လက်ရှိ ငြိမ်းချမ်းရေး သဘောတူညီချက်သည် ဆုလာဘ် မက်လုံး တွေချည်းသာ ပေးထားပြီး ပြစ်ဒဏ်ခတ်မှု လုံးဝမပါဝင်ဟု အီကောနော်မစ် မဂ္ဂဇင်း၏ အယ်ဒီတာ အဖွဲ့က ယခုလို သုံးသပ်ထားသည်။
အီရန်နိုင်ငံကို ဗုံးကြဲတိုက်ခိုက်ပြီး အနိုင်မယူနိုင်ခဲ့သည့် အခါတွင်တော့ သမ္မတ ဒေါ်နယ်ထရမ့် သည် ငွေကြေး မက်လုံးတွေပေးပြီး တခုခုကို အဖတ်ဆယ်နိုင်ပါဦးမလား။ စစ်ပွဲကို ဘယ်လိုအဆုံးသတ်မလဲဆိုသည် နှင့် ပတ်သက်ပြီး သီတင်းပတ်ပေါင်းများစွာ အခြေအတင် ဆွေးနွေးခဲ့ကြပြီးနောက်တွင်တော့ ၎င်း နှင့် အီရန်သမ္မတတို့ ရေတိုငြိမ်းချမ်းရေး နားလည်မှုစာချွန်လွှာတခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ထိုသဘောတူညီချက်တွင် အီရန်နိုင်ငံအနေနှင့် နျူကလီးယားလက်နက် ထုတ်လုပ်မည့် အစီအစဉ်မှန်သမျှကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ထရမ့် ယုံကြည်စိတ်ချရအောင် သက်သေပြနိုင်သရွေ့ အီရန်အတွက် အလွန်များပြားလှသော ငွေကြေးအမြောက်အမြား ပေးအပ်ဖို့ ကတိကဝတ်ပြုထားခြင်းသာ ဖြစ်သည်။ ယင်းသည် အလွန်ကြီးမားပြီး ဖြစ်နိုင်ခြေနည်းလှသည့် လောင်းကြေးထပ်မှုတခု ဖြစ်သလို၊ အရှေ့အလယ်ပိုင်းဒေသတွင်း နိုင်ငံများ အဖို့ လည်း အလေးအနက် တွေးတော ပြင်ဆင်ရဖို့ ဖြစ်လာစေခဲ့သည်။
ထို နားလည်မှုစာချွန်လွှာတွင် ထရမ့်သည် ၎င်း စစ်စတင် ဆင်နွှဲခဲ့ရသည့် ရည်မှန်းချက် အတော်များများကို စွန့်လွှတ် ပေးခဲ့ရသည်။ အီရန်အစိုးရကို ဖြုတ်ချဖို့ မပါဝင်တော့သလို၊ နှိပ်စက်ညှင်းပန်းခံနေရသည့် အီရန်ပြည်သူများ အတွက်လည်း အကူအညီအထောက်အပံ့ မဖြစ်စေခဲ့။ အီရန်၏ ဘာလစ်စတစ်ဒုံးကျည်များသို့မဟုတ် အီရန်၏ တဆင့်ခံ လက်နက်ကိုင်အဖွဲ့များကို ပံ့ပိုးကူညီနေမှုများ အပေါ် ကန့်သတ်ချက်များလည်း အရိပ်အမြွက်ပင် မပါဝင်ခဲ့ပေ။
ထို အစား သဘောတူညီချက်သည် အချက်နှစ်ချက်အပေါ်မှာသာ အဓိက အာရုံစိုက်ထားလာသည်။ ပထမတချက်က ဟော်မုဇ်ရေလက်ကြား ကို ပြန်လည်ဖွင့်လှစ်ဖို့ ဖြစ်ပြီး၊ ထိုအချက်သည် ထရမ့် မိုက်မဲလှစွာ ဆင် နွှဲခဲ့သည့် စစ်ပွဲကို အရှက်တကွဲ နောက်ဆုတ်ပေးခဲ့ရမှုများ အထင်အရှား ပေါ်လွင်သွား စေခဲ့သည်။ တိုက်ပွဲများ မဖြစ်ခင်က ရေယာဉ်များ လွတ်လပ်စွာ ဖြတ်သန်းခွင့်ရခဲ့ကြ သော်လည်း၊ လက်ရှိ သဘောတူညီချက်ထဲပါ ရက်ပေါင်း ၆၀ ကျော်လွန်သွားသည့် အခါတွင်တော့ ရေလက်ကြားကို ဖြတ်သန်းဖို့ အခကြေးငွေ ပေးဆောင်ရမည့် အခြေအနေမျိုး ဖြစ်လာနိုင်ပေသည်။
ဒုတိယအချက် အာရုံစိုက်ထားသည်က နျူကလီးယား အစီအစဉ် ဖြစ်သည်။ အီရန်အစိုးရသည် ထို့အတွက် ဘာကိုမှ စွန့်လွှတ်ပေးခဲ့ရခြင်း မျိုး မရှိ၊ နျူကလီးယားဗုံး မထုတ်လုပ်ပါဘူးဆိုသည့် ကတိကဝတ်သည် ပြောနေကျ စကားမျိုးသာ ဖြစ်သည်။ အီရန်သည် ၎င်းတို့ သန့်စင်ပြီး ယူရေနီယံ လက်ကျန်သိုလှောင်မှုများကို သိပ်သည်းဆ လျှော့ချ သွားမှာဖြစ်ပြီး ကျန်ရှိသည့် နျူကလီးယား အစီအစဉ်များကို ဆက်လက်ဆွေးနွေးသွားမည် ဖြစ်သည်။
ထိုကိစ္စရပ်များသည် ရှုပ်ထွေးလွန်းလှသလို၊ အီရန်သည် အချိန်ဆွဲသည့် နေရာတွင် ဆရာကျလှသည့် နိုင်ငံဖြစ်သည်။
ထို့နောက်တွင်တော့ အမေရိကန်ဘက်ကပေးလာမည့် ငွေကြေးမက်လုံးများ ရှိလာသည်။ အီရန်သည် ရေနံ နှင့် ရေနံထွက်ပစ္စည်းများကို ချက်ချင်း ပြန်လည်တင်ပို့ခွင့် ရရှိမည်ဖြစ်သည်။ ဆွေးနွေးပွဲများ၏ တိုးတက်မှုအပေါ် မူတည်ပြီး၊ အမေရိကန်သည် အီရန် အပ်နှံထားသည့် ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိသည့် ပိုင်ဆိုင်မှုများကို ပြန်ဖွင့်ပေးမှာဖြစ်သလို၊ စီးပွားရေးပိတ်ဆို့မှုများကို ရုပ်သိမ်းပေးပြီး ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် အနည်းဆုံး ဒေါ်လာ ဘီလီယံ ၃၀၀ ရှိမည့် ရန်ပုံငွေတရပ်ကို ထူထောင်ပေးပြီး ကူညီသွားမည် ဖြစ်သည်။
ထရမ့် သည် စစ်ပွဲကို စိတ်ကုန်နေပြီ ဖြစ်သည်။ အကယ်၍ အစီအစဉ်အတိုင်း သတ်မှတ်ရက် ၃၀ အတွင်း အမေရိကန်တပ်ဖွဲ့များသာ ဒေသတွင်းကနေ ထွက်ခွာသွားမည် ဆိုလျင်တော့ ၎င်းအနေနှင့် စစ်အင်အားသုံး အရေးယူနိုင်စွမ်းသည် အကန့်အသတ်နှင့်သာ ဖြစ်သွား ပေလိမ့်မည်။
အီရန်အစိုးရသည် နျူကလီးယားလက်နက်များကို စွန့်လွှတ်ပြီး ငွေသားအပါအဝင် ရင်းနှီးမြှုပ်နှံမှုများနှင့် လဲလှယ်နိုင်မည့် မကြုံစဖူး အခွင့်အရေးကောင်းကို ရရှိသွားပြီ ဖြစ်သည်။ ယခင် အမေရိကန်သမ္မတဟောင်းများ နှင့် မတူသည်က ထရမ့်သည် ဒီမိုကရေစီအရေးကို ဂရုစိုက်သူ မဟုတ်ခြင်းပင် ဖြစ်သည်။
အီရန်အနေနှင့် ဟော်မုဇ်ရေလက်ကြားကို လက်နက်သဖွယ် အသုံးချနိုင်ခဲ့ပြီဖြစ်သလို ယခုအချိန်တွင် နျူကလီးယားဗုံး၏ တန်ဖိုးသည် ရေလက်ကြားလောက် အရေးကြီးသည် ဟု ရှုမြင်ကြတော့မည် မဟုတ် ပေ။ ထို့ အပြင် အီရန်အစိုးရသည် ပြည်တွင်းမှာလည်း လူထုထောက်ခံမှု မရရှိဘဲ ရေပန်းစားခြင်းမရှိဖြစ် နေပြန်၍ ၎င်းတို့ အာဏာတည်မြဲရေးအတွက် ရလာမည့် ငွေများကို ကောင်းကောင်းကြီး အသုံးချနိုင်မည် ဖြစ်သည်။
ထရမ့်၏ လောင်းကြေးထပ်မှုသည် ရှုံးသွားလိမ့်မည်ဟု ယူဆစရာ အကြောင်းရင်းများစွာ ရှိနေသည်။ အီရန်၏ သဘောထားတင်းမာသည့် ခေါင်းဆောင်ပိုင်းအနေနှင့် အမေရိကန်ကို ယုံကြည်စရာ မရှိဟု ခံယူထားကြပြီး ဖြစ်သည်။ အစ္စရေးဖက်က ထို သဘောတူညီချက်ကို ဖျက်လိုဖျက်ဆီး လုပ်လိမ့်မည်ဟုသာ တွက်ဆထားကြသည်။
၎င်းတို့ အသည်းအသန် လိုချင်တပ်မက်နေသည့် ဒေသတွင်း သြဇာအာဏာ လွှမ်းမိုးနိုင် ရေး ဆိုသည်ကလည်း Great Satan ဆိုသော အမေရိကန်၏ ရန်လို နေမှု များ ကနေ ဆင်းသက်လာခြင်း ဖြစ်သည်။ နျူကလီးယား အစီအစဉ်သည် ၎င်းတို့အတွက် ဂုဏ်သိက္ခာကို ပေးစွမ်းနိုင်သလို၊ ကာကွယ်မှုကိုလည်း ပေးနိုင်ပြန်သည်။ နျူကလီးယား စစ်ဆေးရေးမှုး များ သည် လည်း အီရန်၏ လိမ်လည်လှည့်ဖြားမှုများကို တားဆီးနိုင်ဖို့ ခက်ခဲမည်သာ ဖြစ်သည်။
အီရန်ခေါင်းဆောင်များသည် အမေရိကန်ဆီက ငွေကြေးအကျိုးအမြတ်ကိုလည်း ယူ၊ တဖက်ကလည်း နျူကလီးယား အစီအစဉ်ကို ဆက်ကိုင်ထားပြီး နှစ်ဖက်စလုံးကနေ အမြတ်ထုတ်ချင်သည့် စိတ်မျိုး ဝင်လာကြမည်သာ ဖြစ်သည်။
အစ္စရေးသည် စစ်ပွဲဖြစ်ပွားဖို့ တိုက်တွန်းဆော်ဩခဲ့သူ ဖြစ်သော်လည်း ရလဒ်ကတော့ ခါးသီးဖွယ် စိတ်ပျက်စရာများပဲ ဖြစ်လာခဲ့သည်။ အစ္စရေးသည် အမေရိကန်နှင့် အတူ ပုခုံးချင်းယှဉ်ပြီး တိုက်ပွဲဝင်ခဲ့ခြင်း ဖြစ်သော်ငြားလည်း နောက်ဆုံးမှာတော့ ထရမ့်သည် ဆွေးနွေးညှိနှိုင်းမှုများမှ အစ္စရေးကို ဖယ်ထုတ်ခဲ့သလို၊ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာ အဖွဲ့အပေါ် အစ္စရေး၏ စစ်ဆင်ရေး များကိုလည်း ထိခိုက် အောင် လုပ်ခဲ့သည်။
ထိုလုပ်ရပ်သည် လာမည့် အောက်တိုဘာလ ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ပြန်လည်ရွေးကောက်ခံရမည့် အခွင့်အရေးကို ဆုံးရှုံးသွားစေနိုင်သည်။ အီရန်သည် ခြိမ်းခြောက်မှုတခုအဖြစ် ဆက်ရှိနေဆဲဖြစ်၍ ထို စစ်ပွဲသည် ဗျူဟာမြောက် ကျရှုံးမှုတစ်ခု ဖြစ်လာခဲ့သည်။
နေတန်ယာဟုသည် အမေရိကန်ဖက်က ၎င်းတို့အတွက် မည်မျှ အတိုင်းအတာအထိ ရှေ့ဆက်တိုးပေးဖို့ အဆင်သင့်ရှိ သည်ကို စမ်းသပ်ခဲ့တာဖြစ်ပြီး၊ အမေရိကန်၏ ရပ်တည်ချက်သည် အစ္စရေးဘက်က အပြတ်အသတ် အနိုင်ရရှိဖို့အတွက် လုံလောက်သည့်အဆင့်အထိ ရှိမနေခဲ့ဟု တွေ့လာရသည်။ ထို့ အတွက်ကြောင့် ၎င်းကို ဆက်ခံမည့်သူ မည်သူမဆို လုံခြုံရေးဆိုင်ရာ မူဝါဒ အသစ်တခုကို မဖြစ်မနေ ချမှတ်ရတော့မည် ဖြစ်သည်။
ပင်လယ်ကွေ့ အာရပ်နိုင်ငံများသည်လည်း ပဋိပက္ခများ နှင့် ပြည့်နှက်နေသည့် ၎င်းတို့ ဒေသထဲတွင်စီးပွားရေးအရ ထွန်းကားအောင်မြင်ပြီး ဘေးကင်းလုံခြုံသည့် နားခိုရာနေရာများ ဖြစ်သည်ဆိုသော ၎င်းတို့၏ ဂုဏ်သတင်းကို ပြန် အဖတ်ဆယ်ဖို့ လိုအပ်နေသည်။ ဒေသတွင်း ငြိမ်းချမ်းတော့မည် ဆိုသော စိတ်ကူးယဉ် မျှော်လင့်ချက်အချို့အတွက် ပြင်ဆင်ထားကြရမှာ ဖြစ် သော်လည်း၊ လက်တွေ့အရှိတရားသည်က အီရန်၏ ဒရုန်းများ၊ ဒုံးကျည်များသည် ဆက်ပြီး ခြိမ်းခြောက် နေဦးမည်သာ ဖြစ်သည်။
ဟော်မုဇ်ရေလက်ကြားကို ရှောင်ကွင်းပြီး သွယ်တန်းထားသည့် ရေနံပိုက်လိုင်းများက အထောက်အကူ ဖြစ်စေလိမ့်မည်။ သို့သော်လည်း ပင်လယ်ကွေ့နိုင်ငံများအနေနှင့် ၎င်းတို့၏ လုံခြုံရေးစနစ်တခုလုံးကို အကြီးအကျယ် ပြင်ဆင်မွမ်းမံဖို့လည်း လိုအပ်လာသည်။
အနာဂတ်တွင် အမေရိကန်သည် ၎င်းတို့အတွက် မည်မျှ အတိုင်းအတာ အထိ လိုလိုလားလား တိုက်ပေးမလဲဆိုသည်က မည်သူမှ ရေရေရာရာ မပြောနိုင် ဖြစ်လာသည်။ အချို့နိုင်ငံများက အီရန်ကို တုံ့ပြန်ဟန့်တားနိုင်မည့် နည်းလမ်းများကို ရှာလာကြ ပေလိမ့်မည် —ဥပမာအားဖြင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သည် အစ္စရေး နှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးမျိုး တည်ဆောက်ဖို့ ကြိုးပမ်းလာနိုင်သည်။ အခြားနိုင်ငံများကလည်း အီရန်နှင့် အဆင်ပြေအောင် ညှိနှိုင်းနေထိုင်သွားမည့် လမ်းစဉ်ကို ရွေးချယ်နိုင်ပြီး၊ ကျန်တဲ့နိုင်ငံများကတော့ ဒီလမ်းစဉ်နှစ်ခုကြားမှာပဲ ဟန်ချက်ညီအောင် ထိန်းကျောင်း မောင်းနှင်သွားကြ ပေလိမ့်မည်။
ထရန့်အနေဖြင့် စစ်ပွဲကို မည်သို့မျှ မစတင်ခဲ့သင့်။ ယခုတကြိမ်မှာလည်း ထရမ့်သည် 'လူတွေဟာ ငွေရမယ်ဆိုရင် ဘာမဆိုလုပ်ကြလိမ့်မယ်' ဆိုသည့် အတွေးအခေါ် အပေါ်မှာပဲ အခြေခံပြီး စစ်ပွဲထဲကနေ ရုန်းထွက်ဖို့ နည်းလမ်းရှာနေခြင်း ဖြစ်သည်။
သို့ပေသိ သံတမန်ရေး၏ ပထမဆုံး အခြေခံစည်းမျဉ်းသည်က 'မိမိရဲ့ ရန်သူ သို့မဟုတ် တဖက်လူသည်လည်း မိမိလိုပဲ တွေးတောလိမ့်မယ်' လို့ စိတ်ကူးမယဉ်သင့် ဆိုသည်ပင် ဖြစ်သည်။
The Atlantic မဂ္ဂဇင်းက ရေးသားရာတွင် ယမန်နေ့က ဒေါ်နယ်ထရမ့်မှ အီရန်စစ်ပွဲကို အဆုံးသတ်ဖို့ သဘောတူညီချက်ကို ပြည်သူတွေလက်ခံအောင် စည်းရုံးဖို့ ဂျေဒီဗန့်စ်ကို ရှေ့တန်းတင် အသုံးချခဲ့ခြင်းသည် ၎င်း၏ လိမ္မာပါးနပ်သည့် အကွက်တစ်ခုဖြစ်ကြောင်း ဝန်ခံခဲ့သည်။ ငြိမ်းချမ်းရေး သဘောတူညီချက်နှင့် ပတ်သက်ပြီး ထရမ့်က 'တကယ်လို့ ဒီအစီအစဉ်သာ အောင်မြင်သွားရင်တော့ ခရက်ဒစ် အားလုံးကို ကျုပ် ပဲယူမှာပေါ့။ ဒါပေမဲ့ မအောင်မြင်ဘူးဆိုရင်တော့ ဂျေဒီ ကြောင့်လို့ပဲ လွှဲချလိုက်မှာ' လို့ ပြောကြားခဲ့သည်။
ထရမ့်သည် ထိုသို့ ပြောနေချိန်တွင် ပြုံးစိစိလုပ်နေခဲ့ သော်လည်း ယင်းသည် ပြက်လုံးထုတ်ခဲ့ခြင်းတော့ မဟုတ်။ ရီပတ်ဘလီကန်ပါတီ ဖက်က ထွက်ပေါ်လာသည့် အသံများကို နားစွင့်ကြည့်မည်ဆိုက —အောင်ပွဲရလျှင် သမ္မတကြီးကပဲ အောင်မြင်မှု ယူစေ၊ သိသိသာသာ ကျဆုံး သွား ရင်တော့ ဒုတိယသမ္မတကိုပဲ တာဝန်ခံခိုင်းမည့် အကွက်သည် ရီပတ်ဘလီကန်ပါတီ (GOP) ၏ မဟာဗျူဟာ ဖြစ်နေသည်ကို သိသာထင်ရှားစွာ အကဲဖြတ်နိုင်သည်ဟု ဆိုသည်။
အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင်ဖြစ်သူ မိုဂျတာဘာ ခါမေနီ က မစ္စတာထရမ့်သည် 'မျှော်လင့်ချက် ကုန်ဆုံးလာနေတဲ့ အကျပ်အတည်း ကြောင့်' သဘောတူညီချက်ကို လက်ခံခဲ့တာဖြစ်ကြောင်း ၎င်း၏ ကြေညာချက်တွင် ရေးသားဖော်ပြလာခဲ့ပြီ ဖြစ်သည်။
Ambition: it is the last infirmity of noble minds.
J.M. Barrie
"ရည်မှန်းချက်ကြီးမားခြင်း ဆိုတာ မွန်မြတ်တဲ့ စိတ်ထားရှိသူတွေရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ ချို့ယွင်းချက် ပဲ ဖြစ်ပါတယ်။"