နိုင်ငံ၏ ဒီမိုကရေစီ သင်္ကေတကြီး ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ၈၁ နှစ်မြောက် မွေးနေ့ကို ဖမ်းဆီးထိန်းသိမ်းခံရလျက် ဖြတ်သန်းနေရစဉ်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဇွန်လ ၁၉ ရက်နေ့တွင် သူမအား ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ်မြောက် သွားရောက်ခဲ့ပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင် ဂျူလီ ဘစ်ရှော့ပ် က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသို့ ပြောကြားရာ၌ “၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက်ခံခဲ့ရသော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြင်းပြင်းထန်ထန် နှိပ်ကွပ် အပြစ် ပေး ခံနေရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနဲ့ပတ်သက်လို့ နေပြည်တော် ကအာဏာပိုင်များ ထံ ကျွန်မ အထပ်ထပ်အခါခါ တင်ပြတောင်းဆိုခဲ့ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
"သူမရဲ့ အခြေအနေနဲ့ ပတ်သက်လို့ လွတ်လပ်ပြီး ခိုင်လုံတဲ့ အတည်ပြုချက်မျိုး မရရှိခဲ့တာ နှစ်နဲ့ချီနေပါပြီ။ ဒီနေ့ ကျရောက်တဲ့ သူမရဲ့ ၈၁ နှစ်မြောက် မွေးနေ့မှာ သူမကို ပြန်လွှတ်ပေးဖို့ ကျွန်မနဲ့အတူ ပူးပေါင်းတောင်းဆိုကြဖို့ အခြားသူတွေကိုလည်း တိုက်တွန်းပါတယ်” ဟု သူမက ပြောကြားခဲ့သည်။
“ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားသရွေ့ ငြိမ်းချမ်းရေးအတွက် ဘာတိုးတက်မှုမှ ရှိလာနိုင်မှာမဟုတ်ဘူး လို့ အားလုံးက ရှုမြင်ထားကြပါတယ်” ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။
မြန်မာသည် လက်ရှိတွင် ကမ္ဘာပေါ်၌ ငတ်မွတ်ခေါင်းပါးမှု အဆိုးရွားဆုံးဖြစ်နေသည့် ဆဋ္ဌမမြောက် နေရာသို့ ရောက်နေသည်ဟု ဆိုသည်။ ထို့ပြင် နေရပ်စွန့်ခွာ ထွက်ပြေးရမှုနှုန်း အလွန်မြင့်မားလျက်ရှိရာ နိုင်ငံအတွင်း နေရပ်စွန့်ခွာရသူ (စစ်ဘေးရှောင်) ၃.၇ သန်းကျော် ရှိနေပြီး၊ ဒေသတွင်း (အိမ်နီးချင်း) နိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေရသူ ၁.၆ သန်းကျော်အထိ ရှိနေသည်။
"နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ တသားတည်းရှိကြောင်း ခိုင်ခိုင်မာမာ ဆက်လက်ပြသသွားရမှာဖြစ်ပြီး၊ ပြည်သူတွေရဲ့ အကူအညီတောင်းခံမှုတွေအပေါ် အခြေခံပြီး လမ်းညွှန်လုပ်ဆောင်သွားရပါမယ်” ဟု ဘစ်ရှော့ပ်က ထည့်သွင်းပြောကြားခဲ့သည်။
ဤသည်ကပင် မင်းအောင်လှိုင် တို့ အဖွဲ့ ကုလ တွင် ဝင်ရောက်နေရာယူမည့် မျှော်လင့်ချက် များအား အလဲထိုးလိုက်ခြင်းပင် ဖြစ်သည်။
ဒီမိုကရေစီ အတိုက်အခံများကို ပိတ်ပင်ထားသည့် ရွေးကောက်ပွဲများအပြီးတွင် သမ္မတ ဖြစ်လာခဲ့သော စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်က ထောင်ဒဏ် အနှစ် ၃၀ ကျော် စီရင်ချက်ချခံထားရသည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အား ယခုအခါ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားမည်ဖြစ်ကြောင်း ဧပြီလတွင် ကြေညာခဲ့သည်။
သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်အား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။ သူမ၏ သားဖြစ်သူ ကင်မ် အဲရစ် ကလည်း မိခင်ဖြစ်သူ သက်ရှိထင်ရှား ရှိနေကြောင်း သက်သေပြရန် မြန်မာစစ်အာဏာပိုင်များကို တောင်းဆိုထားသည်ဟု AFP သတင်းတွင် ဖေါ်ပြထားသည်။
ကုလ သမဂ္ဂ အတွင်းရေးမှုး ချုပ်၏ အထူးသံတမန် ဖြစ်သူ ဂျုလီ ဘစ်ရှော့သည် မြန်မာ အရေး နှင့် ပတ်သက်ပြီး ကုလ အထွေထွေ ညီလာခံ တွင် ရှင်းလင်း တင်ပြစဉ် အတွင်း သူမ၏ မူလ ရာထူး အတိုင်း ခေါ်ဝေါ် သုံးစွဲပြီး ယခုလို တောင်းဆိုသွားခြင်း ဖြစ်သည်။
ထိုရှင်းလင်းပွဲသို့ တက်ရောက်လာသော ကုလ သမဂ္ဂ ဆိုင်ရာ အီးယူ သံအမတ်ကြီး ဟက်ဒါ ဆမ်ဆွန်က ယနေ့တွင် အသက် ၈၁ နှစ် ပြည့်မြောက်ခဲ့ကာ လက်ရှိအချိန်အထိ အကျဉ်းချခံထားရဆဲဖြစ်သော ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးကို ချက်ချင်းနှင့် ခြွင်းချက် မရှိ ပြန်လွှတ်ပေးရန် ၎င်း၏ မိန့်ခွန်းထဲတွင် ထည့်သွင်း တောင်းဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးစောင့်ရှောက်မှု ရရှိခွင့်၊ ရှေ့နေများအပြင် ဆွေမျိုးသားချင်းများနှင့် ဆက်သွယ်ခွင့် အပါအဝင် အခြေခံရပိုင်ခွင့်များကို အာမခံချက်ပေးရန် စစ်ကောင်စီတွင် တာဝန်ရှိကြောင်းကိုလည်း EU က ထပ်မံ သတိပေးသွားပြန်သည်။
လွတ်လပ်မှုလည်းမရှိ၊ တရားမျှတမှုလည်းမရှိဘဲ အကြမ်းဖက်မှု၊ ဖိနှိပ်မှုနှင့် အများ ပါဝင်ခွင့် မရှိမှု များလွှမ်းမိုးသည့် အခြေအနေ အတွင်း လုပ်ဆောင်ခဲ့သော စစ်တပ်၏ ဟန်ပြရွေးကောက်ပွဲများ၊ ထို့နောက် အရပ်သား အစိုးရ အမည်ခံပြီး စစ်အာဏာရှင်စနစ်ကို ပုံစံပြောင်းလဲလာသည့် အုပ်ချုပ် နေမှုများအား မိမိတို့မှ အသိအမှတ် ပြုမည်မဟုတ်ဟု လည်း ပြောဆိုသွားခဲ့သည်။
အလားတူ ဗြိတိန်၊ ကနေဒါ၊ ဩစတေးလျှ၊ အမေရိကန် သံရုံးများကလည်း ဒေါ်အောင်ဆန်းစုကြည် အား လွှတ်ပေးရန် ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။
ရန်ကုန်မြို့အတွင်းရှိ တက်ကြွလှုပ်ရှားသူများသည်လည်း တင်းကျပ်သော လုံခြုံရေးများကြားမှ ရုတ်တရက် စာတန်းချိတ်ဆွဲဆန္ဒပြမှု (Flash banner protests) များကို ပြုလုပ်ခဲ့ကြသည်။ ပြည်တွင်းရှိ ပြည်သူများနှင့် ပြည်ပရောက် မြန်မာအဖွဲ့အစည်းများကလည်း ဖြုတ်ချခံလိုက်ရသည့် ဒီမိုကရေစီအိုင်ကွန်နှင့် တသားတည်းရှိကြောင်း ပြသရန်အတွက် ဆံပင်တွင် ပန်းပန်ဆင်သည့် ကမ္ဘာလုံးဆိုင်ရာ “နှင်းဆီကမ်ပိန်း” (Rose Campaign) ကို စုစည်းလှုပ်ရှားခဲ့ကြသည်။
ဘီဂျင်းရှိ ဆရာသမားက "လူထု ထောက်ခံမှု ရရန် မှန်ကန်သော လမ်းကြောင်းကို လျှောက်ပါဟု ပြောဆို ဆုံးမလွှတ်လိုက်သော်ငြားလည်း မင်းအောင်လှိုင် ၏ ခေါင်းထဲတွင် ရှိနေသည့် အတွေးက ဒေါ်အောင်ဆန်းစုကြည် မရှိလျှင် လူထု သည် ၎င်းတို့ ဖက်သို့ အလိုလို နေရင်း ရောက်လာလိမ့်မည်ဟူ၍ ဖြစ်သည်။
ထိုရည်မှန်းချက် ပေါက်မြောက်စေရန် ဒေါ်အောင်ဆန်းစုကြည်အား သေလူ အဖြစ် မှတ်ယူပြီး လူထု အားကိုးရာမဲ့ ဖြစ်လာစေရန် လူမြင်ကွင်း တွင် တစွန်းတစ မှ ထုတ်မပြပဲ ကြိုးစား ဖျောက်ဖျက် နေခြင်း ဖြစ်သည်။
ယခုအခါ ထိုမျှ နှင့် မလုံလောက်သေးဘဲ ပြည်ပမှ ကျုးကျော်လာသည့် တပ်များအလား ဖခင်ဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်း၏ ရုပ်ထုများကို လိုက်လံ ဖြိုလှဲနေပြီး သူမ၏ သမိုင်းဝင် မိသားစုနေအိမ်မှ လွတ်လပ်ရေးသူရဲကောင်း ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံများနှင့် သူမကိုယ်တိုင်၏ ကောက်နုတ်ချက် စကားစုများကို တပြိုင်နက်တည်း ဖယ်ရှားရှင်းလင်းမှုများ စတင်လုပ်ဆောင်နေကြောင်း ပြည်တွင်းစောင့်ကြည့်လေ့လာရေးအဖွဲ့များက သတင်းထုတ်ပြန်လာခဲ့သည်။
စစ်အုပ်စုသည် စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းများ ပိုမိုပြင်းထန်လာပါမှသာ ၎င်းတို့ ဆက်လက် အာဏာတည်မြဲရေးနှင့် နိုင်ငံတကာဖိအားများကို လျှော့ချရန်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေ (ဥပမာ- နေအိမ်အကျယ်ချုပ်ပြောင်းခြင်း သို့မဟုတ် ကန့်သတ်ချက်ဖြင့် တွေ့ဆုံခွင့်ပြုခြင်း) ကို နိုင်ငံရေးအရ အကွက်ချ အသုံးချလာနိုင်ခြေသာ ရှိပါသည်။
ဆင်ခြင်တုံတရား လက်ကိုင်ထားကြသော ပြည်သူများ အဖို့က ယခုဘဝမှာရော နောင်ဘဝမှာပါ မြင်တွေ့ရလိမ့်မည်ဟု တခါဖူးမှ မတွေးခဲ့သော အဖြစ်ဆိုးများ နှင့် ကြုံနေရပြီ ဖြစ်သည်။ ခေါင်းဆောင်မှု အရည် အသွေး ဗလာနတ္ထိ နှင့် သမ္မတ တက်လုပ်ကာ တိုင်းပြည်ကို လမ်းမှားရောက်အောင် ပို့ဆောင်နေသူ တဦး ရှိနေခြင်းသည် တရက်ဆို တရက် ဆိုသလောက် တိုင်းပြည် အနာဂတ် အတွက် တန်ဖိုးကြီးကြီး ပေးဆပ်နေရပြီ ဖြစ်သည်။
၎င်း ယခုလို ပြုမူလုပ်ဆောင်မှုမျိုးကို မိမိတို့က ဘာတတတ် နိုင်မလဲ ဆိုကာ နေ့စဉ်နှင့် အမျှ သည်းခံခွင့်ပြုနေသရွေ့ မိမိတို့ သားသမီးများ၏ အနာဂတ် အန္တရာယ် ကျရောက်လာနေခြင်း ဖြစ်သည်ဟု နှလုံးသွင်းထားဖို့ လိုပေသည်။
I like people who refuse to speak until they are ready to speak.
Lillian Hellman
“စကားပြောဖို့ အသင့်မဖြစ်သေးမချင်း နှုတ်ဆိတ်နေတတ်တဲ့ လူမျိုးတွေကို ကျွန်မ သဘောကျတယ်။”
— လီလီယန် ဟဲလ်မန်း
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!