အရပ်သားအသွင်ပြောင်း အစိုးရဟု ဆိုကာ "သမ္မတ" အဖြစ် ရာထူးစတင်လက်ခံခဲ့ပြီး နောက် မင်းအောင်လှိုင်သည် ခုခံတွန်းလှန်မှုများကို အရှိန်မြှင့်တင်နေခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ငြိမ်းချမ်းရေး သဘောတူညီချက်များ ရရှိရန်အတွက် ရက်ပေါင်း ၁၀၀ ဟု ဆိုကာ စတင်ရေတွက်ခဲ့သည်။
ဝါရင့်လေ့လာစောင့်ကြည့်သူများနှင့် ရန်ကုန်အခြေစိုက် သံတမန်များသည် ၎င်း၏ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို မည်သူက တုံ့ပြန်လက်ခံပြီး မည်သူက ငြင်းပယ်ကြမည်ကို ချက်ချင်းပင် အကဲဖြတ်ဆန်းစစ်ခဲ့ကြသည်။ ကမ်းလှမ်းမှုကို လက်ခံသူများထဲတွင် စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရအပေါ် စာနာထောက်ခံသည်ဟု ယူဆရသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ငယ် အနည်းငယ်သာ ပါဝင်ခဲ့သည်။ သို့သော် ပြင်းထန်နေဆဲဖြစ်သော ပြည်တွင်းစစ်အတွင်း ၎င်း၏ တပ်များကို တိုက်ခိုက်နေသည့် အာရက္ခ တပ်တော် နှင့် ကချင်လွတ်လပ်ရေးတပ်တော် ကဲ့သို့သော အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးများမှာမူ အဆိုပါစာရင်းတွင် ပါဝင်လာခဲ့ခြင်း မရှိပေ။
တရုတ်သို့ သွားရောက်သည့် စစ်ခေါင်းဆောင် ၏ တပတ်နီးပါး ကြာ ခရီးစဉ်သည် သောကြာနေ့တွင် အဆုံးသတ် သွားခဲ့ပြီးနောက်ပိုင်း ငြိမ်းချမ်းရေးသဘောတူညီချက်များ ရရှိရန် ၎င်း၏ ကြိုးပမ်းအားထုတ်မှုများအား ဘီဂျင်း၏ ယခင်ကထက် ပို၍ ပင် အနီးကပ် စောင့်ကြည့်စစ်ဆေးခြင်း ခံရလိမ့်မည်ဟု သုံးသပ်သူများက မျှော်လင့်ထားကြသည်။
အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ၎င်း၏ ဧည့်သည်တော်ထံ ပေးခဲ့သော မက်ဆေ့ခ်ျမှာ ပြတ်သားထိမိလှသည် - မင်းအောင်လှိုင်၏ အစိုးရအနေဖြင့် လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မျှတအောင် ဆောင်ရွက်ရာတွင် "မှန်ကန်သော လမ်းကြောင်း" ကို ရှာဖွေရန် လိုအပ်ကြောင်းနှင့် တရုတ်နိုင်ငံသည် ၎င်း၏ စီးပွားရေးအကျိုးအမြတ်များကို ကာကွယ်မြှင့်တင်ရန် ကြိုးပမ်းရာ၌ မြန်မာပြည်သူအားလုံးကို မျက်မှောက်ပြု ထည့်သွင်းစဉ်းစားနေကြောင်း ပြောသွားခဲ့သည်။
ဒေးဗစ် စကော့ မက်သီဆန် ကဲ့သို့သော ရေရှည်မြန်မာ့ရေးရာ လေ့လာစောင့်ကြည့်သူများက တရုတ်၏ ယခုကဲ့သို့ သံတမန်ရေးရာ စိန်ခေါ်မှုကို ရင်ဆိုင်ကျော်လွှားရန်မှာ အလွန်ခက်ခဲလိမ့်မည်ဟု ယူဆထားသည်။
"ဘီဂျင်း က လက်နက်ကိုင်အဖွဲ့ငယ်လေးတွေ၊ သူတို့ရဲ့ စစ်ရေးအင်အား ဒါမှမဟုတ် နိုင်ငံရေးအရ တရားဝင်မှု ရှိတယ်ဆိုတဲ့ တောင်းဆိုချက်တွေကို လုံးဝ ဂရုမစိုက်ပါဘူး - သူတို့ကို အရေးမပါတဲ့အဖွဲ့တွေလို့ပဲ မြင်တာပါ" ဟု မြန်မာ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) အကြောင်း အစီရင်ခံစာများစွာ ရေးသားခဲ့သူ မက်သီဆန်က ပြောသည်။ "ဘီဂျင်းဟာ ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်က လက်နက်ကိုင်အဖွဲ့အနည်းငယ်နဲ့ အာရက္ခ တပ်တော် လောက် ကိုပဲ ထည့်သွင်းတွက်ချက် စဉ်းစားတာမျိုး ပဲရှိတယ်" ဟု ၎င်းက ဆိုသည်။
"အကြီးမားဆုံး စိန်ခေါ်မှုကတော့ စစ်တပ်အနေနဲ့ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် ယုံကြည်စိတ်ချရတဲ့ နိုင်ငံရေးဖော်မြူလာ မရှိသေးသလို၊ သူ့ရဲ့ အတိုက်အခံတွေကို အပြတ်အသတ် အနိုင်တိုက်နိုင်မယ့် စစ်ရေးမဟာဗျူဟာမျိုးလည်း ရှိပုံမပေါ်သေးတာပါပဲ" ဟု ဘရပ်ဆဲလ်အခြေစိုက် အပြည်ပြည်ဆိုင်ရာ ပဋိပက္ခလေ့လာရေးအဖွဲ့ ၏ မြန်မာ့ရေးရာ အကြီးတန်းအကြံပေး ရစ်ချတ် ဟော်ဆေး က ပြောကြားခဲ့သည်။
ယခုကဲ့သို့သော လိုအပ်ချက် အားနည်းချက်များသည် မကြာသေးမီနှစ်များအတွင်း ပဋိပက္ခများဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူ၊ သံတမန်ရေးရာ အကာအကွယ်ပေးသူ၊ စစ်လက်နက်ပစ္စည်း ထောက်ပံ့သူနှင့် သြဇာညောင်းသော ပြည်တွင်းအာဏာပွဲစား စသည့် အခန်းကဏ္ဍပေါင်းစုံမှ ပါဝင်ပတ်သက်လာခဲ့သည့် တရုတ်နိုင်ငံ၏ သည်းခံနိုင်စွမ်းကို စတင်စမ်းသပ်ရာ ရောက်သွားနိုင်ကြောင်း ရန်ကုန်အခြေစိုက် သံတမန်များက သတိပေးလာကြသည်။
တရုတ်သည် မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် "ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများ" ဘက်သို့ လှည့်၍ အားကိုးခဲ့ပြီးနောက်၊ မင်းအောင်လှိုင်အနေဖြင့် စစ်အုပ်ချုပ်ရေးယန္တရား၏ အကြီးအကဲအဖြစ် ရှိနေစဉ်ကတည်းကပင် တရုတ်၏ ဖိအားကို မြည်းစမ်းခဲ့ရဖူးကြောင်း သံတမန်တစ်ဦးက နစ်ကီ အေးရှား သို့ ပြောကြားခဲ့သည်။
"ဒါကို ဘယ်သူမှ ထုတ်မပြောကြပေမဲ့ မင်းအောင်လှိုင်အနေနဲ့ ပြီးခဲ့တဲ့နှစ်ကတည်းက တရုတ်ရဲ့ သဘောထားကို လက်ခံခဲ့ရပါတယ်" ဟု ၎င်းက ဆိုသည်။
မြန်မာ့ရေးရာ ပညာရှင်တစ်ဦး၏ အဆိုအရ တရုတ်သည် ၎င်း၏ တောင်ဘက် အိမ်နောက်ဖေး ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အပေါ် တိုက်ရိုက်ဩဇာလွှမ်းမိုးမှုကို ပိုင်ဆိုင်ထားပြီး ဖြစ်၍ ပြိုင်ဘက်မရှိသော အနေအထား၌ ရှိနေသည်ဟု စင်ကာပူအခြေစိုက် သုတေသနအဖွဲ့ ISEAS-Yusof Ishak Institute မှ မြန်မာ့လေ့လာရေးအစီအစဉ် ညှိနှိုင်းရေးမှူးနှင့် အကြီးတန်းသုတေသနအဖွဲ့ဝင် ဒေါ် မိုးသူဇာက ပြောကြားခဲ့သည်။
တချိန်တည်းမှာပင် စီးပွားရေးသည် နိုင်ငံရေးကဲ့သို့ပင် အရေးပါကြောင်း သက်သေပြနေသည်။ လေ့လာစောင့်ကြည့်သူများ သတိမမူဘဲ မနေ နိုင်သည့်အချက်မှာ တိုင်းရင်းသားလက်နက်ကိုင်များ လွှမ်းမိုးထားသည့် မြန်မာနိုင်ငံအရှေ့ပိုင်း၊ မြောက်ပိုင်းနှင့် နောက်ပိုင်းရှိ တိုင်းရင်းသားနယ်မြေများတွင် တရုတ်၏ ဒေါ်လာဘီလီယံချီတန်သော ရင်းနှီးမြှုပ်နှံမှုများ ရှိနေခြင်းပင် ဖြစ်သည်။ "စီမံကိန်းတွေဟာ ၂၀၂၀ ကပ်ရောဂါဖြစ်ပွားကတည်းက အခြေခံအားဖြင့် ရပ်တန့်နေခဲ့တာဖြစ်ပြီး တရုတ်အစိုးရ က အဲဒါတွေကို ပြန်လည်အသက်သွင်းချင်နေတာ ဖြစ်ပါတယ်" ဟု မက်သီဆန် က ဆိုသည်။
ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနှင့် ကာကွယ်ရေး သတင်းအချက်အလက် ပလက်ဖောင်းတစ်ခုဖြစ်သည့် Janes ၏ အဆိုအရ၊ ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ "လည်ပတ်နေဆဲနှင့် ရပ်ဆိုင်းထားဆဲ" စီမံကိန်းပေါင်း ၄၁ ခုတွင် အကျိုးစီးပွား အစုရှယ်ယာများ ရှိနေခဲ့သည်။ ယင်းစီမံကိန်းအများစုမှာ ဒေါ်လာဘီလီယံပေါင်းများစွာ တန်ကြေးရှိပြီး တရုတ်နိုင်ငံ၏ အထူးအလေးပေး အကောင်အထည် ဖော်နေသည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) လုပ်ငန်းကြီးလည်း ပါဝင်ပတ်သက်နေသည်။
ယင်းစင်္ကြံလမ်းမသည် မြန်မာနိုင်ငံအရှေ့ဘက်ရှိ ကီလိုမီတာ ၂,၁၀၀ ရှည်လျားသော တရုတ်-မြန်မာနယ်စပ်မှသည် အာရက္ခ တပ်တော် (AA) လွှမ်းမိုးထားရာ မြန်မာနိုင်ငံအနောက်ဘက် ကမ်းရိုးတန်း ရခိုင်ပြည်နယ်အထိ သွယ်တန်းထားခြင်း ဖြစ်သည်။
၂၀၂၅ ခုနှစ် သုံးသပ်ချက် အစီရင်ခံစာတခုတွင် Janes က မှတ်ချက်ပြုထားသည်မှာ - ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ် မတ်လအထိ ကာလအတွင်း စစ်အုပ်စု ဆန့်ကျင်ရေး လက်နက်ကိုင်အင်အားစုများက စစ်တပ်၏ တပ်စခန်း ရှိရာများကို တိုက်ခိုက်မှုပေါင်း ၁၆၆ ကြိမ် ပြုလုပ်ခဲ့ပြီး ယင်းလုပ်ရပ်များသည် "တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သက်ရောက်မှု ရှိစေခဲ့သည်" ဟူ၍ ဖြစ်သည်။
တရုတ်နိုင်ငံအတွက်မူ အဓိကကုန်သွယ်ရေးလမ်းကြောင်းများနှင့် နယ်စပ်အနီးတစ်ဝိုက် ဒေသများကို တည်ငြိမ်စေမည့် အကန့်အသတ်ရှိသော အပစ်အခတ်ရပ်စဲရေးမျိုးကပင် လွန်စွာတန်ဖိုးရှိလိမ့်မည်ဟု ဟော်ဆေးက ပြောကြားခဲ့သည်။ "ဒါပေမဲ့ မင်းအောင်လှိုင်ဘက်က ကမ်းလှမ်းဖို့ အစီအစဉ်မရှိသလို၊ သူ စဉ်းစားဖို့လည်း လုံးဝမဖြစ်နိုင်လောက်တဲ့ ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုမျိုး မရှိဘဲနဲ့တော့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) လမ်းကြောင်းတစ်ခုလုံး တည်ငြိမ်သွားဖို့ဆိုတာ စိတ်ကူးကြည့်ဖို့တောင် မဖြစ်နိုင်ပါဘူး" ဟု ၎င်းက ဆိုသည်။
လက်ရှိ ပဋိပက္ခသည် တရုတ်၏ ရည်မှန်းချက်များ နှင့် ရင်းနှီးမြုပ်နှံမှု များ ထိခိုက်နေသည်ကို နေပြည်တော်ရှိ စစ်အုပ်စုသည် ကောင်းစွာ သိထားပြီး ဖြစ်သည်။ အပစ်အခတ် ရပ်စဲရေး ဆိုသည့် ကမ်းလှမ်းချက်မျိုး ဖြင့်သာ ၎င်းတို့ ကြိုးစားနေကြောင်း ပြသရန် ကြိုးစားခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များသည် လက်နက်ချပြီး ၎င်း၏ ငြိမ်းချမ်းရေး ရထားပေါ်သို့ တက်ရန် မင်းအောင်လှိုင်၏ တောင်းဆိုချက်ကို ငြင်းပယ်ခဲ့ကြပြီး ဖြစ်သည်။
အာဆီယံ နှင့် ပြန်လည်ဆက်ဆံရေး တည်ဆောက်ရန် NUG ဦးဆောင်သည့် ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် ဆွေးနွေးညှိနှိုင်းရေး တွင် မည်သို့မျှ ထူးခြားမလာခဲ့ပေ။
တချိန်တည်းမှာပင် ၂၀၂၁ အာဏာသိမ်းယူခဲ့စဉ်ကတည်းက မင်းအောင်လှိုင်သည် အာဆီယံအစည်းအဝေးများသို့ တက်ရောက်ခွင့် ပိတ်ပင်ခြင်း ခံထားရသည်။ နှစ်သစ်ကူးကာလအတွင်း အဆင့်သုံးဆင့်ဖြင့် အကျိုးသက်ရောက်မှုပြရုံသက်သက် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲအပြီးတွင် ၎င်း၏ အရပ်သားအုပ်ချုပ်ရေးသို့ ကူးပြောင်းမှုအပေါ် အနောက်နိုင်ငံအများစုသည် အသိအမှတ်မပြုကြသည့်အပြင်၊ အာဆီယံကလည်း လုံးဝအသိအမှတ်ပြုခြင်း မရှိဟု နစ်ကီ အေးရှား တွင် MARWAAN MACAN-MARKAR ၏ "Myanmar's Min Aung Hlaing under the gun after China applies pressure" ခေါင်းစဉ် ဖြင့် ရေးသားထားသည်။
မင်းအောင်လှိုင် ဘီဂျင်းသို့ မထွက်ခွာမီ ရက်အနည်းငယ် အလိုကပင် အာရက္ခ တပ်တော် သည် ကျောက်ဖြူမြို့နှင့် ၃ မိုင်ခန့် အကွာအထိ ရှေ့တိုးချဉ်းကပ်လာခဲ့ပြီ ဖြစ်သည်။ တိုက်ပွဲများကြောင့် တရုတ်နိုင်ငံသည် စီမံကိန်းတည်နေရာရှိ အခြေခံအဆောက်အအုံများကိုပင် ရုပ်သိမ်းရန် ဖိအားပေးခံခဲ့ရပြီး ဖြစ်သည်။ သတင်းများအရ တရုတ်အစိုးရ သည် အာရက္ခ တပ်တော်ကို တုံ့ပြန်ရန်အတွက် ဒရုန်းမောင်းနှင်သူများကိုပင် စေလွှတ်ထားသည်ဟု ဆိုသော်လည်း၊ ၎င်းတို့၏ မဟာဗျူဟာမြောက် အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက် ကို ကာကွယ်ရန်အတွက် မင်းအောင်လှိုင်အား မြန်မာနိုင်ငံအလယ်ပိုင်းမှ ခြေလျင်တပ်များ၊ ဒရုန်းများနှင့် တိုက်လေယာဉ်များကို ပိုမိုရွှေ့ပြောင်းအသုံးပြုရန် လိုလားနေသည်ဟု Foundation for Defense of Democracies (FDD) ဝက်ဆိုဒ် တွင် ပါရှိလာခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ ရုရှားနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူးတာဝန်ယူထားသော်လည်း နိုင်ငံထိပ်သီးခေါင်းဆောင်များ တက်ရောက်ရသည့် ယခုရုရှား-အာဆီယံ အစည်းအဝေးကို အာဏာသိမ်းသမ္မတ မင်းအောင်လှိုင် တက်ရောက်ခွင့် မရဘဲ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဟောင်ခန့်ဆုမ်းသာ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!