးအဖွဲ့အစည်းများသည် ထိုနေ့ကို အထိမ်းအမှတ် အဖြစ် အသုံးချကာ ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တွန်းအားပေးခဲ့ကြသည်။ နိုင်ငံပေါင်း ၁၀ နိုင်ငံမှ လက်ရှိနှင့် လွှတ်တော်အမတ်ဟောင်း ၁၃၄ ဦးဖြင့် ဖွဲ့စည်းထားသော အာဆီယံအမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR) က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန် အာဆီယံအနေဖြင့် တောင်းဆိုတိုက်တွန်းရန် အိတ်ဖွင့်ပေးစာတစောင်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ နိုင်ငံရေးအကြောင်းပြချက်များဖြင့်
ဖမ်းဆီးထိန်းသိမ်းခံထားရသူ ပေါင်း ၂၂,၀၀၀ ကျော်ရှိနေသေးကြောင်း စာရင်းပြုစုထားသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကလည်း ထိုနည်းတူ တောင်းဆိုခဲ့ပြီး "အသက်ထင်ရှားရှိကြောင်း သက်သေပြရေး" (Proof of Life) လှုပ်ရှားမှုကိုလည်း ထောက်ခံအားပေးခဲ့သည်။
ထိုအချိန်၌ ဆန့်ကျင်ဘက် အခြေအနေများ အထင်အရှား တွေ့လာရသည်။ မြန်မာနိုင်ငံ၏ အကြမ်းမဖက် လှုပ်ရှားမှုကို ဦးဆောင်ခဲ့သည့် အမျိုးသမီးအတွက် ထောက်ခံသူများက နှင်းဆီပန်းများ ပေးအပ်နေကြစဉ်၊ သူမအား ဖြုတ်ချခဲ့သည့် အကြမ်းဖက် စစ်ဗိုလ်ချုပ် မင်းအောင်လှိုင်မှာမူ ဘီဂျင်းနှင့် လွန်ခဲ့သော နှစ်ပတ်က နယူးဒေလီမြို့တို့တွင် ကြိုဆိုခြင်း ခံခဲ့ရပြီး နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရယူနေခဲ့သည်။
သို့သော် သူမမှာမူ အသက်ထင်ရှားရှိနေကြောင်း ပြသပိုင်ခွင့်ပင် အငြင်းပယ်ခံထားရသည်။ သူမ၏ ၈၁ နှစ်မြောက် မွေးနေ့ကို အထိမ်းအမှတ် ပြုလုပ်ခဲ့ကြသည့် ပြည်သူများအတွက်မူ နှင်းဆီပန်းသည် လက်ဆောင်တခုဖြစ်သလို မေးခွန်းတခုလည်း ဖြစ်နေခဲ့သည် - "အမေစု ဘယ်မှာလဲ၊ သူမ ကျွန်တော်တို့နဲ့အတူ ရှိနေဆဲပဲလား" ဟူ၍ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!