ပြန်လည် တောက်လောင်လာသော ကော့ကေးဆပ်စစ်မီးလျှံကြီး

by Hla Soewai - Oct 05 2020

နာဂိုနို-ကာရာဘက် ဒေသသည် ကမ္ဘာပေါ်တွင် ဖြေရှင်းလို့ မရဘဲ လွန်စွာ လက်ဝင်လှသော ပဋိပက္ခများထဲတွင် တခုအပါအဝင် အဖြစ် ရှိနေခဲ့သည်မှာ နှစ်ပေါင်း သုံးဆယ်ခန့်ပင် ရှိပေပြီ။

 

ယခုအခါ အဆိုပါ တအုံနွေးနွေး ဖြင့် ရှိနေသော ပဋိပက္ခသည် အာမေးနီးယား နှင့် အဇာဘိုင်ဂျန် အကြား စစ်ပွဲကြီး အသွင်သို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်သည်။ အောက်တိုဘာ ၁ ရက်နေ့ သတင်းများအရ တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ငါးရက်အတွင်း လူပေါင်း ၁၀၀ ကျော် သေဆုံးသွားခဲ့ရပြီ လည်း ဖြစ်သည်။

 

တိုက်ပွဲများ ဖြစ်ပွားလာခဲ့ရခြင်း အပေါ် နှစ်ဖက်စလုံးက တဦးပေါ်တဦး အပြစ်ပုံချလျှက် ရှိနေကြသည်။ လက်ရှိ အနေအထားအရ အဇာဘိုင်ဂျန်သည် နာဂါနို-ကာရာဘက် ဒေသ တစိတ်တပိုင်းကို ပြန်လည် သိမ်းပိုက်နိုင်ရန် ထိုးစစ်ကြီး ဆင်နွှဲလာပုံရသည်ဟု ယူဆရပေသည်။ အဇာဘိုင်ဂျန် နိုင်ငံအတွင်း အာမေနီးယားဖက်မှ ဖဲ့ထုတ်ယူထားသော အပိုင်းရှိရာသို့ ဒုံးကျည်များ ဆက်တိုက်ဆိုသလို ကျရောက်လာခဲ့သည်။ အဇာဘိုင်ဂျန်ဖက်မှ ကျေးရွာအတော်များများကို သိမ်းယူနိုင်လိုက်ပြီဟု ပြောလာခဲ့သည်။

 

နှစ်နိုင်ငံစလုံးက စစ်အုပ်ချုပ်ရေး ကြေညာခဲ့ကြပြီး တပ်များကို စုစည်းလာခဲ့ကြသည်။ အာမေနီးယားကလည်း တူရကီသည် နောက်ကွယ်မှ မြှောက်ပေးနေပြီး ၎င်းတို့၏ စစ်လေယာဉ်တစီးကိုပင် ပြစ်ချခဲ့သည်ဟု စွပ်စွဲခဲ့သည်။ တူရကီ အရာရှိများကတော့ အဆိုပါ စွပ်စွဲချက်ကို ငြင်းဆိုခဲ့ကြသည်။

 

ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲခင်က နာဂိုနို-ကာရာဘက်သည် အဇာဘိုင်ဂျန် အတွင်း ရှိနေခဲ့ပြီး ဖြစ်သည်။ ဆိုဗီယက် အင်ပိုင်ယာကြီး ပြိုကွဲသွားသည့် အခါတွင်တော့ အဆိုပါ ဒေသတွင်းရှိ လူများစု ဖြစ်နေသော အာမေနီးယန်း မျိုးနွယ်စုဝင်များက လွတ်လပ်ရေးကို တောင်းဆိုကာ အာမေနီးယားနှင့် ပေါင်းစည်းနိုင်ရန် အားထုတ်လာကြသည်။ ဤသို့ဖြင့် စစ်ပွဲကြီး အသွင် ကူးပြောင်းသွားခဲ့ပြီး ၁၉၉၄ တွင် အပြစ်အခတ် ရပ်စဲပြီးချိန်တွင်တော့ နှစ်ဖက်စလုံး အသေအပျောက် ၃၀,၀၀၀ ခန့်အထိ ရှိခဲ့ပြီး လူတသန်းခန့် အိုးအိမ်မဲ့ ဖြစ်ခဲ့ကြသည်။

 

ထိုအချိန်မှစ၍ နာဂိုနို-ကာရာဘက်အား အာမေးနီးယန်း တပ်များက ထိန်းချုပ်ထားဆဲ ဖြစ်သော်လည်း နိုင်ငံတကာကမူ အဇာဘိုင်ဂျန်၏ တစိတ်တပိုင်း အဖြစ် အသိအမှတ်ပြုထားဆဲပင် ဖြစ်သည်။ အာမေးနီးယားသည် အဆိုပါ ဒေသ အစိတ်အပိုင်းသာမက ၎င်းတို့နိုင်ငံနှင့် ဆက်သွယ်၍ ရမည့် ပတ်ဝန်းကျင် ဒေသများကိုပါ သိမ်းပိုက်ထားခဲ့ကြသည်။ (မြေပုံကို ရှုရန်)

 

နိုင်ငံတကာ မှ ဖြန်ဖြေပေးမှုများ ရှိခဲ့သော်လည်း ပြေလည်ခဲ့ခြင်း မရှိပေ။ အာမေးနီးယား ဝန်ကြီးချုပ် နီကိုလ် ပါရှင်ယန် မှ နာဂိုနို-ကာရာဘတ်အား အာမေးနီးယား နှင့် ပေါင်းစည်းရန်ပင် တောင်းဆိုလာခဲ့သည်။ အဇာဘိုင်ဂျန် အာဏာရှင် ဖြစ်သူ အီလ်ဟန် အာလီယက်ဖ် က ထိုအရေးသည် စေ့စပ် ဆွေးနွေးစရာ မလိုဟု ဆိုကာ ပယ်ချထားခဲ့ပြီး ဖြစ်သည်။ နှစ်နိုင်ငံ တပ်များအကြား ထိတွေ့မှုများက အမြဲလို ဖြစ်လာနေခဲ့သည်။ ဇူလိုင်လအတွင်း အဆိုပါ ဒေသ၏ မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတခုတွင် အဇာဘိုင်ဂျန် ဗိုလ်ချုပ်ကြီး တဦး အပါအဝင် အနည်းဆုံး လူ ၁၆ ဦး ကျဆုံးသွားခဲ့ရပြီ ဖြစ်သည်။

 

အဇာဘိုင်ဂျန်သည် ယခုအခါ နာဂိုနို-ကာရာဘက် ဒေသတခုလုံး ကို သိမ်းယူရန် ကြိုးစားလာနေခြင်း အတွက် စိုးရိမ်မကင်း ဖြစ်လာနေကြသည်။ တပ်များကိုလည်း အကျအန ပြင်ဆင် ဖြန့်ကျက် ချထားသည်ကို တွေ့လာနေရ၍ ပိုမို လေးနက်သည့် သဘောဆောင်နေမှန်းလည်း ရိပ်စားမိလာကြခြင်း ဖြစ်သည်။ လက်နက်ကြီးများ အပြင် ခြေလျင် တပ်ရင်းများ၊ ရဟတ်ယာဉ်များ၊ ဒရုန်း အမြောက်အမြားကိုလည်း တွေ့လာနေရသည်ဟု လေ့လာသူများက ဆိုသည်။

 

အဆိုပါ စစ်ပွဲသည် အဇာဘိုင်ဂျန် မှ ဂျော်ဂျီယာကို ဖြတ်ကာ တူရကီသို့ ပို့ဆောင်ပေးနေသည့် ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းကို ပါ ခြိမ်းခြောက်လာနေပေသည်။

 

ယခုအခါ တူရကီသည် ယခင်ကထက် ပို၍ ထဲထဲဝင်ဝင် ပတ်သက်လာနေပြီ ဖြစ်သည်။ ယခင်က အဇာဘိုင်ဂျန်အား နိုင်ငံရေး အရသာ ထောက်ခံခဲ့သော်လည်း ယခုအခါ စစ်ရေးအရပါ ပံ့ပိုးသွားရန် ပြင်ဆင်လာပြီ ဖြစ်သည်။ အီးယူ၊ အမေရိကန် နှင့် ရုရှားတို့က တိုက်ပွဲများ ရပ်ဆိုင်းရန် ပန်ကြားခဲ့ကြသော်လည်း တူရကီ က ဆက်တိုက်ရန် ပြောဆိုလာခဲ့သည်။

 

စက်တင်ဘာ ၂၈ ရက်နေ့တွင် တူရကီ သမ္မတ အာဒိုဂန်မှ နာဂိုနို-ကာရာဘက်မှ အာမေးနီးယား တို့ ဆုတ်ခွာသွားမှသာ ဒေသအတွင်း ငြိမ်းချမ်းရေး ရရှိနိုင်လိမ့်မည်ဟု ပြောခဲ့ပြီး ထိုအရေး အတွက် အဇာဘိုင်ဂျန်အား အပြည့်အဝ ကူ ညီသွားမည်ဟု ၎င်း၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ထပ်ပြောခဲ့ပြန်သည်။ တိုက်ပွဲတွင် အဇာဘိုင်ဂျန် ဖက်မှ အသုံးပြုခဲ့သော လက်နက်တပ်ဆင်ထားသည့် ဒရုန်းများသည် တူရကီ မှ ပေးပို့ထားခြင်း ဖြစ်သည်။ အချို့သော သတင်းရပ်ကွက်များကမူ တူရကီသည် ဆီရီးယား ကြေးစား စစ်သားများကိုပင် စေလွှတ်ပေးခဲ့သည်ဟု ပြောနေကြသည်။

 

အဇာဘိုင်ဂျန်သည် နယ်မြေ အနည်းငယ် ပြန်ရလျှင်ပင် ကျေနပ်ကောင်း ကျေနပ်သွားနိုင်သော်လည်း တူရကီတို့ ဖက်မှ ဒီထက်မက နက်နက်ရှိုင်းရှိုင်း ပါဝင်လာမည် ဆိုလျှင် အဇာဘိုင်ဂျန်သို့ လက်နက်များ ရောင်းနေသော ရုရှားနှင့် ထိတ်တိုက်တွေ့လာနိုင်ပေသည်။ တဖက်တွင်လည်း ရုရှားသည် အာမေနီးယား နှင့် နှစ်နိုင်ငံ ကာကွယ်ရေး သဘောတူညီချက် ကို ချုပ်ဆိုထားပြန်သည်။

 

သီအိုရီအရ နာဂိုနို-ကာရာဘက်သည် အာမေးနီယား၏ တစိတ်တပိုင်း မဟုတ်သောကြောင့် အဇာဘိုင်ဂျန် အနေဖြင့် ရုရှားက တုန့်ပြန်သည်အထိ မရောက်နိုင်သော အနေအထားမျိုး အထိ လုပ်ချင်သလို လုပ်ပိုင်ခွင့် ရှိနေသည်။ ထိုသို့ ဆိုပြန်၍ ရုရှားက ဘာမှမလုပ်ဘဲ လက်ပိုက်ကြည့်နေမည်တော့ မဟုတ်ပြန်ပေ။

 

ယခုအချိန်အထိ ရုရှားက တူရကီအား အပြစ်အခတ် ရပ်စဲရေးကို ထောက်ခံဖို့သာ ပြောနေဆဲ ဖြစ်သည်။ ရုရှားက ဖြန်ဖြေသူ အဆင့်တွင်သာ နေလိုပုံရှိသော်လည်း အာမေးနီးယား နယ်မြေ တစိတ်တပိုင်းသာ အတိုက်ခိုက်ခံရပါက မဖြစ်မနေ ပါဝင်ရဖို့ ရှိနေသည်။

 

နောက်ဆုံးရရှိသော သတင်းများ အရ စနေနေ့အထိ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျှက် ရှိနေပြီး အဇာဘိုင်ဂျန် မှ ၎င်းတို့ တပ်များသည် ရည်မှန်းချက် ရှိရာ များသို့ အောင်မြင်စွာ ချီတက်နေပြီ ဟု ဆိုပြီး အာမေးနီယားကလည်း ပြန်လည် တွန်းလှန်နိုင်ခဲ့သည်ဟု ပြောနေသည်။

 

တူရကီ နှင့် ရုရှားသည်လည်း လစ်ဗျား နှင့် ဆီရီးယားတွင် ကြားခံ စစ်ပွဲများ ဆင်နွှဲနေဆဲ ဖြစ်၍ တတိယမြောက် စစ်ပွဲအဖြစ် ကော့ကေးဆပ် တွင် ဖြစ်ပွားလာနိုင်ဖွယ် ရှိနေပေသည်။

 

(၂၀၂၀ အောက်တိုဘာ ၃ ရက်နေ့ အီကော်နောမစ် ၏ “War returns to Nagorno-Karabakh” မှ ကိုးကား တင်ပြသည်)