နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ(40)

by Hla Soewai - Jun 22 2026

မစ္စစ္စပီ၏ မီးလျှံများကြားက တရားခွင် (နိဂုံး)

 

ဒဲလ်မာ ဒန်းနစ် ထံ မှ မစ္စစ္စစီပီပြည်နယ် ကူကလပ်ကလန် လူဖြူအစွန်းရောက်အဖွဲ့ခွဲတစ်ခုဖြစ်သည့် White Knights ရဲ့ တည်ထောင်သူလည်းဖြစ်၊ အကြီးအကဲ လည်းဖြစ်သူ ဆမ် ဘိုးဝါးစ် ကို ပြစ်မှုထင်ရှားစေမည့် သက်သေထွက်ဆိုချက်များ ကို ကြားခဲ့ရသည်။ ၁၉၆၄ ခုနှစ် မေလတွင် လူခွင့်အရေးလှုပ်ရှားသူ ရှဝါးနာကို လုပ်ကြံရန် အမိန့်ထုတ်ခဲ့သူသည် ဘိုးဝါးစ် ဖြစ်နေသည်။

 

ရှဝါးနာ အသတ်ခံရပြီးနောက်တွင် ဘိုးဝါးစ်က "ဒါဟာ ခရစ်ယာန်တွေက ဂျူးတစ်ယောက်ကို ကွပ်မျက်ဖို့ ပထမဆုံးအကြိမ် စနစ်တကျ စီစဉ်ပြီး အကောင်အထည်ဖော်ခဲ့တာပဲ" လို့ ပြောခဲ့ကြောင်း ဒန်းနစ်က သက်သေအဖြစ် ပြန်လည်ကိုးကား ထွက်ဆိုသွားခဲ့သည်။

 

ထို့အပြင် အစိုးရရှေနေများ ဘက်မှ ဘိုးဝါးစ်ကိုယ်တိုင် ရေးသားခဲ့ပြီး သစ်ထုတ်လုပ်ရေးကုမ္ပဏီတခု၏ အရာရှိထံ ပေးစာအဖြစ် ဟန်ဆောင်ထားသော လျှို့ဝှက်စာတစောင်၏ အကြောင်းအရာများကို တရားခွင်တွင် တင်ပြနိုင်ခဲ့သည် မှာ လည်း ဒန်းနစ်ကြောင့်ပင် ဖြစ်သည်။ ထိုစာထဲတွင် လူသတ်မှုများကို "သစ်ထုတ်လုပ်ရေး လုပ်ငန်းကြီး" ဟု လွှဲပြောင်း ခေါ်ဝေါ် ခဲ့ပြီး၊ လူသတ်မှုတွင် ပါဝင်ခဲ့သည့် KKK အဖွဲ့ဝင်များကိုတော့ "သစ်ခုတ်သမားများ၊ ကုန်တင်ကားဒရိုင်ဘာများ" ဟု သုံးနှုန်းထားသည်။ FBI ၏ စုံစမ်းစစ်ဆေးမှုတွင် သံသယရှိခံထားရသူ များကိုတော့ "ရွှံ့နွံတောထဲ နက်နက်ရှိုင်းရှိုင်း ရောက်နေကြသူများ" ဟု လျှို့ဝှက်ကုဒ်စကားလုံးများ သုံးပြီး ရေးသားထားသည်။

 

ဂျိမ်းစ် ဂျော်ဒန် သည် ထိုလူသတ်မှုကြီး တကယ်ဖြစ်ပွားခဲ့ပုံကို မျက်မြင်တွေ့ရှိခဲ့သည့် အစိုးရဘက်မှ တဦးတည်းသော သက်သေဖြစ်သည်။ ကလန် အဖွဲ့ ၏ လုပ်ကြံခြင်းကို ခံရမည်ကို စိုးရိမ်သဖြင့် အစိုးရသည် ဂျော်ဒန်ကို တရားရုံးအတွင်းသို့ ဘေးကနေ သေနတ်များ အသင့်ပြင်ဆင်ထားသော အေးဂျင့်ငါးဦးဖြင့် ဝန်းရံကာ အပြေးအလွှား ခေါ်ဆောင်လာခဲ့ရသည်။

 

သို့သော် တရားခွင်အတွင်း၌ ဂျော်ဒန်အတွက် အခြေအနေများ သိပ်မကောင်းလှပေ။ သူသည် အသက်ရှူရကျပ်ကာ သတိလစ်လဲကျသွားသဖြင့် တရားခွင်ထဲမှနေ၍ လူနာထမ်းစင်ဖြင့် ထမ်းထုတ်သွားခဲ့ရသည်။ ဒုတိယအကြိမ် ထပ်မံကြိုးစားသောအခါမှသာ သိသိသာသာ တုန်လှုပ်ခြောက်ခြားနေသော ဂျော်ဒန်သည် သက်သေခံခုံပေါ်သို့ ရောက်ရှိသွားခဲ့တော့သည်။

 

ဂျော်ဒန်သည် ‘မေရီဒီယန်’ မြို့တွင် ကလန်အဖွဲ့ဝင်များ လျှို့ဝှက်အစည်းအဝေး ပြုလုပ်ခဲ့ကြသည်မှစ၍ ‘အိုးလ်ဂျော်လီ’ ခြံဝန်းအတွင်း ရုပ်အလောင်းများကို မြှုပ်နှံခဲ့သည်အထိ ကြံစည်မှုကြီး၏ အဓိကဖြစ်ရပ်အားလုံးကို အသေးစိတ် ထွက်ဆိုခဲ့သည်။ သူ၏ ကွက်ကွက်ကွင်းကွင်း ပေါ်လွင်လှသော ထွက်ဆိုချက်ကြောင့် တရားခွင်အတွင်း လာရောက်နားထောင်နေသည့် လူမည်းအမျိုးသမီးတဦးမှာ စိတ်မထိန်းနိုင်ဘဲ ရှိုက်ကြီးတငင် ငိုကြွေးကာ တရားခွင်အပြင်ဘက်သို့ တွဲခေါ်သွားခဲ့ရသည်။

 

တရားခံရှေ့နေများဘက်မှ လျှောက်လဲချက်ကတော့ ထူးထူးခြားခြား မရှိလှပေ။ ၎င်းတို့၏ လျှောက်လဲချက်အများစုမှာ ပြစ်မှုဖြစ်ပွားချိန်တွင် အခြားနေရာ၌ ရောက်ရှိနေကြောင်း သက်သေပြချက် များနှင့် တရားခံများ၏ ကိုယ်ကျင့်တရားကောင်းမွန်ကြောင်း သက်သေထွက်ဆိုချက်များသာ ဖြစ်သည်။ ဒေသခံအသီးသီးက လူများက တရားခံ များ၏ “ရိုးသားဖြောင့်မတ်မှုနှင့် သစ္စာရှိမှုအပေါ် ဂုဏ်သတင်း” များအကြောင်းကို လာရောက်သက်သေခံပေးခဲ့ကြသည်။ အခြားသူအချို့ကလည်း ဇွန်လ ၂၁ ရက် ညနေပိုင်းတွင် အဆိုပါတရားခံများကို နာရေးကူညီမှုအသင်း သို့မဟုတ် ဆေးရုံများကဲ့သို့သော နေရာများ၌ တွေ့ရှိခဲ့ကြောင်း ထွက်ဆိုပေးခဲ့ကြသည်။

 

အစိုးရ ရှေ့နေ အဖွဲ့ အတွက် အပြီးသတ် လျှောက်လဲချက်ကို ဂျွန် ဒိုအာ က တင်သွင်းခဲ့သည်။ သူသည် ဤအခွင့်အရေးကို အသုံးချကာ ဂျူရီလူကြီးအများစု၏ စိတ်ထဲတွင် ရှိနေလောက်ဆဲဖြစ်သည့် "ဒါက ဘာဖြစ်လို့ ဖက်ဒရယ်အစိုးရက တရားစွဲရတဲ့ အမှုဖြစ်နေရတာလဲ" ဟူသော မေးခွန်းကို ဖြေရှင်းချက်ပေးခဲ့သည်။

 

ဒိုအာက ဂျူရီလူကြီးများအား အောက်ပါအတိုင်း ပြောကြားခဲ့သည် -

"ကျွန်တော် ဒီနေရာကို ရောက်နေရတာဟာ ဖက်ဒရယ် အစိုးရအနေနဲ့ ခင်ဗျားတို့ ဒေသတွင်းက ဥပဒေစိုးမိုးရေး အခြေအနေအပေါ် စိုးရိမ်ပူပန်မိလို့ပဲ ဖြစ်ပါတယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတခုမှာ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးတွေကို ရထိုက်တယ်ဆိုရင် ဒေသတွင်း ဥပဒေစိုးမိုးရေးက ထိရောက်အောင်မြင်ဖို့ လိုပါတယ်။...

 

ဒေသတွင်း ဥပဒေစိုးမိုးရေး အရာရှိတွေကိုယ်တိုင်က အကြမ်းဖက်ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်သူတွေ ဖြစ်လာပြီး၊ သူတို့ရဲ့ ရာထူး၊ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို သုံးပြီး ဒါတွေကို ကျူးလွန်လာကြတဲ့အခါမှာတော့ ဖက်ဒရယ်အစိုးရရဲ့ ကူညီပံ့ပိုးမှုကလွဲလို့ မျှော်လင့်ချက်ဆိုတာ မရှိသလောက် ဖြစ်သွားပါပြီ။

 

ဒါပေမဲ့ ဂျူရီလူကြီးမင်းတို့ခင်ဗျား... အဲဒီအချက်က အတိအကျအားဖြင့် ဘာကို ဆိုလိုတာပါလဲ။ ဒါဟာ ဖက်ဒရယ်အစိုးရက မစ္စစ္စပီ ပြည်နယ်ကို ကျူးကျော်ဝင်ရောက်နေတာ မဟုတ်ပါဘူး။ အဓိပ္ပာယ်ကတော့ ရှင်းရှင်းလေးပါ၊ ဒီတရားခံတွေကို မစ္စစ္စပီပြည်နယ်ရဲ့ မြို့တမြို့မှာ၊ မစ္စစ္စပီပြည်နယ်က ဖက်ဒရယ်တရားသူကြီးတဦးရှေ့မှောက်၊ မစ္စစ္စပီပြည်နယ်ရဲ့ တရားခွင်အတွင်းမှာ... မစ္စစ္စပီပြည်နယ်သား ဂျူရီလူကြီး တဆယ့်နှစ်ဦးရှေ့မှာ ဖက်ဒရယ်ဥပဒေအရ စစ်ဆေးစီရင်နေတာပဲ ဖြစ်ပါတယ်။

 

ဒီလူတွေမှာ အပြစ်ရှိမရှိ ဆုံးဖြတ်ဖို့ တခုတည်းသော တာဝန်ကတော့ ရှိသင့်ရှိထိုက် သူတွေရဲ့ လက်ထဲမှာပဲ ရှိနေဆဲ ဖြစ်ပါတယ်၊ အဲဒါကတော့ မစ္စစ္စပီပြည်နယ်သား ပြည်သူတဆယ့်နှစ်ဦးရဲ့ လက်ထဲမှာပဲ ဖြစ်ပါတယ်။"

 

ဒိုအာ က ဂျူရီလူကြီးများအား “ဒါဟာ သွေးအေးအေးနဲ့ ကြိုတင်ကြံစည်ထားတဲ့ လုပ်ကြံမှုကြီး ဖြစ်ပါတယ်။ လူငယ်လေးတွေလို့ပဲ ဆိုရမယ့် အမျိုးသားသုံးဦးဟာ ဒီလုပ်ကြံမှုရဲ့ သားကောင်တွေ ဖြစ်ခဲ့ရတယ်” ဟု ပြောကြားခဲ့သည်။ ထို့နောက် ဒိုအာသည် တရားခံ ပရိုက်စ် ကို လက်ညှိုးထိုးပြရင်း “ပရိုက်စ်ဟာ တရားဥပဒေရဲ့ ယန္တရားတွေ၊ သူ့ရဲ့ ရာထူးအာဏာ၊ လုပ်ပိုင်ခွင့်၊ ရဲတံဆိပ်၊ ရဲယူနီဖောင်း၊ သူ့ရဲ့ အချုပ်ခန်း၊ ရဲကားနဲ့ ရဲသုံးသေနတ်... ဒါတွေအားလုံးကို အသုံးချပြီး အဲဒီလူငယ်တွေကို ဖမ်းဆီးဖို့၊ ထိန်းသိမ်းဖို့၊ ကြိုးကိုင်ဖို့နဲ့ သတ်ဖြတ်ဖို့အထိ လုပ်ဆောင်ခဲ့တာပါ” ဟု ဆိုခဲ့သည်။

 

ဒိုအာက ဂျူရီလူကြီးများကို ဆက်လက်၍ မိမိနှင့် အခြားရှေ့နေများ ယနေ့ ဤနေရာတွင် ပြောကြားသမျှကို “မကြာခင်မှာပဲ မေ့ပျောက်သွားကြလိမ့်မယ်၊ ဒါပေမဲ့ သင်တို့ ဂျူရီလူကြီး ၁၂ ဦး ယနေ့ ဤနေရာတွင် ဆုံးဖြတ်လိုက်မယ့်အရာကိုတော့ ရာဇဝင်က ရေရှည်မှတ်တမ်းတင်ထားပါလိမ့်မယ်” ဟု ပြောဆိုကာ သူ၏ လျှောက်လဲချက်ကို နိဂုံးချုပ်ခဲ့သည်။

 

အမှုတွဲကို စတင်သုံးသပ်တိုင်ပင်ပြီး တရက်အကြာတွင် ဂျူရီလူကြီးများအဖွဲ့က တရားသူကြီး ကော့ခ်စ် ထံသို့— ၎င်းတို့အချင်းချင်း အမြင်များ အကြီးအကျယ် ကွဲပြားနေပြီး တညီတညွတ်တည်းသော စီရင်ချက် ချမှတ်နိုင်ခြင်း မရှိကြောင်း တင်ပြလာခဲ့သည်။ 

 

တရားခံရှေ့နေများ၏ ကန့်ကွက်မှုကို ပယ်ချကာ တရားသူကြီးက ဂျူရီလူကြီးများထံသို့ “အယ်လန် ညွှန်ကြားချက်” (Allen charge) သို့မဟုတ် “ဒိုင်းနမိုက် ညွှန်ကြားချက်” (Dynamite charge) ဟု ခေါ်ဆိုသော ဥပဒေဆိုင်ရာ ဆော်ဩချက်ကို ပေးခဲ့သည်။ ဤပြတ်သားပြင်းထန်သော ညွှန်ကြားချက်သည် သဘောထားကွဲလွဲကာ ရှေ့မတိုးသာဖြစ်နေသည့် ဂျူရီအဖွဲ့များကို စည်းလုံးသွားစေရန် အကြိမ်ပေါင်းများစွာ ထိရောက်မှုရှိခဲ့ဖူးသည်။ စီရင်ချက် မချနိုင်ပါက ဤအမှုကို ဖျက်သိမ်းပြီး နောက်ထပ် ဂျူရီအသစ်ဖြင့် အစကနေ ပြန်စစ်ရမည်ဖြစ်ရာ နိုင်ငံတော်နှင့် နှစ်ဖက်စလုံးအတွက် အချိန်နှင့် ဘဏ္ဍာငွေ အလွန်ကုန်ကျမည်ဖြစ်ကြောင်း နှင့် ဂျုရီ တဦးချင်းစီ၏ ကိုယ်ပိုင်ခံယူချက်ကို အတင်းအဓမ္မ စွန့်လွှတ်ရန် မဟုတ်ဘဲ၊ အချင်းချင်း နားထောင်ပြီး စီရင်ချက်တခု ထွက်ပေါ်လာအောင် အစွမ်းကုန် ထပ်မံညှိနှိုင်းကြရန် ညွှန်ကြားချင်း ဖြစ်သည်။

 

တရားသူကြီး ကော့ခ်စ်က ဂျူရီလူကြီးများအနေဖြင့် သဘောတူညီချက်ရရှိအောင် ထပ်မံကြိုးစားကြရန် တိုက်တွန်းသည့် ညွှန်ကြားချက်ကို ပေးပြီးပြီးချင်းမှာပင်၊ တရားခံ ဝိန်း ရောဘတ်က အခြားတရားခံ စီဆဲလ် ပရိုက်စ် ကို “ငါတို့မှာလည်း သူတို့အတွက် ဒိုင်းနမိုက်တွေ အဆင်သင့်ရှိပါတယ်” ဟု ပြက်လုံးထုတ်ကာ လှောင်ပြောင်ခဲ့သည်။ ထိုစကားကို တရားသူကြီး ကြားသိသွားသောအခါ လုံးဝ သဘောကျနှစ်ခြိုက်ခြင်း မရှိခဲ့ပေ။

 

၁၉၆၇ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ဂျူရီလူကြီးအဖွဲ့သည် သူတို့၏ စီရင်ချက်ကို ချမှတ်ခဲ့သည်။ ထိုစီရင်ချက်ကို အပေါ်ယံကြည့်ရုံမျှဖြင့်ပင် တဖက်နှင့်တဖက် အလျှော့အတင်းလုပ်ကာ ညှိနှိုင်း ဆုံးဖြတ်ထားခြင်းဖြစ်ကြောင်း သိသာလှသည်။ 

 

မီရီဒီယန်ဒေသတစ်ဝိုက်မှ တရားခံအများစုဖြစ်သော အမျိုးသား ခုနစ်ဦးမှာ ပြစ်မှုထင်ရှားကြောင်း စီရင်ခြင်းခံခဲ့ရသည်။ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူများထဲတွင် လက်ထောက် ရှဲရစ်ဖ် စီစီးလ် ပရိုက်စ်၊ ကလန် အကြီးအကဲ ဆမ် ဘောင်ဝါးစ်၊ ကိုယ်တိုင်သေနတ်ဖြင့် ပစ်သတ်ခဲ့သူ ဝိန်း ရောဘတ်စ် နှင့် အခြား လေးဦးတို့ ပါဝင်သည်။

 

အခြားတစ်ဖက်တွင်မူ ရှဲရစ်ဖ် လောရင့်စ် ရေနီ နှင့် အလောင်းမြှုပ်နှံခဲ့သည့် မြေနေရာပိုင်ရှင် အိုလန် ဘာရေ့ချ် တို့ အပါအဝင် နေရှိုဘာခရိုင်မှ အမျိုးသား ခုနစ်ဦးမှာမူ အပြစ်မရှိဟု ဆို၍ လွတ်မြောက်သွားခဲ့သည်။ အက်ဂါ ရေး ကီလန် အမှု အပါအဝင် အခြားသော အမှုသုံးခုတွင်မူ ဂျူရီလူကြီးအဖွဲ့အနေဖြင့် တညီတညွတ်တည်း စီရင်ချက်မချနိုင်ဘဲ ဖြစ်ခဲ့ရသည်။

 

ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ခြင်းသည် မစ္စစ္စပီပြည်နယ်သမိုင်းတွင် လူ့အခွင့်အရေးလှုပ်ရှားသူတဦးကို သတ်ဖြတ်မှုအတွက် ပထမဦးဆုံးအကြိမ်အဖြစ် ပြစ်ဒဏ်စီရင်နိုင်ခဲ့ခြင်း ဖြစ်သည်။ နယူးယောက်တိုင်းမ် သတင်းစာကလည်း ဤစီရင်ချက်အပေါ် “တောင်ပိုင်းသားတို့၏ အတွေးအခေါ် သဘောထားများတွင် ဖြစ်ပေါ်လာနေသည့် တိတ်ဆိတ်သော တော်လှန်ရေးတခု၏ ပြယုဒ်” ဟု ရည်ညွှန်းဖော်ပြခဲ့သည်။

 

ဂျွန် ဒိုအာ သည် စီရင်ချက် အပေါ် အတော်အတန် ကျေနပ်အားရမှု ရှိခဲ့ပြီး “အဲဒီဂျူရီလူကြီးအဖွဲ့ကနေ အခုလိုမျိုး အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ကို ချမှတ်ပေးခဲ့တာဟာ တကယ့်ကို ကောင်းမွန်တဲ့အရာပါပဲ” ဟု ပြောခဲ့သည်။ သို့သော် သူ၏ တခုတည်းသော နောင်တမှာ ဂျူရီအဖွဲ့အနေဖြင့် အက်ဒ်ဂါ ရေး ကေလင် အပေါ် အပြစ်ရှိမရှိ အပြီးသတ် ဆုံးဖြတ်ချက်မချနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ ကေလင်သည် “ဒီလျှို့ဝှက်ပူးပေါင်းကြံစည်မှုရဲ့ အဓိကဗဟိုချက်မ ဖြစ်ခဲ့တာ” ဟု ဒိုအာက ဆိုသည်။

 

ကေလင်ကို ပြစ်ဒဏ်ချမှတ်ရန် မဲခွဲရာတွင် ၁၁ မဲ ဆန့်ကျင် ၁ မဲ ဖြစ်ခဲ့သည်။ အပြစ်မရှိဟု တင်းခံနေခဲ့သည့် ဂျူရီလူကြီးအမျိုးသမီးက သူမအနေဖြင့် တရားဟောဆရာတဦးကို ပြစ်ဒဏ်ချမှတ်ဖို့ရန် စိတ်ကို မဆုံးဖြတ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ ကေလင်ကမူ ပြောဖွယ်မရှိအောင် ဝမ်းသာလုံးဆို့သွားခဲ့သည်။ 

 

တရားစီရင်မှုအပြီး ဖီလာဒဲလ်ဖီးယား ရှိ သူ၏နေအိမ်သို့ ပြန်ရောက်သောအခါ ကေလင်က အိမ်နီးနားချင်းတစ်ဦးကို "ဗျာ... ကျွန်တော့်ကိုတော့ ဟိုမှာ ထောင်ဝတ်စုံ လဲပေးတော့မယ်လို့ ထင်နေတာ" ဟု ပြောခဲ့သည်။

 

ဒီဇင်ဘာ ၂၉ ရက်နေ့တွင် တရားသူကြီး ကော့ခ်စ် က အနည်းဆုံး ၄ နှစ်မှ အများဆုံး ၁၀ နှစ်အထိ ပြစ်ဒဏ်များကို ချမှတ်ခဲ့သည်။ ၎င်းချမှတ်ခဲ့သည့် ပြစ်ဒဏ်များနှင့် ပတ်သက်၍ တရားသူကြီး ကော့ခ်စ်က အောက်ပါအတိုင်း စကားချီးဆိုခဲ့သည်။

 

"သူတို့ဟာ လူမည်းတယောက်၊ ဂျူးတယောက်နဲ့ လူဖြူတယောက်ကို သတ်ခဲ့ကြတာ။ ဒါကြောင့် သူတို့နဲ့ ထိုက်တန်တယ်လို့ ကျွန်တော်ယူဆတဲ့ ပြစ်ဒဏ်တွေကို အားလုံးအပေါ် ချမှတ်ပေးလိုက်တာပဲ။"

 

စီဆီ ပရိုက်စ် သည် ၎င်းကျခံရသည့် ထောင်ဒဏ် ၆ နှစ်အနက် ၄ နှစ်ကို ကျခံပြီးနောက် မစ္စစ္စပီပြည်နယ်၊ ဖီလာဒဲလ်ဖီးယားရှိ သူ၏ မိသားစုထံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ၁၉၇၇ ခုနှစ် နယူးယောက်တိုင်းမ် နှင့် အင်တာဗျူးတခုတွင် ပရိုက်စ်က သူသည် 'Roots' အမည်ရှိ ရုပ်သံဇာတ်လမ်းတွဲကို ကြည့်ရှုခဲ့ပြီး သဘောကျမိကြောင်း ပြောကြားခဲ့သည်။ 

 

လူမျိုးရေးခွဲခြားမှု ပယ်ဖျက်ရေး အပေါ် သူ၏ အမြင်များ ပြောင်းလဲသွားခဲ့ပြီဟုလည်း သူက ဆိုသည်။ "အခြေအနေတွေက ဒီလိုပဲ ဖြစ်ပျက်သွားတော့မယ်ဆိုတာကို ကျွန်တော် တို့တတွေ လက်ခံရမယ်၊ ဒါပါပဲ။"

 

မစ္စစ္စပီပြည်နယ်သည်လည်း ပြောင်းလဲသွားခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် မစ္စစ္စပီပြည်နယ်သည် ချာနီ၊ ဂွဒ်မန်း နှင့် ရွှာနာ တို့ကို သတ်ဖြတ်မှုနှင့် ဆက်နွှယ်ပြီး ထိုစဉ်က အသက် ၇၉ နှစ်ရှိပြီဖြစ်သော အက်ဒ်ဂါ ရေး ကီလန် ကို လူသတ်မှုဖြင့် တရားစွဲဆိုခဲ့သည် (ပုံတွင် တွေ့နိုင်သည်)။ 

 

ယခုတကြိမ်တွင်မူ ဂျူရီအဖွဲ့ဝင်များ သဘောထားကွဲလွဲမှုကြောင့် အမှုမပြတ်ဘဲ ဖြစ်ရသည့်အခြေအနေ မျိုး မရှိတော့ပေ။ ကီလန်သည် လူသတ်မှုထက် ပြစ်ဒဏ်ပိုပေါ့သော 'လူသေမှု' ဖြင့် ပြစ်မှု ထင်ရှားစီရင်ခြင်း ခံခဲ့ရပြီး ပြစ်မှုတခုချင်းစီအတွက် နှစ် ၂၀ စီဖြင့် စုစုပေါင်း ထောင်ဒဏ် နှစ် ၆၀ ကျခံရန် အမိန့်ချမှတ်ခြင်း ခံခဲ့ရသည်။

 

၂၀၁၆ ခုနှစ်တွင် မစ္စစ္စပီပြည်နယ် ရှေ့နေချုပ် ဂျင်မ်ဟုဒ် က 'Mississippi Burning' အမှုကို အပြီးတိုင် ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ အသက်ထင်ရှား ကျန်ရစ်သေးသည့် သက်သေအနည်းငယ်မှာလည်း သက်သေထွက်ဆိုရန် မစွမ်းဆောင်နိုင်တော့ သို့မဟုတ် သက်သေမထွက်ဆိုလိုကြတော့ပေ။

 

'Mississippi Burning' တရားစီရင်မှုက မစ္စစ္စပီပြည်နယ်ဆီသို့ပင် ပြောင်းလဲမှုများ ရောက်ရှိနေပြီဖြစ်ကြောင်း ပြသခဲ့သည်။ တရားစီရင်မှု ပြီးဆုံးပြီး နောက်တရက်တွင် ထွက်ပေါ်လာသော နယူးယောက်တိုင်းမ် သတင်းစာ၏ အယ်ဒီတာ့အာဘော်တစ်ခုက ယခုလို ကောင်းမွန်စွာ သုံးသပ်ထားသည် — "ဒီစီရင်ချက်တွေဟာ တောင်ပိုင်းသားတွေရဲ့ သဘောထားအမြင်တွေထဲမှာ တိတ်တဆိတ် ဖြစ်ပေါ်နေတဲ့ တော်လှန်ရေးတစ်ခုရဲ့ ပြယုဂ်ပဲ ဖြစ်ပါတယ် — လူမျိုးမရွေး လူတိုင်းအတွက် တန်းတူညီမျှတဲ့ တရားမျှတမှု ရှိရမယ်ဆိုတဲ့ ယုံကြည်ချက်ဆီသို့ နှေးကွေးပြီး၊ တုံ့ဆိုင်းနေဆဲ ဖြစ်သော်လည်း၊ မလွှဲမရှောင်သာဘဲ ကူးပြောင်းလာနေခြင်းပင် ဖြစ်သည်။" ဟု ရေးသားလာခဲ့သည်။