ထရမ့် အပေါ် စိတ်ကုန်လာနေသော မဟာမိတ် များ

by Hla Soewai - Jun 22 2026

ထရမ့်သည် အမေရိကန် တို့ မာရှယ် စီမံကိန်း မှ အစပြု၍ အနှစ်နှစ် အကာလ ပျိုးထောင်ခဲ့သော မဟာမိတ်များကို ၎င်း အား စွန့်ခွာ လာအောင် လုပ်လာခြင်းဖြင့် အမေရိကန် ကို ရုရှား၊ တရုတ် တို့ကဲ့သို့ မဟာမိတ် နိုင်ငံ ဟူ၍ တနိုင်ငံ မှ မရှိသည့် အဖြစ်မျိုး ရောက်အောင် တွန်းပို့လာနေပြီ ဖြစ်သည်။

 

လက်ရှိ ဖြစ်ပွားနေသော အီရန် စစ်ပွဲသည် အမေရိကန်တို့ ထိုသို့ ဘဝ မျိုး ရောက်နေရပြီကို အထင်အရှား မီးမောင်း ထိုးပြနေပေသည်။

 

(ပုံတွင် ၂၀၂၆ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က ပြင်သစ်နိုင်ငံ၊ အီဗီယန်-လဲ-ဘန်း မြို့တွင် ပြုလုပ်ခဲ့သည့် ဂျီဆဲဗင်း (G7) ထိပ်သီးအစည်းအဝေးအတွင်း အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီ လမ်းလျှောက်လာသည်ကို တွေ့နိုင်သည်။)

 

ထရမ့် ၏ အနောက်နိုင်ငံ မဟာမိတ်များ အပေါ် မည်သို့ မည်ပုံ မောက်မာစွာ ဆက်ဆံခဲ့မှုများ အပေါ် CNN ၏ A growing number of foreign leaders have had it with Trump ဆောင်းပါးတွင် ယခုလို ပါရှိလာခဲ့သည်။

 

အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီသည် ၎င်း နှင့် အတူတူ ဓာတ်ပုံတွဲရိုက်ဖို့ မိမိကို တောင်းပန်တိုးလျှိုးခဲ့သည် ဆို သော ထရမ့်၏ အပြောကို မဟုတ်ပါဟု ငြင်းဆိုပြီး ပစ် ထားလိုက်၍ ရသည်။

 

သို့သော် သူမသည် ငြင်းဆိုယုံ တင် မက တော့ဘဲသောကြာနေ့ တွင် X (တွစ်တာ) ပေါ် ဗီဒီယိုတခု တင်ခဲ့ပြီး ထရမ့်ကို ပြတ်ပြတ်သားသား ရင်ဆိုင်တုံ့ပြန် ပြောလာခဲ့သည်၊ ထိုဖြစ်ရပ်သည် မဟာမိတ်များ အပေါ် ထရမ့်၏ မောက်မာရိုင်းစိုင်းစွာ ဆက်ဆံခဲ့ပုံများ နှင့် ဆက်စပ်နေကြောင်း ဖော်ပြခဲ့သည်။

 

"ကျွန်မ ပြောနိုင်တာကတော့ ထရမ့် က "ကိုယ့်လူ၊ ကိုယ့်မဟာမိတ်ကျတော့ မောက်မာပြပြီး၊ အနောက်ကမ္ဘာရဲ့ ရန်သူတွေ၊ အမေရိကန်ပြည်ထောင်စုရဲ့ ရန်သူတွေ၊ တကယ့်ရန်သူ အာဏာရှင်တွေ ရှေ့ကျတော့ အလိုလိုက် အကြိုက်ဆောင်၊ မျက်နှာချိုသွေး ဆက်ဆံ နေတာက ရင်နာစရာကောင်းလှပါတယ်" လို့ မီလိုနီက ပြောခဲ့သည်။

 

ယင်းသည် ပြင်းထန်လှသည့် လူသိရှင်ကြား ဝေဖန်တိုက်ခိုက်မှု ဖြစ်ပြီး သာမန်ခေါင်းဆောင်ယောက်က ပြောတာမျိုး မဟုတ်။ တချို့က ထရမ့်နှင့်တောင် ခိုင်းနှိုင်းလေ့ရှိသည့် လက်ယာ နွယ်ဖွား ခေါင်းဆောင် မီလိုနီ ဆီက ထွက်ပေါ်လာခြင်း ဖြစ်သည်။

 

 ထရမ့်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်တုံ့ပြန်ရာတွင် မီလိုနီတင် မဟုတ် တော့၊ ယခု ရက်ပိုင်း အတွင်း သူမလိုပဲ ပြောလာကြသည့် ခေါင်းဆောင်များ အများကြီး ရှိလာခဲ့သည်။ 

 

ထရမ့် သည် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ၎င်းရှိ ဩဇာအာဏာကို အလွဲသုံးစားလုပ်ပြီး မဟာမိတ်ခေါင်းဆောင်များကို သူ့အလိုကျ ဝိုင်းဝန်းမျက်နှာချိုသွေးလာအောင် ဖိအားပေးရသည်ကို သဘောကျနှစ်ခြိုက်သူ ဖြစ်သည်။ ယခုအခါ တွင် တော့ တနေ့ထက် တနေ့ ပိုမိုဆိုးရွားလာတဲ့ ရန်စမှုများ သည် ၎င်း၏ ကျဆင်းလာနေသည့် နိုင်ငံရေးအရှိန်အဝါတို့ကြောင့် နိုင်ငံတကာ ခေါင်းဆောင်အချို့က ထရမ့်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြောဆိုရဲသည့် သတ္တိတွေ ပိုမိုခိုင်မာလာပုံ ရသည်။

 

 မီလိုနီသည် ယခုမှ ထရမ့်ကို ပြန်လည်တုံ့ပြန်ခဲ့ခြင်း မဟုတ် ။ ပြီးခဲ့သည့် ဧပြီလ အတွင်း ကလည်း ပုပ်ရဟန်းမင်းကြီး လီယို (၁၄) အပေါ် ထရမ့်၏ ဝေဖန်ပြောဆိုချက်များသည် "လက်ခံနိုင်စရာမရှိဘူး" လို့ ပြောခဲ့ဖူး ပေသည်။ ထို့ မတိုင်ခင် တလအလိုက ထရမ့်က မီလိုနီကို "ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်တစ်ဦး" နဲ့ "မိတ်ဆွေတစ်ယောက်" လို့ ခေါ်ဆိုခဲ့သေးသည်။

 

မီလိုနီ ကဲ့သို့ပင်... ဂျီဆဲဗင်း (G7) ထိပ်သီးအစည်းအဝေးအပြီး ဗာဆိုင်းနန်းတော်၌ ထရမ့်အတွက် ခမ်းနားထည်ဝါလှသည့် ဂုဏ်ပြုညစာစားပွဲကို လက်ခံကျင်းပပေးခဲ့သည့် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်သည်လည်း ထရမ့်၏ ပုဂ္ဂိုလ်ရေးဆန်ဆန် တိုက်ခိုက်ပြောဆိုချက်တခုအပေါ် ယခင်က ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ဖူးသူ ဖြစ်သည်။

 

ပြီးခဲ့တဲ့ နွေဦးရာသီအစောပိုင်းက ပြင်သစ် သမ္မတကတော် ဘရီဂျစ် မက်ခရွန်က ခင်ပွန်းဖြစ်သူ ၏ မျက်နှာကို တွန်းထိုးလိုက်သလိုမျိုး ပုံစံပေါက်နေသည့် ၂၀၂၅ ခုနှစ်က ဗီဒီယို ဖိုင်ကို ရည်ညွှန်းပြီး ထရမ့်က ယခုလို ပြောဆိုခဲ့ဖူး ပေသည်။ မက်ခရွန်သည် "မိန်းမရဲ့ ဆိုးဆိုးရွားရွား ဆက်ဆံခံ‌ နေရတာ" လို့ ပြောခဲ့ပြီး "မေးရိုးကို အထိုးခံလိုက်ရတဲ့ ဒဏ်ရာ ကနေ အခုထိ နာလန်မထူနိုင်သေးဘူး" လို့ သရော်ခဲ့သည်။

 

မက်ခရွန်က ထိုစကား အပေါ် ဧပြီလတွင် ပြန်လည်တုံ့ပြန်ရာ၌ ထရမ့်၏ အပြောသည် "ယဉ်ကျေးပျူငှာမှု မရှိသလို၊ အဆင့်အတန်းလည်း မရှိပါဘူး" ဟု ဆိုခဲ့သည်။

 

ထို သို့ ပြောပြီး မကြာမီ မှာပင် မက်ခရွန်က အီရန်စစ်ပွဲအပေါ် ထရမ့်ရဲ့ ကိုင်တွယ်ပုံကို ရည်ညွှန်းပြီး သွယ်ဝိုက်ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။ စစ်ပွဲဆိုသည်က "ပြပွဲတစ်ခုမဟုတ်ကြောင်း" ပြောကြားခဲ့ပြီး ထရမ့် အနေဖြင့် စကားပြောဆိုရာတွင် ပိုမိုသတိထားရန် တိုက်တွန်းခဲ့သည်။

 

"တကယ့်ကို အလေးအနက်ထားချင်တယ်ဆိုရင် မနေ့ကပြောခဲ့တဲ့ စကားနဲ့ ဒီနေ့ကျ လုံးဝဆန့်ကျင်ဘက်ဖြစ်တာမျိုးကို နေ့တိုင်း လျှောက်ပြောမနေသင့်ဘူး" ဟု ပြောခဲ့သည်။

 

အီရန်စစ်ပွဲအပေါ် မကျေနပ်မှုများက ထရမ့်ကို မကြာသေးမီက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်မှုများစွာ ဖြစ်ပေါ်စေခဲ့သည့် အခြေခံ အကြောင်းရင်း ဖြစ်သည်။ 

 

ဂျာမန်ဝန်ကြီးချုပ် ဖရီးဒရစ် မာ့ဇ် ကလည်း ဧပြီလအတွင်းက အီရန်သည် ထရမ့်ကို အချိန်ဆွဲပြီး လှည့်စားနေကြခြင်း ဖြစ်နိုင်ကြောင်း အရိပ်အမြွက် ပြောဆိုခဲ့သည်။

 

"ပြီးတော့ အမေရိကန်တွေကို အစ္စလာမာဘတ်အထိ ခရီးသွားခိုင်းပြီး ဘာရလဒ်မှမရဘဲ ဒီအတိုင်း ပြန် ပြန်လာရတယ်" ဟု ပျက်ပြားသွားခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအပြီး ဧပြီလနှောင်းပိုင်းတွင် မာ့ဇ်က ပြောကြားခဲ့သည်။ "အီရန်ခေါင်းဆောင်ပိုင်း၊ အထူးသဖြင့် တော်လှန်ရေးအစောင့်တပ်ဖွဲ့ လို့ ခေါ်တဲ့သူတွေကြောင့် အမေရိကန် တနိုင်ငံလုံး အရှက်တကွဲ ဖြစ်နေရတာပါ" ဟု ၎င်းက ဆိုသည်။

 

အီရန် စစ်ပွဲ အစောပိုင်းကာလများ မှာပင် စပိန်ဝန်ကြီးချုပ် ပတ်ဒရို ဆန်းချက်ဇ်က ဒါဟာ "မဆင်မခြင်လုပ်ရပ်ဖြစ်ပြီး တရားမဝင်ဘူး" လို့ ပြောဆိုခဲ့ပြီး စပိန်အနေနဲ့ "တစုံတယောက်ရဲ့ လက်တုံ့ပြန်မှာကို ကြောက်ရုံသက်သက်နဲ့... ကမ္ဘာကြီးအတွက် မကောင်းတဲ့အရာတစ်ခုမှာ ပူးပေါင်းပါဝင် အားပေးအားမြှောက် လုပ် မှာ မဟုတ်ဘူး" လို့ ပြောခဲ့ဖူးသည်။

 

ဧပြီလ အပစ်အခတ်ရပ်စဲရေး စတင်ခဲ့စဉ်ကလည်း "စပိန်အစိုးရအနေနဲ့ ကမ္ဘာကြီးကို မီးရှို့ခဲ့တဲ့သူတွေက (မီးသတ်ဖို့) ရေပုံးတပုံး သယ်လာရုံသက်သက်နဲ့ သူတို့ကို လက်ခုပ်တီး သြဘာပေးမှာ မဟုတ်ပါဘူး" လို့ ဆန်းချက်ဇ်က ပြောခဲ့ပြန်သည်။

 

ယခုနှစ် အစောပိုင်းကစ၍ ထရမ့် အား ဝိုင်းဝန်း ဆန့်ကျင်လာကြခြင်း ဖြစ်သည်။ 

 

ဥပမာအားဖြင့် - နေတိုး မဟာမိတ်နိုင်ငံဖြစ်သည့် ဒိန်းမတ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဂရင်းလန်ကျွန်း ကို သိမ်းပိုက်ဖို့ ထရမ့်၏ စိတ်ကူးယဉ် အကြံအစည်များသည် လုံးဝလက်ခံနိုင်စရာမရှိကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီလကပင် ခေါင်းဆောင်အတော်များများက ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

 

ထရမ့်က ကနေဒါကိုပါ အဓမ္မ သိမ်းပိုက် နိုင်ခြေရှိကြောင်း အရိပ်အမြွက် ပြောကြားခြင်း ခံခဲ့ရဖူးသည့် ဝန်ကြီးချုပ် မာ့ခ် ကာနီ ကလည်း ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ် တွင် ပြောခဲ့သည့် မိန့်ခွန်းထဲတွင် အမေရိကန်ပြည်ထောင်စုမှ သီးခြားခွဲထွက်မည့် လမ်းစဉ်တခုကို ချပြရင်း ထိုသို့ အပြောခံခဲ့ရမှုကို တုံ့ပြန်လာခဲ့သည်။

 

ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲများကို ရည်ညွှန်းပြီး ကာနီက "စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေကို လက်နက်သဖွယ် အသုံးချတာ"၊ "အခွန်အခတွေကို အသာစီးရဖို့ ဖိအားပေးကိရိယာအဖြစ် သုံးတာ" နဲ့ "ကုန်စည်ထောက်ပံ့မှု ကွင်းဆက် Supply chains တွေကို အမြတ်ထုတ်စရာ အားနည်းချက်တခုလို လုပ်နေပုံ" များကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။ "အင်အားအလတ်စား ရှိတဲ့နိုင်ငံတွေဟာ အတူတကွ လက်တွဲဆောင်ရွက်ကြရပါမယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့တွေဟာ စားပွဲဝိုင်းမှာ နေရာမရဘူးဆိုရင်၊ အဲဒီစားပွဲပေါ်က စားစရာ ဖြစ်သွားရလိမ့်မယ်" လို့ မတ်ခ် ကာနီ ပြောလာခဲ့သည်။

 

 ရက်အနည်းငယ်အကြာမှာပင် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက အာဖဂန်နစ္စတန် တွင် ရှိသည့် နေတိုး တပ်ဖွဲ့ဝင်များသည် ရှေ့တန်းကနေ တိုက်ခိုက်ဖို့ ရှောင်လွှဲခဲ့ကြသည် ဆိုသော ထရမ့်၏ အပြောအပေါ် "စော်ကားရာရောက်ပြီး တကယ့်ကို စက်ဆုပ်ရွံရှာဖွေကောင်းတယ်" လို့ ပြောဆိုလာခဲ့သည်။ (အမှန်စင်စစ်တော့ ထိုစစ်ပွဲတွင် နေတိုးတပ်ဖွဲ့ဝင် ၁,၀၀၀ ကျော် ကျဆုံးခဲ့ပြီး ဖြစ်သည်။) 

 

နောက်တနေ့တွင်တော့ ထရမ့်က ဗြိတိန်တပ်ဖွဲ့ဝင်များ၏ စွန့်လွှတ်အနစ်နာခံမှုများကို ချီးကျူးစကားပြောပြီး ပြောခဲ့တဲ့စကားကို ပြန်လည်ဖာထေးခဲ့သည်။

 

ဧပြီလ တွင်တော့ စတာမာက ဗြိတိန်ပြည်သူများ၏ လျှပ်စစ်နှင့် စွမ်းအင် ကုန်ကျ စရိတ်များသည် "ပူတင် နှင့် ထရမ့်တို့၏ လုပ်ရပ်များကြောင့်" ဆိုးဆိုးရွားရွား တက်လိုက်ကျလိုက် ဖြစ်နေရသည် ဟု ညည်းတွားလာခဲ့သည်။ 

 

ထို့အပြင် အီရန်နိုင်ငံ၏ "ယဉ်ကျေးမှု လူ့အဖွဲ့အစည်းတခုလုံးကို" ဖျက်ဆီးပစ်မည် ဆိုသည့် ထရမ့်၏ ခြိမ်းခြောက်မှုကိုလည်း ပြစ်တင်ရှုတ်ချခဲ့သည်။

 

စတာမာ ကပဲ ဆက်ပြီး "ကျွန်တော် တကယ်စိတ်ကုန်လှပြီ" လို့ ထည့်ပြောခဲ့ပြန်သည်။

 

 မဟာမိတ်နိုင်ငံများ ကြားတွင် ထိုကဲ့သို့ ဖြစ် လာနေပုံရသည်။

 

အမေရိကန်သည် အင်အားအတောင့်တင်း ဆုံး ဖြစ်နေသည် ဆိုသည့် အချက် ကို အသုံးချပြီး ထရမ့်က ဥရောပခေါင်းဆောင်များအပေါ် ဩဇာအာဏာကို အလွဲသုံးစား လုပ်ပြီး ဆက်ဆံခဲ့သူ ဖြစ်သည်။ 

 

ဝါရှင်တန်ရှိ ရီပတ်ဘလီကန် ခေါင်းဆောင်များက ၎င်းနှင့် အဆင်ပြေအောင် ကြိုးပမ်းနေကြသည်ကို ကြည့်ပြီး နိုင်ငံတကာခေါင်းဆောင်များ ကိုလည်း ၎င်းနှင့် ပြဿနာမတက်အောင် မျက်နှာလိုမျက်နှာရ လိုက်လျောညီထွေ နေထိုင်ကြလိမ့်မည်ဟု ယူဆလာခြင်းပင် ဖြစ်သည်။

 

 ကမ္ဘာ့စီးပွားရေးတခုလုံးကို အပျက်သဘော သက်ရောက်စေခဲ့သည့် အီရန်စစ်ပွဲကြောင့် ဥရောပ ခေါင်းဆောင်များ၏ ဒေါသကို သိသိသာသာ ဆွပေးလိုက်သလို ဖြစ်သွားခဲ့ရသည်။

 

သောကြာနေ့က မီလိုနီ၏ ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်မှုသည် ထရမ့်အပေါ် နိုင်ငံခြားခေါင်းဆောင်များ စိတ်ကုန်နေကြပြီဆိုသည်ကို အထင်အရှား သက်သေပြလိုက်သည့် အဆုံးသတ်အမှတ်အသား တခုပင် ဖြစ်ပေတော့သည်။